အီရန်အပေါ် အစ္စရေး၏ ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်ရမည်ဟု နိုင်ငံ ၂၁ နိုင်ငံ ပူးတွဲထုတ်ပြန်

News Image

  • အီရန်အပေါ် အစ္စရေး၏ ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်ရမည်ဟု နိုင်ငံ ၂၁ နိုင်ငံ ပူးတွဲထုတ်ပြန်

ကာတာ၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ပါကစ္စတန် စသည့် အာရပ်နှင့် အစ္စလာမ်နိုင်ငံ ၂၁ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနများက ဇွန် ၁၆ ရက် ညပိုင်းတွင် ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ကာ အီရန်အပေါ် အစ္စရေး၏ ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်ရမည်ဟု အလေးအနက်ဖော်ပြခဲ့ကြောင်း ကာတာသတင်းဌာနက ဇွန် ၁၇ ရက် နံနက်အစောပိုင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ဇွန် ၁၃ ရက် နံနက်အစောပိုင်းမှစ၍ အီရန် အား အစ္စရေး တိုက်ခိုက်ခဲ့ခြင်းကို ရှုတ်ချခဲ့ရာ အမျိုးသား အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု၊ အိမ်နီးချင်း ချစ်ကြည် ရင်းနှီးမှု အခြေခံမူကို လေးစားရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး လက်ရှိတင်းမာမှု အခြေအနေ ဖြေလျှော့ရန်၊ အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခ ဘက်စုံ ပြေလျော့ရေး အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။ လက်ရှိ အခြေအနေသည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအပေါ် ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံ အသီးသီး ၏ နိုင်ငံခြားရေးဝန်ကြီးများက ယူဆကြသည်ဟု အဆိုပါ ပူးတွဲ ထုတ်ပြန်ချက် တွင် ပြောကြားထားသည်။ 

သက်ဆိုင်ရာ နိုင်ငံတကာဆုံးဖြတ်ချက်များအရ အရှေ့အလယ်ပိုင်း ဒေသ တွင် နျူကလီးယားလက်နက်နှင့် အခြားသော ကျယ်ကျယ်ပြန့်ပြန့် သေဆုံး၊ ဒဏ်ရာရစေနိုင်သော လက်နက်များ ကင်းစင်ရေး ရည်မှန်းချက်ကို တွန်းအားပေး အကောင်အထည်ဖော်သင့်ကြောင်း၊ ဒေသတွင်းရှိ နိုင်ငံ အားလုံးအား “နျူကလီးယားလက်နက်များ မပြန့်ပွားရေး သဘောတူညီချက်” တွင် အမြန်ဆုံး ပါဝင်ရန် တိုက်တွန်းကြောင်း ယင်းတွင် ပြောကြား ထားသည်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အာမခံချက် ယန္တရားအောက်တွင် ကြီးကြပ်ထားသည့် နျူကလီးယား အဆောက်အဦ များအား တိုက်ခိုက်ခြင်း မပြုရန်၊ စေ့စပ်ညှိနှိုင်းမှုလမ်းကြောင်းသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ကြောင်း၊ ယင်းမှာ အီရန်နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ စဉ်ဆက်မပြတ် သဘောတူညီမှုရရှိရန် တစ်ခု တည်းသော လမ်းကြောင်းဖြစ်ကြောင်း အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် အလေးထား ပြောကြားခဲ့သည်။

လက်ရှိအကျပ်အတည်းသည် စစ်ရေးနည်းလမ်းများဖြင့် ဖြေရှင်း၍ မရကြောင်း၊ ဒေသတွင်း အကျပ်အတည်းအား ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ သံတမန်ရေး၊ ဆွေးနွေးမှုနှင့် အိမ်နီးချင်း ချစ်ကြည် ရင်းနှီးမှု အခြေခံမူအား လိုက်နာခြင်း၊ နိုင်ငံတကာ ဥပဒေနှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” တို့ကို အရင်းခံ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံ အသီးသီး၏ နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက်၍ ထပ်လောင်း ပြောကြားခဲ့သည်။

ဇွန် ၁၃ ရက် နံနက်အစောပိုင်းမှစ၍ အစ္စရေးသည် အီရန်နိုင်ငံ နေရာ အများအပြားကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ပြီး အီရန် နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ်များကို ဗုံးကြဲခဲ့ခြင်းကြောင့် လူအများအပြား သေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။ ယင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များစွာကို ဒုံးကျည်၊ ဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက် ခဲ့သည်။ 

ကိုးကား-Xinhua Myanmar