သဘာဝဘေးဆိုးဖြစ်မည်ဟူသော အခြေအမြစ်မရှိ ခန့်မှန်းချက်ကို ပြည်သူများမယုံကြည်ရန် ဂျပန်အစိုးရတိုက်တွန်း
ဂျပန်နိုင်ငံ၏ ပင်မကျွန်းစုအနောက် တောင်ပိုင်းရှိရေပြင်၌ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုများ ရှိလာနိုင်ကြောင်း တာဝန်ရှိသူများကသတိပေးထား သော်လည်း သဘာဝဘေးဆိုးဖြစ်မည်ဟူသော အခြေအမြစ်မရှိသည့် ခန့်မှန်းချက်များကို ပြည်သူများအနေဖြင့် မယုံကြည်ရန် ဂျပန်အစိုးရက ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
ကျူရှူးကျွန်း၏ တောင်ပိုင်းစွန်းကမ်းလွန်၌ ပြင်းအား ၅ ဒသမ ၅ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဇူလိုင်လ ၄ ရက်တွင် ငလျင်ဗဟိုချက်အနီး ကျွန်းစုများရှိ ဒေသခံပြည်သူများကို တာဝန်ရှိသူများက ဘေးကင်း ရာသို့ရွှေ့ပြောင်းပေးထားသည်။
အဆိုပါငလျင်သည် ဇူလိုင်လ ၃ ရက် တွင်လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်ကြောင့် မတ်တတ်ရပ်ရန်ပင် ခက်ခဲကြောင်း၊ ယင်း ငလျင်သည် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ကာဂိုရှီးမားစီရင်စု၌ အကြိမ် ၁၀၀၀ ကျော်သော ငလျင်လှုပ်ခတ်မှုများ အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ထို့ပြင် ယင်းကဲ့သို့ငလျင်များ လှုပ်ခတ်ခြင်းကြောင့် ယခုလအတွင်း ဂျပန်နိုင်ငံ၌ သဘာဝဘေးဆိုးကြီး တစ်ခုဖြစ်လာမည် ဟူသော ရုပ်ပြကာတွန်းစာအုပ် တစ်ခုပါ ကောလာဟလများက ပိုမိုပျံ့နှံ့လာခြင်း ဖြစ်သည်။
သို့သော် သိပ္ပံနည်းကျ အသိပညာအရ ငလျင်လှုပ်ခတ်မည့်အချိန်နှင့် နေရာကို တိကျစွာခန့်မှန်းနိုင်ရန် အလွန်ခက်ခဲကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။
MWD Web Portal