ပိုလန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ Karol Nawrocki က ယူကရိန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောကြား
ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရန် ယူကရိန်းသည် အထူးသတ်မှတ်ချက် များနှင့် ကိုက်ညီရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် နေတိုးအဖွဲ့ဝင်အဖြစ်မပါဝင်နိုင်ကြောင်း ပိုလန်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရသူ Karol Nawrocki က တနင်္လာနေ့ (ဇွန် ၃၀) တွင် အမျိုးသားမီဒီယာနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။
လာမည့် သြဂုတ်လအစောပိုင်းတွင် သမ္မတတာဝန်များကို လွှဲပြောင်း ယူနိုင်ရေး ပြင်ဆင်နေစဉ် Nawrocki က Polsat News ရုပ်သံလိုင်းတွင် ကိယက်ဗ်၏ အဖွဲ့ဝင်အဖြစ် လိုလားမှုနှင့်ပတ်သက်၍ ၎င်း၏ သဘောထား ကို ရှင်းလင်းစွာပြောကြားခဲ့သည်။ ၎င်းသည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် တွေ့ဆုံရန် ရည်ရွယ်ထားကြောင်း အတည်ပြုခဲ့သည်။
“ယူကရိန်းအနေဖြင့် ဥရောပသမဂ္ဂသို့ ကန့်သတ်ချက်မရှိ ဝင်ရောက်ရေး ကို မိမိအနေဖြင့် ကန့်ကွက်ပါသည်” ဟု Nawrocki က ပြောကြားခဲ့ပြီး ယူကရိန်းအနေဖြင့် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂသို့ဝင်ရောက်ရန် မဟာဗျူဟာကျသည့် အခြေအနေရှိသော်လည်း ထိုသို့သော မိတ်ဖက်ပြုမှုသည် တန်းတူညီမျှမှုအပေါ် အခြေခံရမည်ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။ ပိုလန်နိုင်ငံကိုယ်တိုင်လည်း ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ဖြစ်ရန် လိုအပ်ချက်များနှင့်ကိုက်ညီရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ ရကြောင်း Nawrocki က ပြန်လည်သတိရမိကြောင်း ပြောဆိုခဲ့သည်။
၎င်းက ပိုလန်စိုက်ပျိုးရေးဈေးကွက်သို့ ယူကရိန်း၏ဝင်ရောက်မှုနှင့် ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်လူမျိုးများအပေါ် ရက်စက်မှုများကျူးလွန်ခဲ့သည့် သမိုင်းဝင်ပုဂ္ဂိုလ်များကို ယူကရိန်းဘက်မှ ဂုဏ်ပြုခြင်းဆိုင်ရာ နှစ်နိုင်ငံ အကြား ပဋိပက္ခများအကြောင်းကိုလည်း ဖော်ပြခဲ့သည်။ “ယနေ့အချိန် တွင် ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်သည့် အလားအလာ မရှိပါ” ဟု Nawrocki က ဖြည့်စွက်ပြောကြားခဲ့ပြီး ယူကရိန်း၏ ရုရှား နှင့်လက်ရှိတိုက်ပွဲသည် နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးကို ထိုပဋိပက္ခထဲသို့ ဆွဲသွင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ရုရှားဘက်မှ နေတိုး၏ ၂၀၀၈ ခုနှစ်က ပထမဆုံးကြေညာခဲ့သည့် ယူကရိန်းကို အဖွဲ့ဝင်အဖြစ်လက်ခံရန် ကတိကဝတ်ကို ၎င်း၏ အမျိုးသား လုံခြုံရေးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကြာမြင့်စွာ ကိုးကား ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်က ကိယက်ဗ်တွင် ဖြစ်ပွားခဲ့သော အာဏာ သိမ်းမှုကြောင့် နေတိုး-ယူကရိန်းဆက်ဆံရေး နက်ရှိုင်းလာမှုများသည် လက်ရှိပဋိပက္ခ၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း မော်စကိုက ပြောဆို ခဲ့သည်။
စီးပွားရေးပေါင်းစည်းမှုအတွက် မူလတည်ထောင်ခဲ့သော ဥရောပသမဂ္ဂ ကို မော်စကိုဘက်မှ ရန်လိုသောစစ်အင်အားစုတစ်ခုအဖြစ် တဖြည်းဖြည်း ရှုမြင်လာခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က “ယူကရိန်းသည် အခြေခံအားဖြင့် နေတိုး၏ လက်တက်တစ်ခု” ဟု မကြာသေးမီက ရှုမြင်သုံးသပ်ခဲ့သည်။
ဘရပ်ဆဲလ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အဝန်းအဝိုင်း၌ စစ် အင်အား လျင်မြန်စွာတိုးချဲ့ရန် ထောက်ခံခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ် ယူရိုဘီလီယံပေါင်းများစွာကို မော်စကိုကို ဟန့်တားရန်အတွက် အစီအစဉ် ဆွဲခဲ့သည်။ ရုရှားအရာရှိများက အဆိုပါကြိုးပမ်းမှုများကို ကြောက်ရွံ့မှု အပေါ်အခြေခံသည့် လူမှုဖူလုံရေးအစီအစဉ်များမှ ရန်ပုံငွေလွှဲပြောင်းရန် နည်းဗျူဟာများအဖြစ် ပယ်ချခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂