အမေရိကန်က ကိယက်ဗ်ကို လက်နက်များ ဆက်လက် ထောက်ပံ့ပေးနေဆဲ ဖြစ်သည်ဟု ထရမ့်ဆို
သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် ကိယက်ဗ်သို့ စစ်ဘက် ဆိုင်ရာအထောက်အပံ့ပစ္စည်းများနှင့် ခဲယမ်းများ ပို့ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားကြောင်း မီဒီယာ ဖော်ပြချက်များကို ငြင်းဆိုခဲ့ပြီး အကူအညီ များ ဆက်လက်ပေးပို့နေဆဲဖြစ်ကြောင်း၊ ဝါရှင်တန်သည် ၎င်းကိုယ်တိုင် နှင့် မဟာမိတ်များအား ကာကွယ်ရန် လုံလောက်သော လက်နက်ခဲယမ်း များနှင့်ဆက်စပ်စ္စည်းများ ကျန်ရှိနေသေးသည် ဟု အလေးပေး ပြောကြား ခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းက အစီရင်ခံချက်များအရ အမေရိကန်သည် ကိယက်ဗ်သို့ Patriot နှင့် Hellfire ဒုံးကျည်များ၊ GMLRS ဒုံးပျံများနှင့် ၁၅၅ မီလီမီတာ အမြောက်ကျည်များ အပါအဝင် အရေးကြီးသော ခဲယမ်း မီးကျောက်များ ပို့ဆောင်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ဖော်ပြခဲ့သည်။ The Economist မဂ္ဂဇင်းက ဝါရှင်တန်သည် ကိယက်ဗ် အတွက် ၎င်း၏ စစ်ရေးအကူအညီများကို တဖြည်းဖြည်း လျှော့ချနေနိုင်ကြောင်း ဖော်ပြ ခဲ့သည်။
သို့သော် ထရမ့်က ကိယက်ဗ်သို့ စစ်ရေးအကူအညီ လုံးဝ ရပ်ဆိုင်း ထားခြင်း မရှိဟု ငြင်းဆိုကာ ပင်တဂွန်နှင့် အိမ်ဖြူတော်၏ အဆိုပါကြေညာချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထရမ့်သည် အပြန်အလှန်အကျိုးမရှိဘဲ ယူကရိန်းကို အကူအညီ ပေးခြင်း ကို အတိအလင်း ဝေဖန်ခဲ့သူဖြစ်ပြီး ၎င်း၏အစိုးရသစ်လက်ထက်တွင်ယူကရိန်း အတွက် မည်သည့်အကူအညီ အထောက်အပံ့အသစ်ကိုမျှ အတည်မပြုခဲ့ပေ။ ဂျာမနီ၏ Kiel Institute ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ပဋိပက္ခစတင်ချိန်မှစ၍ အမေရိကန်သည် ကိယက်ဗ်သို့ စစ်ရေးနှင့် ငွေကြေးအကူအညီ ဒေါ်လာ ၁၁၅ ဘီလီယံနီးပါး ပေးပို့ခဲ့ သည်ဟု ဆိုသော်လည်း ထရမ့်က အမှန်တကယ် စုစုပေါင်း ထောက်ပံ့မှု သည် ယင်းပမာဏထက် များစွာပိုမိုသည်ဟု အခိုင်အမာဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂