ရုရှားလူမျိုးများ၏ အမေရိကန်နိုင်ငံအပေါ် ရှုမြင်မှုပိုမိုကောင်းမွန်လာ
လူထုထင်မြင်ခံစားမှုဆိုင်ရာ သုံးသပ်ရေးအစီအစဉ်မှ ပြုလုပ်ခဲ့သော လေ့လာချက်အသစ်အရ ရုရှားနိုင်ငံသားများ၏ အမေရိကန်အပေါ် အမြင်များသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း တိုးတက်ကောင်းမွန်လာ ခဲ့သော်လည်း ယေဘုယျအားဖြင့် ဆန့်ကျင်ဘက် ခံယူချက်များက လွှမ်းမိုး နေဆဲဖြစ်သည်။
အဆိုပါလေ့လာချက်တွင် ဇွန်လအစောပိုင်းက တစ်နိုင်ငံလုံးမှ လူပေါင်း ၁,၅၀၀ ကို စစ်တမ်းကောက်ယူခဲ့ပြီး အင်္ဂါနေ့ (ဇွန် ၂၄) တွင် ထုတ်ပြန် ခဲ့သော ရလဒ်များအရ ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အများပြည်သူတို့၏ ခံယူချက်များ သိသာစွာ ပြောင်းလဲလာသည်ကို တွေ့ရသည်။
စစ်တမ်းအရ အမေရိကန်နိုင်ငံအပေါ် အပြုသဘောဆောင်သော ခံယူချက် ရှိသည်ဟု ဖြေကြားသူ ၁၈% ရှိပြီး လွန်ခဲ့သော ၁၀ နှစ်က ၁၀% သာ ရှိခဲ့သည်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါးမျှ တိုးတက်လာခြင်းဖြစ်သည်။ အမေရိကန်အပေါ် အပျက်သဘောဆောင်သော အမြင်ရှိသူများ၏ အချိုး မှာ ထိုကာလအတွင်း ၃၈% မှ ၃၁% သို့ ကျဆင်းသွားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် ပတ်သက်၍ လုံးဝဂရုမစိုက်ဟု ဖြေကြားသူများ၏ အရေအတွက်လည်း ၄၆% မှ ၄၀% သို့ ကျဆင်းသွားခဲ့ပြီး ၁၁% မှာမူ ၎င်းတို့၏ ခံစားချက်ကို အတိအကျ မပြောနိုင်ကြောင်း ဖြေကြားခဲ့သည်။
လေ့လာချက်အရ ခံယူချက်များ ပြောင်းလဲလာသော်လည်း ရုရှား-အမေရိကန် ဆက်ဆံရေး၏ အနာဂတ်နှင့်ပတ်သက်၍ မျှော်လင့်ချက် များမှာ ရောထွေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ဖြေကြားသူများ၏ လေးပုံတစ်ပုံနီးပါး (၃၁%) က ဆက်ဆံရေး တိုးတက် ကောင်းမွန်လာနိုင်သည့် အကြောင်းရင်းများ ရှိသည်ဟု ယူဆကြပြီး ၇% ကမူ ဆက်ဆံရေး ပိုမိုဆိုးရွားလာမည်ဟု ယုံကြည်ကြသည်။ ဖြေကြားသူ ၏ သုံးပုံတစ်ပုံကျော် (၃၉%) က ဘာမျှမပြောင်းလဲဘဲ ရှိနေဦးမည်ဟု မျှော်လင့်ထားကြပြီး ၂၃% ကမူ အတိအကျ မပြောနိုင်ကြောင်း ဖြေကြား ခဲ့သည်။
ထို့အပြင် စစ်တမ်းဖြေကြားသူများ၏ ၄၈% က နောက်ဆုံးတွင် မော်စကိုနှင့် ဝါရှင်တန်တို့သည် မိတ်ဖက်ဆန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ ထိုသို့ ဖြစ်လာရန် လိုအပ်သည့် အခြေအနေများအဖြစ် ယူကရိန်းပဋိပက္ခ ရပ်စဲရေး၊ ညှိနှိုင်းဆွေးနွေးမှုများ၊ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးတို့ကို အဓိကထား ဖော်ပြခဲ့ကြသည်။
ပြည်ပရေးရာမူဝါဒဆိုင်ရာ မေးခွန်းတွင် အများစု (၆၁%) က ရုရှားသည် အမေရိကန်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ဦးတည်သင့်ကြောင်း ဖြေကြားခဲ့သည်။ သို့သော် လေးပုံတစ်ပုံနီးပါး (၃၁%) က “တန်ဖိုးထား မှုနှင့် အတွေးအခေါ်ဆိုင်ရာ” နက်ရှိုင်းသော ကွာခြားချက်များကြောင့် ထိုသို့သော ချိတ်ဆက်မှုသည် မဖြစ်နိုင်ဟု ထောက်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်ပတ်သက်၍ ၃၆% က အပြုသဘောဆောင်သော အမြင်ရှိကြောင်း၊ ၂၆% က အပျက်သဘောဆောင်သော အမြင်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ၄၇% က ထရမ့်၏ ဆုံးဖြတ်ချက်များသည် စိတ်ခံစားမှုအပေါ် အခြေခံသည်ဟု ယူဆကြပြီး ၂၈% ကမူ ၎င်း၏ဆုံးဖြတ်ချက်များ ယုတ္တိရှိသည်ဟု ဖြေကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂