ပေထုန်တန် ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပေထုန်တန် ရှင်နာဝပ်ထရာ ကို ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းရန် ဆန္ဒမဲ ၇ မဲ ၂ မဲ ဖြင့် ဆုံးဖြတ်ခဲ့သည်။ အငြင်းပွားဖွယ်အသံဖိုင်နှင့်ပတ်သက်၍ သူမအား တာဝန်မှ ယာယီရပ်စဲရေး စဉ်းစားရန် ခုံရုံးက သဘောတူညီခဲ့သည်။
ဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမှုကို ကြိုတင်စစ်ဆေးပြီး လက်ခံလိုက်သည်နှင့် တရားသူကြီးများ ဆွေးနွေးညှိနှိုင်းနေစဉ် ဝန်ကြီးချုပ်တာဝန်အား ယာယီရပ်ဆိုင်းထားရပြီး အစိုးရ အဖွဲ့ဝင်များနှင့် ဆက်သွယ်ခွင့် ပိတ်ပင်ထားသည်။ ၎င်းမှာ သက်ဆိုင်ရာ အမှုထမ်းများအပေါ် ဖိအားများ မကျရောက်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တရားသူကြီး (၉) ဦးအနက် (၇) ဦးက ဆီးနိတ်လွှတ်တော်မှ တင်ပြလိုက်သည့် အမှုကို တရားဝင် စဉ်းစားစရာအဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။ တရားသူကြီးများအကြား ဆွေးနွေးစဉ်းစားမှုအတွက် အဆိုပါအမှုကို လက်ခံခြင်းဖြစ်သည်။ သူမ (ပေထုန်တန်) အနေဖြင့် ထိုအခြေအနေမှ ရုန်းထွက်နိုင်ရန် အလွန် ခက်ခဲမည်ဟု ယူဆရပါသည်။ သူမ၏ ဖူထိုင်းပါတီ Pheu Thai Party (PTP) ကလည်း သူမ၏နေရာကို အစားထိုးမည့်သူတစ်ဦးကို ရွေးချယ်ပြီး ဖြစ်နေပြီ ဖြစ်သည်။
ကိုးကား- Thai News
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂