မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

News Image

  • မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

23 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်းသွားကားလမ်း မိုင်တိုင်အမှတ် ၃၀ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားရှိ အင်းဗျက်ကျေးရွာလမ်းဆုံ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မင်းတုန်းမြို့နယ်၊ ဘူတောင်ကျေးရွာနေ မလှိုင်မြတ်ဝေ(ခ)အိတုန်ချစ်(၁၉)နှစ်နှင့် ကံလည်ကျေးရွာနေ မင်းရွာကိုင်းကျေးရွာအုပ်စုစာရေးဖြစ်သူ ဒေါ်ယုယုဝင်း(၄၇)နှစ်တို့သည် ခရီးသည်တင်မော်တော်ယာဉ်ဖြင့် သရက်မြို့မှ မင်းတုန်းမြို့သို့ ပြန်လာစဉ် အင်းဗျက်ကျေးရွာလမ်းဆုံအရောက် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ အင်းဗျက်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA