မက္ကဆီကိုသို့ ကားအသစ်များ သယ်ဆောင်လာသည့် ကုန်တင် သင်္ဘော တစ်စီး မီးလောင်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မြောက်ပစိဖိတ် သမုဒ္ဒရာတွင် နစ်မြုပ်သွား

News Image

  • မက္ကဆီကိုသို့ ကားအသစ်များ သယ်ဆောင်လာသည့် ကုန်တင် သင်္ဘော တစ်စီး မီးလောင်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မြောက်ပစိဖိတ် သမုဒ္ဒရာတွင် နစ်မြုပ်သွား

မက္ကဆီကိုသို့ ကားအသစ်များ ပို့ဆောင်နေသော ကုန်တင်သင်္ဘော တစ်စီးသည် သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး မီးငြှိမ်းသတ်၍မ ရသည့်အတွက် သင်္ဘောသားများ သင်္ဘောစွန့်ခွာထွက်ပြေးခဲ့ရကာ ရက် သတ္တပတ်အတန်ကြာပြီးနောက် မြောက်ပစိဖိတ်သမုဒ္ဒရာတွင် နစ်မြုပ် သွားခဲ့သည်။

အဆိုပါ "Morning Midas" သင်္ဘောသည် အလာစကာပြည်နယ်ရှိ အလူရှီယန်ကျွန်းစုများအနီး အပြည်ပြည်ဆိုင်ရာရေပိုင်နက်အတွင်းတနင်္လာနေ့ (ဇွန် ၂၃) က နစ်မြုပ်သွားခဲ့ကြောင်း လန်ဒန်အခြေစိုက် Zodiac Maritime သင်္ဘောစီမံခန့်ခွဲမှုကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၏ အလာစကာအခြေစိုက် ပြောရေး ဆိုခွင့်ရှိသူ Petty Officer Cameron Snell က “လက်ရှိအချိန်တွင် မည်သည့်ပင်လယ်ပြင်ညစ်ညမ်းမှုမျှ မတွေ့ရသေးပါ” ဟုပြောကြားခဲ့ပြီး “ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် ကယ်ဆယ်ရေးသင်္ဘောများလည်း နေရာတွင် အဆင်သင့်ရှိနေပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်အရ မီးလောင်ပျက်စီးမှုနှင့်အတူ ဆိုးရွားသော ရာသီဥတု နှင့် ရေစိမ့်ဝင်မှုတို့ကြောင့် ကုန်တင်သင်္ဘောသည် ကုန်းမြေမှ မိုင် ၄၁၅ (ကီလိုမီတာ ၇၇၀) အကွာ၊ ပေ ၁၆,၄၀၄ (မီတာ ၅,၀၀၀) အနက်ရှိ ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်တွင် မက္ကဆီကိုရှိ ပစိဖိတ်သမုဒ္ဒရာဆိပ်ကမ်းကြီးတစ်ခုသို့ ပို့ဆောင်ရန်ရှိသည့် ကားအသစ် ၃,၀၀၀ ခန့် တင်ဆောင်ထားခဲ့သည်။ သင်္ဘောမနစ်မြုပ်မီ ကားများအား ဖယ်ရှားနိုင်ခဲ့ခြင်း ရှိ/မရှိကို ချက်ချင်း မသိရှိရသေးဘဲ Zodiac Maritime ကုမ္ပဏီကလည်း မေးမြန်းမှုများကို ချက်ချင်းဖြေကြားခြင်း မရှိခဲ့ပေ။

မီးလောင်မှုဖြစ်ပွားပြီး သင်္ဘော ရွေ့လျားမရဖြစ်သွားသည့်နောက် ရက် အနည်းငယ်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာခဲ့သည်။

ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ ညစ်ညမ်းမှုထိန်းချုပ်ရေး စက်ကိရိယာများ တပ်ဆင်ထားသော ကယ်ဆယ်ရေးသင်္ဘောနှစ်စီးသည် နစ်မြုပ်ရာနေရာ တွင် ညစ်ညမ်းမှုနှင့် အမှိုက်သရိုက်လက္ခဏာများအား စောင့်ကြည့်မည် ဖြစ်သည်။ "Morning Midas" နစ်မြုပ်စဉ်က သင်္ဘောသားများ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

Zodiac Maritime ကုမ္ပဏီသည် အခြားညစ်ညမ်းမှု တုံ့ပြန်ရေး အထူး သင်္ဘောတစ်စီးကိုလည်း စိုးရိမ်ဖွယ်ရာ အခြေအနေများအတွက် နစ်မြုပ်ရာ နေရာသို့ စေလွှတ်မည်ဖြစ်သည်။

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့အဆိုအရ Adak ကျွန်း၏ အနောက် တောင်ဘက် မိုင် ၃၀၀ (ကီလိုမီတာ ၄၉၀) ခန့်အကွာတွင် ဇွန် ၃ ရက်က "Morning Midas" သင်္ဘောပေါ်မီးလောင်မှုအချက်ပြမှုကို လက်ခံ ရရှိ ခဲ့သည်။ သင်္ဘောပေါ်ရှိ လူအားလုံး (၂၂ ဦး) သည် ကယ်ဆယ်ရေးလှေဖြင့် ဘေးကင်းစွာထွက်ပြေးနိုင်ခဲ့ပြီး အနီးရှိကုန်သင်္ဘောတစ်စီးက ကယ်တင် ခဲ့သည်။

နစ်မြုပ်သွားသောကားများတွင် လျှပ်စစ်ကား ၇၀ စီးနှင့် ဟိုက်ဘရစ်ကား ၆၈၀ စီးပါဝင်ပြီး၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် Zodiac Maritime တို့က မီးလောင်မှုစတင်ချိန်တွင် လျှပ်စစ်ကားများတင်ထားသောနေရာမှ မီးခိုးများ ထပ်စွာထွက်ပေါ်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

အလျား ၆၀၀ ပေ (၁၈၃ မီတာ) ရှိ " Morning Midas" သင်္ဘောကို ၂၀၀၆ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး လိုက်ဘေးရီးယားအလံ လွှင့်ထူထားခဲ့သည်။ marinetraffic.com ဝက်ဘ်ဆိုဒ်အရ ကားများသယ်ယူသည့် အဆိုပါသင်္ဘောသည် မေလ ၂၆ ရက်က တရုတ်နိုင်ငံ Yantai ဆိပ်ကမ်းမှ မက္ကဆီကို သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂