မန္တလေးတွင် ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးမည်ဟု တရုတ်သံရုံးထုတ်ပြန်၊ ထိမ်းမြားလက်ထပ် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမည်
မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ထားသည်။
အဆိုပါလုပ်ငန်းစဥ်များကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက် (တနင်္လာနေ့) မှ စတင်၍ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။
အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာ (ရုံးပိတ်ရက်များမှလွဲ၍) တွင် ရုံးဖွင့်မည်ဖြစ်ပြီး နံနက် ၈:၃၀ မှ ၁၁:၃၀ ထိ လျှောက်လွှာများ လက်ခံကာ နေ့လယ် ၁၄:၀၀ မှ ၁၅:၀၀ ထိ အခကြေးငွေများလက်ခံခြင်းနှင့်သက်ဆိုင်ရာလက်မှတ်များထုတ်ပေးမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားသက်သေခံလက်မှတ်များကို တရုတ်ကောင်စစ်ဝန် APP မှတဆင့် လျှောက်လွှာတင်ပြီး ကြိုတင်စာရင်းသွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ယင်းအပြင် ကန့်သတ်ချက်များကြောင့် ကောင်စစ်ဝန်ချုပ်ရုံးသည် ထိမ်းမြားလက်ထပ် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမည်ဖြစ်သည်။
ကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ရေးရာကိစ္စများမေးမြန်းလိုပါက ဖုန်းနံပါတ် 0095-9401470875, 0095-2-2000251 (ရုံးတက်ရက်မွန်းလွဲ ၁၃:၃၀-၁၇:၃၀)အတွင်းဆက်သွယ်နိုင်ကြောင်း သိရသည်။
ပုံစာ- မန္တလေးငလျင်ကြီးမတိုင်ခင်က မန်းပုံရိပ်များ
Popular Myanmar