ထရမ့်က Hamas အဖွဲ့အား အပစ်အခတ်ရပ်စဲရေးအဆိုအသစ်ကို ငြင်းပယ်မည်ဆိုပါက ပိုမိုဆိုးရွားမှုများ တွေ့ကြုံရမည်ဟု သတိပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Hamas အဖွဲ့အား အမေရိကန်က ထောက်ခံသည့် အပစ်အခတ်ရပ်စဲရေးအဆိုအသစ်ကို ငြင်းပယ်မည် ဆိုပါက ၎င်းတို့၏အနေအထား ပိုမိုဆိုးရွားလာမည်ဟု သတိပေးခဲ့သည်။ ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် အမေရိကန်နှင့် အစ္စရေးအရာရှိများအကြား ရှည်လျားပြီးအကျိုးရှိသောအစည်းအဝေးအဖြစ် ၎င်းကဖော်ပြခဲ့သည့် တွေ့ဆုံမှုအပြီး ယင်းသတိပေးချက်ကို အင်္ဂါနေ့ (ဇူလိုင် ၁) က ထုတ်ပြန် ခဲ့သည်။
"အစ္စရေးက ၆၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်သော အခြေအနေများကို သဘောတူညီပြီးဖြစ်သည် ၊ ထိုကာလအတွင်း မိမိ တို့သည် စစ်ပွဲအဆုံးသတ်ရန် ပါတီအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်" ဟု ထရမ့်က ရေးသားခဲ့ပြီး ညှိနှိုင်းမှုများပြုလုပ်ပေးသည့် ကာတာနှင့် အီဂျစ်တို့အား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပြုချက်၏ တိကျသောအချက်အလက်များကို မသိရသေးသော်လည်း အမေရိကန်-အစ္စရေး အဆင့်မြင့်ညှိနှိုင်းမှုများအတွင်း အပြီးသတ် သဘော တူညီမှုများရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ယင်းသဘော တူညီချက်တွင် ဂါဇာရှိ စစ်ရေးပဋိပက္ခကို ယာယီရပ်စဲခြင်း၊ အစ္စရေး သုံ့ပန်းများလွှတ်ပေးရန်နှင့် ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိစေရေးတို့ ပါဝင်မည်ဟု ယူဆရပါသည်။ အီဂျစ်နှင့် ကာတာမှ စေ့စပ်ညှိနှိုင်းသူများသည် လာမည့်ရက်အနည်းငယ်အတွင်း Hamas ခေါင်းဆောင်များထံ ယင်း သဘောတူညီချက်ကို ပေးပို့ရန် မျှော်လင့်ရသည်။
ထရမ့်၏ ထုတ်ပြန်ချက်သည် အစ္စရေးအစိုးရအတွင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ အစ္စရေး၏ ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က တနင်္လာနေ့ (ဇွန် ၃၀) တွင် "အဆိုပါစစ်ပွဲသည် သဘောတူညီချက်များ၊ ညှိနှုင်းမှုများမပါဘဲ အနိုင်ရသည်အထိ ဆက်လက်ဆင်နွှဲရမည်" ဟု ပြောကြားခဲ့သည်။ အစွန်းရောက် လက်ဝဲယိမ်းဝန်ကြီးက စစ်ဆင်ရေး ရပ်စဲခြင်းသည် ဆက်လက်လုပ်ဆောင်ခြင်းထက် အစ္စရေး၏ အနာဂတ် အတွက် "ပိုမိုကြီးမားသောအန္တရာယ်" ဖြစ်စေမည်ဟု သတိပေးခဲ့သည်။
အစိုးရအတွင်း သဘောထားကွဲလွဲမှုများရှိသော်လည်း ဝန်ကြီးချုပ် Benjamin Netanyahu သည် အမေရိကန်၏ဖိအားနှင့် ဂါဇာတွင် မြင့်တက်လာနေသော အရပ်သားအသေအပျောက်များအပေါ် နိုင်ငံတကာ စိုးရိမ်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ဆင်ရေးရပ်နားမှုဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ခွင့်ပြုထားသည်။
မေလနှောင်းပိုင်းတွင် အမေရိကန်အစိုးရ၏ထောက်ခံမှုဖြင့် Gaza Humanitarian Foundation (GHF) သည် အစ္စရေး၏ သုံးလကြာ ပိတ်ဆို့မှုအပြီး အကူအညီဖြန့်ဖြူးရေးအစီအစဉ်များ ပြန်လည် စတင် ခဲ့သည်။ သို့သော် ကုလသမဂ္ဂ၏အချက်အလက်များနှင့် ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်မှုအရ ထိုအချိန်မှစ၍ အကူအညီ ဖြန့်ဖြူးရေးနေရာများအနီးတွင် ပါလက်စတိုင်းလူမျိုး ၄၀၀ ကျော် သေဆုံး ခဲ့သည်ဟု သိရသည်။
Hamas တို့ထံတွင် အကျဉ်းသား ၂၀ ခန့် အသက်ရှင် ကျန်ရစ်နေသည် ဟူသော သတင်းများထွက်ပေါ်ပြီးနောက် အစ္စရေးတပ်မတော်ကစစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့သည်။ အစ္စရေးဘက်မှ မကြာသေးမီ သီတင်းပတ်များအတွင်း Hamas ၏စစ်ရေးခေါင်းဆောင် Hakham Muhammad Issa Al-Issa နှင့် နိုင်ငံရေးခေါင်းဆောင် Muhammad Sinwar အပါအဝင် အဆင့်မြင့်ခေါင်းဆောင်များကို အောင်မြင်စွာ လုပ်ကြံ နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။
Hamas ဘက်မှမူ မိမိတို့၏စစ်ရေးအဆောက်အအုံများကို အရပ်သား နေရာများတွင် တည်ဆောက်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး စစ်မက် ဖြစ်ပွားမှုတွင် မပါဝင်သော အရပ်သားများ သေဆုံးမှုများကို ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂