အီရန်က အမေရိကန်၏ ဗုံးကြဲမည့် ခြိမ်းခြောက်မှုကို ရုရှားက ပယ်ချသည့်အပေါ် အတူပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြုခဲ့
အီရန်လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မတီဝင် ဝါရင့်အမတ် Abolfazl Zohrevand က အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်၏ ခြိမ်းခြောက်မှု များကို ရုရှားက ရှုတ်ချသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ RT နှင့်သီးသန့်အင်တာဗျူးတစ်ခုတွင် ၎င်းက ဝါရှင်တန်သည် တီဟီရန်ကို “မုသားကျော့ကွင်း” ဆီသို့ ဆွဲဆောင်ရန် ကြိုးစားနေကြောင်း ဆိုသည်။
နှစ်နိုင်ငံသည် ဧပြီလတွင် အိုမန်နိုင်ငံ၌ ညှိနှိုင်းဆွေးနွေးမှုများ စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် “သဘောတူညီချက် မပြုလုပ်ပါက ဗုံးကြဲတိုက်ခိုက်မည်” ဟု သတိပေးခဲ့သည်။
သောကြာနေ့ (ဇွန် ၆) က RT နှင့်ပြုလုပ်သော အင်တာဗျူးတွင် အီရန် လွှတ်တော်ကိုယ်စားလှယ် Zohrevand က ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ၏ မော်စကို၏ ကန့်ကွက် ရှုတ်ချချက်ကို ရှင်းလင်းစွာဖော်ပြခဲ့မှုကို ချီးကျူးဂုဏ်ပြုခဲ့သည်။
ထို့အပြင် ၎င်းက အီရန်သည် အမေရိကန်အကွက်ချဖန်တီးထားသော “ထောင်ချောက်” အတွင်းသို့ မကျရောက်စေရန် သတိထားရမည်ဟု သတိပေးခဲ့သည်။
“အမေရိကန်တို့ ဖန်တီးနေသော အခြေအနေသည် ယုံကြည် စိတ်ချ ရသည်ဟု မမှတ်ယူနိုင်ပါ” ဟု Zohrevand က ပြောကြားခဲ့ပြီး ဤသည်မှာ ၎င်း၏ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်း အားလုံးသိရှိစေရန် ထပ်လောင်းဖော်ပြခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Zakharova က အီရန်၏နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားသည့် ခြိမ်းခြောက်မှု များကို တာဝန်မဲ့သော အပြုအမူဟု ရှုတ်ချခဲ့ပြီး ထိုသို့တိုက်ခိုက်ပါက ကမ္ဘာတစ်ဝှမ်းအတွက် ကပ်ဘေးဆိုက်ရောက်နိုင်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းမှာ သံတမန်ရေးနည်းလမ်းသာဖြစ်သည် ဆိုသည် ကို လူတိုင်းသိသင့်ပါသည်” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းဆက် ဆွေးနွေးပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် “သမ္မတပူတင်က အီရန်နှင့်ဆွေးနွေးမှုများတွင် ပါဝင်မည် ဖြစ်ပြီး အဆိုပါကိစ္စကို အမြန်ပြီးဆုံးစေရန် အထောက်အကူ ဖြစ်နိုင် ကြောင်း အကြံပြုခဲ့သည်” ဟု ရေးသားခဲ့သည်။
ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က “သမ္မတပူတင်က မိမိတို့သည် တီဟီရန်နှင့်ရင်းနှီးသောဆက်ဆံရေးကို အသုံးချ၍ လက်ရှိ ဆွေးနွေးနေမှုများတွင် အပြုသဘောဆောင်သော အထောက်အကူဖြစ်စေရန် အဆင်သင့်ဖြစ်နေကြောင်း” ပြောကြားခဲ့သည်ဟု ကြာသပတေး နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အတည်ပြုခဲ့သည်။
တနင်္လာနေ့ (ဇွန် ၂) တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၎င်းတို့နိုင်ငံသည် “မိမိတို့၏နျူကလီးယားအစီအစဉ်၏ ငြိမ်းချမ်းရေး ဆန်သော သဘောသဘာဝနှင့်ပတ်သက်၍ ဘက်ပေါင်းစုံသို့ အာမခံချက် ပေးရန် အဆင်သင့်ဖြစ်နေပြီ” ဟု ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လက ဝါရှင်တန်၏ တီဟီရန်အား ယူရေနီယမ် ထပ်တိုး သန့်စင်မှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုမှုကို တုံ့ပြန်ရာတွင် အဆိုပါ သံတမန်က “ဆွေးနွေးညှိနှိုင်းမှု အခြေအနေမှ လုံးဝမကိုက်ညီသော” တောင်းဆိုမှုဟု ပယ်ချခဲ့သည်။
အီရန်သည် လက်ရှိတွင် ယူရေနီယမ်ကို ၆၀% အထိ ထပ်တိုးသန့်စင် လျက်ရှိပြီး ၂၀၁၅ ခုနှစ်က ပျက်ပြယ်သွားသည့် နျူကလီးယား သဘောတူညီချက်အရ သတ်မှတ်ထားသော ၃.၆၇% အကန့်အသတ်ထက် သိသိ သာသာ ကျော်လွန်နေသည်။
Joint Comprehensive Plan of Action (JCPOA) သည် အမေရိကန် သမ္မတ ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်က ၎င်းသဘော တူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အာမခံချက်မရှိဟု ဆိုကာ ပယ်ဖျက်ခဲ့ပြီးနောက် ပျက်ပြယ်သွားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂