ထရမ့်က ဇီလန်စကီးနှင့် တွေ့ဆုံမည့်အစီအစဉ်ကို ရှောင်ရှား

News Image

  • ထရမ့်က ဇီလန်စကီးနှင့် တွေ့ဆုံမည့်အစီအစဉ်ကို ရှောင်ရှား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် G7 ထိပ်သီးအစည်းအဝေးမှ စောစီးစွာထွက်ခွာခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေး အရှိန်အဟုန် မြင့်တက်လာမှုကြောင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က တနင်္လာနေ့ (ဇွန် ၁၆) တွင် ထရမ့်သည် “အရေးကြီးသော အကြောင်းအရာများကို ကိုင်တွယ်ရန်” Alberta ပြည်နယ်၊ Kananaskis ရှိ G7 အစည်းအဝေးမှ ထွက်ခွာ ခဲ့ကြောင်း ပြောကြားခဲ့သည်။ သူမက X ၌ ရေးသားရာတွင် ထရမ့်သည် “G7 တွင် ကောင်းမွန်သောနေ့ရက်ကို ကုန်ဆုံးခဲ့သော်လည်း အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပျက်နေသည့်အရာများကြောင့် နိုင်ငံခေါင်းဆောင်များနှင့် ညစာစားပြီးနောက် ညနေပိုင်းတွင် ထွက်ခွာခဲ့သည်” ဟု ဖော်ပြခဲ့သည်။

ဇီလန်စကီးသည် G7 ထိပ်သီးအစည်းအဝေး၏ အပြင်ဘက် အစီအစဉ် အဖြစ် ထရမ့်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိခဲ့ပြီး ၎င်းသည် ရုရှားအပေါ် ပိုမိုတင်းကျပ်သော ဒဏ်ခတ်မှုများ ချမှတ်ရန်နှင့် ယူကရိန်းသို့ လက်နက် များ ပိုမိုပေးပို့ရန် အမေရိကန်ကို တိုက်တွန်းရန် အခွင့်အရေး တစ်ခု အဖြစ် အသုံးချရန်ကြိးပမ်းမှုအဖြစ် အများကရှုမြင်ခဲ့ကြသည်။

သို့သော် ထရမ့်သည် မော်စကိုအပေါ် ဖိအားများ တိုးမြှင့်ရန် မလိုလားဘဲ မီဒီယာများ၏ ဖော်ပြချက်အရ ၎င်းသည် ယူကရိန်းနှင့် ရုရှားနှစ်ဘက် စလုံးအပေါ် စိတ်ပျက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ လုံးဝထွက်ခွာရန် စဉ်းစားနေသည်ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂