တက္ကဆက်ရေဘေးဒဏ်ခံဒေသတွင် အမှိုက်ပုံများ ပေ ၂၀ အမြင့်ထိ စုပုံ နေခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောကြား
စေတနာ့ဝန်ထမ်း Carlos "Gilley" Mendoza က CNN သတင်းထောက် Kate Bolduan အား တက္ကဆက်အလယ်ပိုင်းရေကြီးမှုအပြီး အမှိုက်ပုံကြီးများရှင်းလင်းရေးလုပ်ငန်းများအကြောင်း ပြောပြခဲ့သည်။
၎င်းနှင့် အခြားစေတနာ့ဝန်ထမ်းများသည် ဇူလိုင် ၄ ရက်ရေကြီးမှုအပြီး နှစ်ရက် အကြာ တနင်္ဂနွေ (ဇူလိုင် ၆) နံနက်တွင် နေရာတစ်ခုသို့ ရောက်ရှိခဲ့ပြီး မြင်ရသည့်အခြေအနေမှာ မယုံကြည်နိုင်လောက်သော အံ့အားသင့် စရာဖြစ်ခဲ့သည်ဟု ဆိုသည်။
“မိမိတို့ မည်သူမျှ မမြင်ဖူးသည့်အခြေအနေမျိုးပါ၊ ဖြစ်ပျက်ခဲ့သည်များကို မြင်ရသည်မှာ အရမ်းအံ့အားသင့်စရာပါ။ ဘယ်ကနေ စရမည် ဆိုသည်ကိုတောင် မသိခဲ့ပါ။ အမှိုက်ပုံတွေက ပေ ၂၀ အမြင့်ထိ ရှိနေပြီး သစ်ပင် တွေကို ကြည့်လိုက်လျှင် ပေ ၂၀ ကျော်အမြင့်မှာ အရာဝတ္ထုတွေ ညပ် နေတာတွေ့သည့်အတွက် ဒါက ရေဘယ်လောက်မြင့်ခဲ့သည်ဆိုတာ သဘော ပေါက်စေပါသည် ၊ ကားများ၊ RV ယာဉ်ကြီးများ ပါလာပါသည်။ သစ်ပင် တွေအများကြီးပါ၊ မိမိတို့ လုပ်နိုင်သည့်နေရာကို စတင်ကူညီခဲ့ကြ ပါသည်” ဟု ၎င်းက ဆိုသည်။
Mendoza က CNN အား အမှိုက်ပုံကြီးများနှင့် အမြစ်လန်သွားသည့် သစ်ပင်များ၏ ဗီဒီယိုများကို ပြသခဲ့ပြီး စေတနာ့ဝန်ထမ်းများ တစ်စတစ်စ တိုးလာပြီး နောက်ဆုံးတွင် လူ ၂၀၀ မှ ၂၅၀ ကျော်အထိ ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: Yahoo
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂