အမေရိကန်က ဥရောပရှိ EU နိုင်ငံတစ်ခုတွင် နျူကလီးယား ဓာတ်ပေါင်းဖို စက်ရုံ တည်ဆောက်မှုကို ပိတ်ပင်ထားသည့် ရုရှားအပေါ် ဒဏ်ခတ်မှုများကို ရုတ်သိမ်း
အမေရိကန်သည် ဟန်ဂေရီနိုင်ငံရှိ Paks-2 နျူကလီးယား စွမ်းအင် စက်ရုံနှင့် သက်ဆိုင်သော ရုရှား၏ Gazprombank မှတစ်ဆင့်ငွေကြေးလွှဲပြောင်းမှုများကို တားမြစ်ထားသည့် ဒဏ်ခတ်မှုများကိုရုပ်သိမ်းလိုက်ပါသည်။ အမေရိကန်၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံး (OFAC) မှ သောကြာနေ့ (ဇွန် ၂၇) က ထုတ်ပြန်ခဲ့သော အထွေထွေ ခွင့်ပြုချက်တွင် Gazprombank နှင့် အခြားရုရှားဘဏ်များအား "အရပ်ဘက်နျူကလီးယားစွမ်းအင်နှင့်သက်ဆိုင်သော" ငွေလွှဲပြောင်းမှု များ ပြုလုပ်ခွင့်ကို ခွင့်ပြုထားသည်။
Paks-2 စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် စတင်ခဲ့ပြီး ရုရှား၏ Rosatom မှ တည်ဆောက်မည့် ရီအက်တာနှစ်ခု ပါဝင်ကာ ခန့်မှန်းကုန်ကျစရိတ် ၁၂.၅ ဘီလီယံယူရိုအနက် အဓိက ကျသော ၁၀ ဘီလီယံယူရို ($၁၁.၇ ဘီလီယံ) အား ရုရှားမှ ချေးငွေဖြင့် ထောက်ပံ့မည်ဖြစ်သည်။ ဟန်ဂေရီနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပါသည့် အဆိုပါစီမံကိန်းကို နိုင်ငံ၏ တစ်ခုတည်းသော နျူကလီးယား စက်ရုံဖြစ်ပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အား၏ တစ်ဝက်ခန့်ကို ထုတ်လုပ် ပေးနေသည့် လက်ရှိ Paks နျူကလီးယားစက်ရုံ အနီးတွင် ယခုနှစ် အတွင်း စတင်ရန် စီစဉ်ထားသော်လည်း စီမံကိန်းအား ငွေကြေး ထောက်ပံ့သည့် Gazprombank ပေါ်သို့ အမေရိကန်၏ ဒဏ်ခတ်မှု များကြောင့် ဆောက်လုပ်ရေး ရပ်ဆိုင်းခဲ့ရပြီး ဘူဒါပက်စ်မှ ဝါရှင်တန်သို့ အကြိမ်ကြိမ် ခွင့်ပြုချက်တောင်းခံခဲ့သည်။
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် အမေရိကန်က ယခုအခါ အဆိုပါ ကန့်သတ်မှုများကို ရုတ်သိမ်း လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
“အမေရိကန်သည် နိုင်ငံရေးအရ ဆုံးဖြတ်ချက်များစွာကို ချမှတ်ခဲ့ပြီး၎င်းတို့က မိမိတို့နိုင်ငံကို အလွန်အခက်အခဲဖြစ်စေခဲ့သည်” ဟု နိုင်ငံခြားရေး ဝန်ကြီး Peter Szijjarto က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “ထိုဆုံးဖြတ်ချက်များထဲမှ တစ်ခုမှာ Paks-2 နျူကလီးယား စွမ်းအင် စက်ရုံ တည်ဆောက်ရေးကို ကန့်သတ်ချက်များချမှတ်ကာ ဟန်ဂေရီ၏ စွမ်းအင်ထောက်ပံ့မှုကို အားနည်းစေရန် ရည်ရွယ်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသလောက် ဖြစ်စေ ခဲ့သည်” ဟု ဆိုသည်။
ထို့အပြင် ၎င်းက “ကံကောင်းထောက်မစွာပင် ဇန်နဝါရီလမှစတင်၍ ဝါရှင်တန်တွင် ဟန်ဂေရီနိုင်ငံကို မိတ်ဆွေအဖြစ်ရှုမြင်သော သမ္မတ တစ်ဦး ရှိနေပြီ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
“ထိုအခြေအနေအရ အမေရိကန်အစိုးရသည် Paks နျူကလီးယား စွမ်းအင် စက်ရုံ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် ဒဏ်ခတ်မှုများကို ရုတ်သိမ်း လိုက်ပြီ” ဟု Szijjarto က ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းက Paks-2 စီမံကိန်းသည် “ဟန်ဂေရီနိုင်ငံ၏ လုံခြုံသော စွမ်းအင်ထောက်ပံ့မှုကိုအာမခံပေးပြီး ၂၀၃၀ ခုနှစ်အလယ်လောက်တွင် နိုင်ငံ၏ လျှပ်စစ် လိုအပ်ချက်အများစုကို ဖြည့်ဆည်းပေးနိုင်မည်” ဟု အားလုံးသိရှိစေရန် ထပ်လောင်းအလေးပေး ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂