အီဂျစ်နိုင်ငံ စူးအက်ပင်လယ်ကွေ့၌ ရေနံတူးဖော်ရေးသင်္ဘောတစ်စီးတိမ်းမှောက် အနည်းဆုံး လေးဦးသေဆုံး၍ သုံးဦးပျောက်ဆုံး
ကိုင်ရို ဇူလိုင် ၂
အီဂျစ်နိုင်ငံ စူးအက်ပင်လယ်ကွေ့၌ ရေနံတူးဖော်ရေးသင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လေးဦးသေဆုံး၍ သုံးဦးပျောက်ဆုံးနေကြောင်း အီဂျစ် ရေနံဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
အက်ဒ်မရိန်း - ၁၂ အမည်ရှိအဆိုပါ ရေနံတူးသင်္ဘောသည် ဇူလိုင် ၁ ရက်တွင် ဂါဘယ်လ်အယ် ဇိတ်အမည်ရှိ အီဂျစ်ကမ်းလွန် ရေနံတူးဖော်ရေးလုပ်ကွက်အတွင်း တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အက်ဒ်မရိန်း-၁၂ ရေနံတူး သင်္ဘောနစ်မြုပ်မှုကြောင့် ရေယာဉ် ဝန်ထမ်း အနည်းဆုံး လေးဦး သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူ သုံးဦးကို အီဂျစ်ရေတပ်က ရှာဖွေ
နေဆဲဖြစ်သည်။
အက်ဒ်မရိန်း-၁၂ ရေနံတူး သင်္ဘောပေါ်တွင် လူပေါင်း ၃ဝ လိုက်ပါသွားရာ ၂၃ ဦးကို အီဂျစ် ရေတပ်က ကယ်တင်နိုင်ခဲ့ကြောင်း ရေနံ၀န်ကြီးဌာန ကြေညာချက်၌ ဖော်ပြထားသည်။
အီဂျစ်မီဒီယာများ၏အဆိုအရ အက်ဒ်မရိန်း ၁၂ ရေနံတူးသင်္ဘောသည် ဆွဲသင်္ဘောများအကူအညီဖြင့် နေရာရွှေ့ပြောင်းနေစဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အက်ဒ်မရိန်း - ၁၂ရေနံတူးသင်္ဘော တိမ်းမှောက်မှု နောက်ခံအကြောင်းရင်းကို အီဂျစ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
Ref: Xinhua
Trs : KKO
Photo- Euronews