အလက်စကာပြည်နယ်တွင် အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက်ထုတ်ပြန်
ဇူလိုင်လ ၁၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂:၃၇ တွင် အလက်စကာ တောင်ပိုင်းကမ်းရိုးတန်းအနီး အင်အား ၇.၂ ရှိ ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အရေးပေါ်ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရှိရပါသည်။
အမေရိကန်ဘူမိဗေဒအဖွဲ့ (USGS) ၏ အချက်အလက်များအရ ငလျင် ဗဟိုချက်သည် King Cove မြို့၏ အရှေ့တောင်ဘက် မိုင် ၈၃ အကွာတွင် ရှိပြီး ကနဦးတိုင်းတာချက်များအရ ၇.၃ မဂ္ဂနီကျူ့အထိ ရှိခဲ့သည်။ Aleutian ကျွန်းစု၊ Alaska ကျွန်းဆွယ်နှင့် Cook Inlet တစ်လျှောက်ရှိ ကမ်းရိုးတန်းဒေသများတွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရသည်။
NOAA နှင့် အမျိုးသားမိုးလေဝသဌာန (NWS) တို့မှ Kennedy Entrance မှ Unimak Pass အထိ အလက်စကာကျွန်းဆွယ်နှင့် Anchorage ဒေသများသို့ အရေးပေါ်ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
Homer မြို့ရဲတပ်ဖွဲ့က မြို့နေပြည်သူများအား မြင့်မားသောနေရာများသို့ ရွှေ့ပြောင်းရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး Anchorage အာဏာပိုင်များက ကြီးမားသော သက်ရောက်မှုများမရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
ဒေသခံများရိုက်ကူးသည့် ဗီဒီယိုများအရ Old Harbor အပါအဝင် ထိခိုက် နိုင်သည့်ဒေသများတွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်နေပြီး ရေဒီယိုမှလည်း အရေးပေါ်သတိပေးချက်များ ထုတ်လွှင့်နေကြောင်း သိရသည်။
အမျိုးသားမိုးလေဝသဌာန (NWS) မှ မြောက်ပိုင်းအမေရိက ကမ်းရိုးတန်းဒေသများအတွက် အန္တရာယ်အခြေအနေကို ပြန်လည်ဆန်းစစ်ပြီးနောက် သတိပေးချက်ကို အကြံပြုချက်အဆင့်သို့ လျှော့ချကာ ဒေသခံများအား သတိပြုနေထိုင်ရန် တိုက်တွန်းခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂