နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
23 July 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအနီး၌ အောင်နန်းချိုကျေးရွာဘက်မှ တောင်စဉ်အေးရွာဘက်သို့ စောနေပိုင်(ခ)နေပိုင် မောင်းနှင်လာသော LANDCRUSIER မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် ချစ်နိုင်ထွေး(ခ)မိုးဒီ မောင်းနှင်လာသော ALPHARD မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါမော်တော်ယာဉ် နှစ်စီးပေါ်မှ ဘိန်းဖြူ ၆၇ ဒသမ ၃၃ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၈၃၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား လက်ခံ၍ မန္တလေးသို့ တာဝန်ခံသယ်ဆောင်သူ သိန်းမြင့်(ခ)သိန်းဟန်သည် တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံစစ်ဆေးချက်များအရ ဖမ်းဆီးရမိ ဘိန်းဖြူများအား ကယားပြည်နယ်၊ လွိုင်ကော်မြို့နေ ခွန်နေလင်းအောင်(ခ)အားသိုက်(ခ)ယောဟန်၏ စေခိုင်းချက်အရ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့မှ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးသို့ လွိုင်ကော်မြို့နေ သူရိန်စိုး(ခ)ဖိုးသာထူး(ခ)ဖိုးလုံးမှ လာရောက်ပို့ဆောင်ခဲ့သဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့နေ စောနေပိုင်(ခ)နေပိုင်နှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်နေ ချစ်နိုင်ထွေး(ခ)မိုးဒီတို့မှ လက်ခံ၍ ပုဗ္ဗသီရိမြို့နယ်နေ သိန်းမြင့်(ခ)သိန်းဟန်ထံသို့ လွှဲပြောင်းပေးခဲ့သဖြင့် ၎င်းမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ အကြိမ်ကြိမ်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း။
၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA