တက္ကဆက်ပြည်နယ်ရေကြီးမှု သေဆုံးသူဦးရေ ၈၀ အထိရှိလာ
အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်အလယ်ပိုင်း၌ ဖြစ်ပွားသော ရေကြီးမှုအတွင်း သေဆုံးသူ ဦးရေ ၈၀ အထိရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများ ကဇူလိုင်လ ၆ ရက်တွင်ပြောသည်။ ထို့ပြင် ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာကို လည်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက အသည်းအသန် ရှာဖွေမှုများ လုပ်ဆောင် နေကြောင်း သိရသည်။
လက်ရှိရရှိထားသည့်စာရင်းများအရ သေဆုံးသူဦးရေ ၈၀ အနက် အနည်းဆုံး ၂၈ ဦးမှာ ကလေးငယ်များဖြစ်ပြီး ထိုကလေးငယ်အများစုသည် မိန်းကလေးများအတွက်ဖွင့်လှစ်သောခရစ်ယာန်နွေရာသီစခန်းသို့ တက်ရောက်နေသူများဖြစ်သည်။
တက္ကဆက်ပြည်နယ်အတွင်း ဇူလိုင်လ ၄ ရက်နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မိုးရေချိန် ၁၅ လက်မအထိရောက်ရှိပြီး ဂွါဒါလုမြစ်ရေသည် လည်း ၆ မီတာကျော်မြင့်တက်လာကာ နွေရာသီ စခန်းတက်ရောက်နေသူများမှာ ရေစီးနှင့်အတူ မျောပါသွားခြင်းဖြစ်သည်။
ထို့ကြောင့် ဒေသတစ်ဝန်း၌နေထိုင်သူများအနေဖြင့် ကုန်းမြင့်နေရာများတွင် နေထိုင်ကြရန် အကြံပြုကြောင်းနှင့် ရေကြီးမှုက ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်း ရကြောင်းနှင့် ပြည်သူ ၈၀၀ ကျော်ကို ဘေးကင်းရာသို့ ကယ်ဆယ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။
MWD Web Portal