ကင်ဆာရောဂါအတွက် အကျိုးကျေးဇူးများသော လမ်းလျှောက်လေ့ကျင့်ခန်း

Posted_Date

Image

ကင်ဆာရောဂါအတွက် အကျိုးကျေးဇူးများသော လမ်းလျှောက်လေ့ကျင့်ခန်း

Body

လမ်းလျှောက်ခြင်းသည် မကူးစက်နိုင်သောရောဂါများနှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုများကြောင့်ဖြစ်သော ရောဂါများဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချကာကွယ်နိုင်သည့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်သည်။

လမ်းလျှောက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့်ကျန်းမာသန်စွမ်းလာနိုင်ပြီး  ကိုယ်အလေးချိန်ထိန်း နိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊အရိုးများကိုသန်မာစေခြင်း၊  အဆစ်များကို  ပျော့ပျောင်းစေပြီး လှုပ်ရှားမှုများကိုချောမွေ့စေခြင်းအပြင်ကင်ဆာရောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိလာကြသည်။ ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့၏အဆိုအရ  လမ်းလျှောက်ခြင်းကဲ့သို့  အသင့်အတင့်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုနှင့်  ပြေးခြင်း၊  စက်ဘီးစီးခြင်းနှင့် အေရိုးဗစ်လေ့ကျင့်ခန်းများကဲ့သို့ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများသည်    အူမကြီးကင်ဆာ၊ မီးယပ်သွေးဆုံးပြီးအမျိုးသမီးများတွင်ဖြစ်သော ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာတို့ကို လျော့နည်းစေပြီး ကျန်းမာအောင်ကူညီပေးနိုင်သည့် ခိုင်လုံသောအထောက်အထားများရှိပါသည်။   ထို့ပြင် နေ့စဉ်ခြေလှမ်းအရေအတွက်တိုးလာလေ ကင်ဆာဖြစ်ပွားနိုင်ခြေနည်းပါးလေဖြစ်ကြောင်း တွေ့ရှိသောကြောင့်နေ့စဉ်ပုံမှန်လမ်းများများလျှောက်ခြင်းသည် အကျိုးရှိနိုင်ကြောင်း အကြံပြုထားသည်။

ယခင်လေ့လာမှုများသည်    ပိုမိုပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုနှင့်   ကင်ဆာရောဂါအန္တရာယ် ဆက်စပ်မှုကို အာရုံစိုက်ခဲ့သည်။ "နေ့စဉ် စုစုပေါင်းကိုယ်လက်လှုပ်ရှားမှုပမာဏနှင့် ပြင်းထန်မှုပမာဏ၊ ခြေလှမ်းအရေအတွက်နှင့် ကင်ဆာဖြစ်ပွားနိုင်ခြေ" ဆက်စပ်မှုကို ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်က အင်္ဂလန်နိုင်ငံ၏အားကစားဆေးပညာဂျာနယ်တွင်    ဖော်ပြထားပါသည်။ အရွယ်ရောက်ပြီးသူ  ၈၅၀၀၀ ကျော်တွင်   လမ်းလျှောက်ခြင်းကဲ့သို့သော  နေ့စဉ်လှုပ်ရှားမှုများသည်  ကင်ဆာရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေကြောင်း ဖော်ပြခဲ့သည်။ အတက်ကြွဆုံးလူများတွင် ကင်ဆာရောဂါဖြစ်နိုင်ခြေ ၂၆  ရာခိုင်နှုန်းလျော့နည်းပြီး နေ့စဉ်ပေါ့ပေါ့ပါးပါး ကိုယ်လက် လှုပ်ရှားပြုလုပ်သူများနှင့် အလယ်အလတ်မှ  ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူများသည်   အထိုင်များသူများထက်  ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းပါးကြောင်းတွေ့ရှိခဲ့သည်။ နေ့စဉ်အိမ်မှုကိစ္စများနှင့်  အလုပ်ကိစ္စများကဲ့သို့သော  ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုများနှင့် ကင်ဆာရောဂါအန္တရာယ်လျှော့ချရေး ဆက်စပ်မှုကို  ပထမဆုံးတွေ့ရှိခဲ့သည်။ နေ့စဉ်လှုပ်ရှားမှုပြင်းထန်မှုနှင့်    ရက်သတ္တပတ်အတွင်း   စုစုပေါင်းခြေလှမ်းရေတွက်မှုသည်ငါးနှစ်ကြာပြီးနောက်  ရင်သားနှင့်   အူမကြီးကင်ဆာအပါအဝင်ကင်ဆာအမျိုးအစား ၁၃ မျိုး ဖြစ်ပွားမှုနည်းပါးခြင်းနှင့်ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။  တစ်ရက်လျှင် ခြေလှမ်း ၅၀၀၀ လျှောက်သောသူများနှင့်နှိုင်းယှဉ်ပါက ကင်ဆာဖြစ်နိုင်ခြေသည် တစ်ရက်လျှင် ခြေလှမ်း ၇၀၀၀ လျှောက်သူများတွင် ၁၁ ရာခိုင်နှုန်းနှင့် ခြေလှမ်း ၉၀၀၀ လျှောက်သူများတွင် ၁၆ ရာခိုင်နှုန်း  လျော့နည်းကြောင်းတွေ့ရသည်။

လမ်းလျှောက်လေ့ကျင့်ခန်းနှင့် ကင်ဆာရောဂါဆက်စပ်မှု

ပုံမှန်လမ်းလျှောက်ခြင်းအပါအဝင်နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းသည်  ကိုယ်အလေးချိန်ထိန်းရန်နှင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည့် အကျိုးကျေးဇူးများရှိပါသည်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည့်အပြင် ကုသမှုခံယူနေစဉ်အတွင်းကင်ဆာဝေဒနာရှင်များအားသန်မာစေပြီး ကင်ဆာရောဂါမှပြန်လည်ကောင်းမွန်လာသူများတွင် သက်လုံကောင်းရန်နှင့်ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ရန် အထောက်အကူဖြစ်စေပါသည်။

ဟော်မုန်းများကို ထိန်းညှိပေးခြင်း

အင်ဆူလင်ခုခံမှုနှင့်  အီစထရိုဂျင်ပမာဏတိုးမြင့်လာခြင်းနှင့်ဆက်စပ်နေသည့် သွေးဆုံးပြီးအမျိုးသမီးများတွင်ဖြစ်သော ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။ အင်ဆူလင်သည် ကင်ဆာဆဲလ်များ ကြီးထွားရှင်သန်မှုကို မြှင့်တင်ပေးသည်။ အင်ဆူလင်ခုခံမှုနှင့် အင်ဆူလင်ပမာဏမြင့်မားခြင်းသည် အူမကြီးကင်ဆာနှင့်ပန်ကရိယကင်ဆာများဖြစ်နိုင်ခြေတိုးလာနိုင်သည်။

လေ့ကျင့်ခန်းလုပ်ခြင်းသည်  ကင်ဆာရောဂါနှင့်ဆက်နွှယ်နေသည့် အီစထရိုဂျင်နှင့် အင်ဆူလင်ဟော်မုန်းပမာဏကို  လျှော့ချနိုင်သည်။    ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး ကင်ဆာဆဲလ်များကိုတိုက်ထုတ်ရန်  ကူညီပေးသည့်အပြင်ကင်ဆာဖြစ်နိုင်ခြေရှိသောအချက်တစ်ခုဖြစ်သည့်  ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကြောင့် ဆဲလ်များပျက်စီးခြင်းနှင့်   ကင်ဆာဆဲလ်များဖွံ့ဖြိုးမှုကိုလျှော့ချပေးနိုင်သည်။

ကင်ဆာလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများ လျှော့ချနိုင်သော လမ်းလျှောက်လေ့ကျင့်ခန်းကင်ဆာရောဂါရှာဖွေတွေ့ရှိထားသူများ၊ ကုသမှုခံယူနေသူများ၊ ကုသမှုပြီးသွားသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက်မကြာခဏကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည်ကင်ဆာရောဂါပြန်လည်ကောင်းမွန်လာစေရန် အကျိုးကျေးဇူးပေးနိုင်သည်။   

လမ်းလျှောက်ခြင်းနှင့်   ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများသည်  အသက်ကြီးသူများနှင့်ကင်ဆာရောဂါရှိသူများအတွက်ပို၍သင့်လျော်ပါသည်။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများနာကျင်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကို   ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် လမ်းလျှောက်လေ့ကျင့်ခန်းသည် နေ့စဉ် အချိန်မရွေးပြုလုပ်နိုင်ပြီးကင်ဆာ၏ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရာတွင် ပို၍အကျိုးရှိကြောင်းအကြံပြုထားသည်။

ပုံမှန်လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများ

စိတ်ဖိစီးမှု၊    စိုးရိမ်ပူပန်မှုနှင့်စိတ်ဓာတ်ကျခြင်းကိုလျှော့ချပေးနိုင်ခြင်း၊  နာကျင်မှုကို သက်သာရာရစေ ခြင်း၊ ခွန်အားတည်ဆောက်ခြင်း၊ အစာစားချင်စိတ်တိုးလာခြင်း၊အိပ်ရေးဝဝအိပ်ရန်အထောက်အကူ ဖြစ်စေခြင်း၊  ကင်ဆာပြန်ဖြစ်ခြင်း သို့မဟုတ် ဒုတိယကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချခြင်း      အကျိုးကျေး ဇူးများရှိပါသည်။   

ကင်ဆာလူနာအားလုံးနီးပါးသည် သာမန်ပင်ပန်းနွမ်းနယ်မှုဟုယူဆနိုင်သည်ထက်ကျော်လွန်၍ ပင်ပန်းနွမ်းနယ်မှုကိုခံစားရကြောင်းအမေရိကန်ကင်ဆာအဖွဲ့အစည်းကဖော်ပြထားသည်။   လမ်းလျှောက်ခြင်းသည်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သော မကြာခဏ ပင်ပန်းနွမ်းနယ်မှုခံစားရခြင်းကိုကုစားပေးနိုင်သည်။ ကင်ဆာကုသမှုခံယူနေစဉ်နှင့်ကုသမှုအပြီးတွင် ပင်ပန်းနွမ်းနယ်မှုကိုလျော့ကျစေပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။ သုတေသနပြုချက်များအရ တက်ကြွသော ကိုယ်လက်လှုပ်ရှားမှုသည် ယေဘုယျအားဖြင့်ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများကို တိုးတက်စေခြင်းဖြင့် ကင်ဆာဝေဒနာရှင်များကို ကူညီပေးနိုင်ကြောင်းသိရသည်။  စိုးရိမ်ပူပန်မှုကိုလျော့ကျစေပြီး စိတ်ဓာတ်ကျခြင်းကို မြှင့်တင်ပေးနိုင်သည်။

ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းသည် အဝလွန်ခြင်းကိုလည်း    ကာကွယ်ပေးနိုင်သည်။ သုတေသနပြုချက်များအရအဝလွန်ခြင်းသည် ကင်ဆာ ၁၃ မျိုး ဖြစ်ပွားနိုင်ခြေ မြင့်မားမှုနှင့်ဆက်စပ်ကြောင်းဖော်ပြထားသည်။လေ့လာမှုများအရ အလယ်အလတ်နှင့် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုများသည်အူမကြီးကင်ဆာ၊ သွေးဆုံးပြီးသောအမျိုးသမီးများတွင်ရင်သားနှင့် သားအိမ်ကင်ဆာများဖြစ်နိုင်ခြေကိုလျော့နည်းစေသည်။ 

အထိုင်များခြင်းကိုလျှော့လိုက်ရုံဖြင့်လည်း ကင်ဆာ ဖြစ်နိုင်ခြေလျော့နည်းစေရန် ကူညီပေးနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကွန်ပျူတာရှေ့တွင် အလုပ်လုပ်နေစဉ် သို့မဟုတ်  တီဗွီကြည့်နေစဉ်တွင်ထိုင်ရာမှမှန်မှန်ထပြီး လှုပ်ရှားမှုပြုလုပ်ရန်  အကြံပြုထားသည်။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ခြင်းကစိတ်ဖိစီးမှုကိုလျော့ကျစေပြီး   စွမ်းအင်ပိုပေးနိုင်သည်။

လေ့ကျင့်ခန်းလမ်းညွှန်ချက်

လေ့ကျင့်ခန်းလမ်းညွှန်ချက်များသည်လူတိုင်းနှင့်အဆင်ပြေစေရန်ခက်ခဲပါသည်။လူတိုင်းကလေ့ကျင့်ခန်းဘယ်လောက်လုပ်နိုင်သည်ဆိုသည်မှာတစ်ဦးနှင့်တစ်ဦးမတူညီသည့်အပြင်နှစ်သက်သောကိုယ်လက်လှုပ်ရှားမှု၊ကင်ဆာအမျိုးအစားနှင့် ကုသနည်းများစွာရှိသောကြောင့် ယေဘုယျအားဖြင့်ကင်ဆာဖြစ်နေပါက လေ့ကျင့်ခန်းမစတင်မီ ဆရာဝန်နှင့် စစ်ဆေးသင့်သည်။ ကြံ့ခိုင်မှု၊ ရောဂါရှာဖွေကုသမှု နှင့် ဘေးကင်းမှုကို ထိခိုက်စေနိုင်သည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

နိုင်ငံတကာလမ်းညွှန်ချက်များအရကင်ဆာဆေးသွင်းနေစဉ်နှင့်ကုသပြီးနောက်တွင်  တက်ကြွစွာလှုပ်ရှားခြင်းသည် ဘေးကင်းသည်ဟုဆိုသဖြင့်ကင်ဆာဝေဒနာရှင်များသည်တက်ကြွစွာနေထိုင်ပြီး  ပုံမှန်လှုပ်ရှားမှုများကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လုပ်နိုင်အောင်ကြိုးစားသင့်ပါသည်။ဗြိတိန် အစိုးရနှင့် ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့တို့သည် ကင်ဆာနှင့်တခြားရောဂါများကိုကာကွယ်ရန်အရွယ်ရောက်ပြီးသူတိုင်းသည်တစ်ပတ်လျှင်အလယ်အလတ်ပြင်းထန်လေ့ကျင့်ခန်း မိနစ် ၁၅၀( ဥပမာအားဖြင့် တစ်ပတ်လျှင် ငါးကြိမ်၊  တစ်ကြိမ်လျှင် မိနစ် ၃၀)  သို့မဟုတ် တစ်ပတ်လျှင် ၇၅ မိနစ် ပြင်းပြင်းထန်ထန်လှုပ်ရှားမှု     အနည်းဆုံးတစ်ခုကို ကြိုးစားလုပ်ဆောင်ရန်၊ ခွန်အားတိုးမြင့်လေ့ကျင့်ခန်းများ  (ဥပမာအားဖြင့်  အလေးမခြင်း သို့မဟုတ် ယောဂပြုလုပ်ခြင်း) ကိုလည်း တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ရန် အကြံပြုချက်များရှိသည်။ အရွယ်ရောက်ပြီးသူတိုင်းသည်  မိမိနှင့်သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ရန်  လိုအပ်ကြောင်း သတိပြုသင့်ပါသည်။

တက်ကြွလှုပ်ရှားသောအလေ့အကျင့်ကိုစတင်ခြင်း

နေ့စဉ်လုပ်ရိုးလုပ်စဉ်အပြုအမူများတွင် သေးငယ်သောပြောင်းလဲမှုအနည်းငယ်ပြုလုပ်ခြင်းဖြင့်တက်ကြွစွာနေထိုင်သောအလေ့အကျင့်ကို စတင်နိုင်ပါသည်။ ဥပမာအားဖြင့် နေအိမ်ဝင်းထဲလမ်းလျှောက်ခြင်း သို့မဟုတ် ဘတ်စကားမှတ်တိုင်မှအိမ်သို့ လမ်းလျှောက်ခြင်းတို့ဖြင့် စတင်နိုင်သည်။ အိမ်တွင်၊ အလုပ်တွင်   သို့မဟုတ်  ခရီးသွားသည့်အခါတွင်    အလေ့အကျင့်အသစ်များဖန်တီးခြင်းက ပိုမိုတက်ကြွနေစေနိုင်ပါသည်။  နှစ်အတော်ကြာကိုယ်လက်လှုပ်ရှားမှုမလုပ်သူများအတွက် တဖြည်းဖြည်းချင်း လေ့ကျင့်ရန်လိုအပ်ပါလိမ့်မည်။ မည်သည့်ကိုယ်လက်လှုပ်ရှားမှုမဆို စတင်နိုင်သည်။ တက်ကြွလှုပ်ရှားခြင်းသည် စိတ်နှင့်ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။ နေ့စဉ် ၁၀ မိနစ်မှ ၁၅ မိနစ် ကိုယ်လက်လှုပ်ရှားမှုဖြင့် စတင်ပါ။

အထူးဂရုစိုက်ရှောင်ကြဉ်ရန်လိုအပ်သော  ကိုယ်လက်လှုပ်ရှားမှုများ

တချို့သော ကင်ဆာအမျိုးအစားများ သို့မဟုတ် ကုသမှုခံယူနေသူများသည် လေ့ကျင့်ခန်းအမျိုးအစားတချို့ကိုရှောင်ကြဉ်ရန် လိုအပ်ပါသည်။ အရိုးများကို ထိခိုက်စေသော  ကင်ဆာရှိပါက    ပြင်းထန်သောလေ့ကျင့်ခန်းများကြောင့်အရိုးကျိုးနိုင်ခြေပိုများနိုင်သည်။ ထိခိုက်မိသောအရိုးများပေါ်တွင် အလွန်အမင်း ဖိအားပေးခြင်းကို    ရှောင်ကြဉ်ရမည်။ ရေကူးခြင်း သို့မဟုတ် ရေထဲတွင် လေ့ကျင့်ခန်းလုပ်ပါ။ ရေသည် ခန္ဓာကိုယ်အလေးချိန်ကို ထောက်ပံ့ပေးသောကြောင့်အရိုးစုကို ဖိစီးမှုမရှိပါ။ ယောဂကဲ့သို့သော လေ့ကျင့်ခန်းများသည် ယေဘုယျအားဖြင့် လူတိုင်းအတွက်ဘေးကင်းပါသည်။  ကုသမှုကြောင့် ကိုယ်ခံအားနည်းသူများသည် အားကစားခန်းမတွင်   တခြားသူများနှင့်လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

တချို့လူများတွင်ကင်ဆာကုသမှုကြောင့်လက်နှင့်ခြေတွင်အာရုံခံစားချက်များဆုံးရှုံးသွားသောကြောင့်အထိုင်စက်ဘီးစီးခြင်းကတခြားလေ့ကျင့်ခန်းများလုပ်ခြင်းထက်ပိုကောင်းပါသည်။ထို့ပြင်လေ့ကျင့်ခန်းအသစ်မစတင်မီနှင့်တချို့သောခွဲစိတ်မှုမျိုးများပြုလုပ်ပြီးနောက်လုပ်ဆောင်နိုင်သည့်လေ့ကျင့်ခန်းအမျိုးအစားများနှင့်ပတ် သက် ၍ အကြံဉာဏ်ရယူရန်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

နိဂုံးချုပ်ရသော်သိပ္ပံနည်းကျသုတေသနရလဒ်များအရစုစုပေါင်းကိုယ်လက်လှုပ်ရှားမှုနှင့်ခြေလှမ်းအရေအတွက်များများလျှောက်ခြင်းသည်ကျန်းမာသန်စွမ်းပြီးကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သည့်အပြင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့်သေဆုံးမှုနှုန်းကိုလျော့နည်းစေနိုင်သောကြောင့်နေ့စဉ်ပုံမှန်လမ်းများများလျှောက်ရန်    တိုက်တွန်းလိုခြင်းဖြစ်ပါသည်။        

MWD Web Portal

Photo - The Conversation

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး

Posted_Date

Image

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး

Body

နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကျင်းပကြတာ ဖြစ်ပါ တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅  ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကမ္ဘာ့ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။

အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပခဲ့တဲ့ ဇွန်လ ၅ ရက်ကို  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါ တယ်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထိမ်း အမှတ်အခမ်းအနားတွေကိုတော့ ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိမြို့ကြီးတွေမှာ နှစ်စဉ် လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး  စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဖြစ်ပါတယ်။

ဆောင်ပုဒ်၏ ရည်ရွယ်ချက်

အဆိုပါဆောင်ပုဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့မှီခိုရှင်သန်ရာသဘာဝပတ်ဝန်းကျင် သန့်ရှင်းကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာ တစ်နေ့တခြားဆိုးရွားလာနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှု တွေကို အဆုံးသတ်တိုက်ဖျက်သွားမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခုပေါ်ထွက်လာပြီး အနာဂတ်ကာလမှာ ပိုမိုကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်လာစေရေး အစိုးရအဖွဲ့အစည်း တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအားလုံး စုပေါင်းအားနဲ့ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ထားတာပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်  နိုဝင်ဘာလကကိုရီးယားသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ အဏ္ဏဝါပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ အစိုးရချင်းညှိနှိုင်းရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်း အဝေးမှာနိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိတဲ့ သဘော တူညီချက် တစ်ခုပေါ်ထွန်းလာစေရေး ကြိုးပမ်းချက်တွေကိုယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က  အသိ အမှတ်ပြု မီးမောင်းထိုးထင်ဟပ်စေမှာ ဖြစ်ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်

ယနေ့ ကမ္ဘာပေါ်ကလူသားတွေ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ် အတည်းပြဿနာ (၃)ရပ်ကတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊  ဇီဝမျိုးစုံမျိုးကွဲတွေမျိုးသုဉ်း ပျောက်ကွယ်လာခြင်းနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းဆိုတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။

ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာလည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းရဲ့ အဓိကစိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး သက်ရှိသတ္တဝါတွေ ရှင်သန်ရပ်တည်ရေး၊ နိုင်ငံသားအားလုံးရဲ့ကျန်းမာရေးနဲ့ ရေရှည်စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာခြိမ်းခြောက်လျက်ရှိလာပါတယ်။ ကမ္ဘာ့လူဦးရေတိုးပွား လာခြင်းနဲ့အတူ နည်းပညာတွေဖွံ့ဖြိုးလာပြီး လူနေမှုအဆင့် အတန်းနဲ့ နေထိုင်မှုပုံစံတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး လူသားတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပါ တယ်။ သစ်သား၊ သတ္တု၊ ဖန်ထည်၊ ကြွေထည်၊ မြေထည် စတာတွေနဲ့ပြုလုပ်ထားတဲ့  ကုန်ပစ္စည်းတွေထက် ပလတ်စတစ်ရဲ့ထူးကဲသာလွန်ပြီး   စွဲမက်စရာကောင်းတဲ့ဂုဏ်သတ္တိတွေကြောင့် လူ့ပတ်ဝန်းကျင်နေရာ အနှံ့မှာလွှမ်းမိုးနေရာယူလာပါတယ်။ ထုတ်လုပ်သုံးစွဲကြရာမှာ ထိန်းချုပ်မှုအားနည်းခြင်းနဲ့ စည်းကမ်းမဲ့ မဆင်မခြင်စွန့်ပစ်တာတွေကြောင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများစွာကိုယနေ့အချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ဖွယ်ရာတွေ့ကြုံရင်ဆိုင်လာကြရပါတယ်။

ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုအခြေအနေ

ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်စာရင်းတွေအရ တန်ချိန်သန်းပေါင်း ၄၀၀ ကျော် အထိ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၀၀ ပြည့်နှစ်က တန်ချိန် သန်းပေါင်း ၂၃၄ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄၆၀ အထိ ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ နှစ်ဆမြင့်တက်လာခဲ့ပြီး ဒီပမာဏအတိုင်းသာ ထုတ်လုပ်မှုတွေ ဆက်လက် တိုးတက်နေဦးမယ်ဆိုရင် လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ တန်ချိန် သန်းပေါင်း ၁၁၀၀ အထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါဟာ အဆမတန်များပြားလွန်းလှတဲ့   စိုးရိမ်ဖွယ်ရာ ထုတ်လုပ်မှုပမာဏဖြစ်နေပါတယ်။

ထုတ်လုပ်မှုအားလုံးရဲ့ ထက်ဝက်ခန့်ဟာလည်း တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ခါသုံးပလတ်စတစ်ဆိုတာ တစ်ကြိမ်တစ်ခါသာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ပလပ်စတစ်ပိုက်တွေ၊ ပလတ်စတစ်ပုလင်းတွေ၊ ဖော့ဘူးတွေ၊ ကြွပ်ကြွပ် အိတ်တွေနဲ့ အစားအစာထုပ်ပိုးရာမှာအသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကိုဆိုလိုတာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေဟာ သယ်ယူရလွယ်ကူပြီး ထုပ်ပိုးရာမှာ ပေါ့ပါးခိုင်ခံ့ပါတယ်။ စျေးနှုန်းအလွန်ချိုသာပြီး စွန့်ပစ်ရင်လည်းလွယ်ကူပါတယ်။ ဒီအချက်တွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ တစ်ခါသုံးပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် လူကြိုက်များ အသုံးပြုလျက် ရှိနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပလတ်စတစ်မူလကုန်ကြမ်း(ကော်စေ့ကုန်ကြမ်း) ၄၀၀ တန်ခန့် ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိပြီး အဆိုပါတင်သွင်းမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်မြင့် တက်လာနေကြောင်း  ပလတ်စတစ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

ပလတ်စတစ် စွန့်ပစ်မှုအခြေအနေ

ယနေ့အချိန်အခါမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အလွန်အန္တရာယ်ကြီးမားလှတဲ့ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာတစ်ရပ် ဖြစ်လာနေပါပြီ။ ကမ္ဘာပေါ်က ထွက်ရှိလာသမျှ စွန့်ပစ်အမှိုက်မျိုးစုံစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းဟာ ပလတ်စတစ်တွေပဲ ဖြစ်လို့နေပါတယ်။ နှစ်စဉ် ပလတ်စတစ် အမှိုက်တန်ချိန် သန်းပေါင်း ၃၅၀ ခန့် ပတ်ဝန်းကျင်ရှိ ရေ၊ မြေကြီးထဲကို စွန့်ပစ်လျက်ရှိနေကြပါတယ်။  ဒီလို စွန့်ပစ်နေမှုအနက်က ပလတ်စတစ်တန်ချိန် ၉ သန်းမှ ၁၄ သန်းအထိဟာ ပင်လယ်သမုဒ္ဒရာထဲကို နှစ်စဉ်စီးဝင်ရောက်ရှိနေပါတယ်။ အဏ္ဏဝါပင်လယ်ပြင်ထဲက အမှိုက်သရိုက်တွေကို အမျိုးအစား ခွဲခြား ကြည့်ရင် ၈၅ ရာခိုင်နှုန်းဟာ ပလတ်စတစ်စွန့် ပစ်ပစ္စည်း တွေချည်း ဖြစ်နေပါတယ်။

ဒါတွေဟာ ကုန်းမြေပေါ်က အခြေပြုရောက်ရှိလာတာ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေဟာ တစ်မိနစ်တိုင်းမှာ ရေနဲ့အချိုရည်ထည့်တဲ့ ပလတ်စတစ်ဘူးပေါင်း တစ်သန်းကျော်  ဝယ်ယူ သောက်သုံး၍ စွန့်ပစ်နေကြကြောင်းနဲ့ တစ်နှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ၅ ထရီလီယံကျော် သုံးစွဲနေကြကြောင်း ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီမြစ်ထဲကို ပလတ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်ခန့် နေ့စဉ်နဲ့အမျှ ရောက်ရှိနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။ သတိပြုဆင်ခြင်ရမယ့် စွန့်ပစ်မှုပမာဏ ဖြစ်ပါတယ်။

ပလတ်စတစ်၏ ဆိုးကျိုးများ

တစ်ခါသုံးပလတ်စတစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကို  ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ သဘာဝသယံဇာတအရင်းအမြစ် တွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပလတ်စတစ်ပစ္စည်းတွေဟာ စတင်ထုတ်လုပ်တဲ့ အဆင့်၊ အသုံးပြုတဲ့အဆင့်မှသည် စွန့်ပစ်တဲ့အဆင့်အထိ  ၎င်းရဲ့ သက်တမ်းကာလတစ်လျှောက်လုံးမှာ ဆိုးကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။

ပထမဦးစွာ ပလတ်စတစ်တွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ ဘေးထွက်ပစ္စည်းအဖြစ် ကာဗွန်ဒိုင် အောက်ဆိုက်၊ မီသိန်း စတဲ့ဓာတ်ငွေ့အမျိုးမျိုးထုတ်လွှတ်တာကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို ပိုမိုတွန်းအားပေးဖြစ်ပေါ်စေပါတယ်။

ရုပ်ကြွင်းလောင်စာတွေအသုံးပြုထားတဲ့ ပလတ်စတစ်ထုတ်လုပ်မှုတွေကတစ်ဆင့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကမ္ဘာ့ကာဗွန်စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းအထိ တိုးပွားနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။

ဒုတိယအနေနဲ့ အသုံးပြုတဲ့အဆင့်မှာ ပလတ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်  လူသားတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ပူလောင်တဲ့အစားအသောက်တွေကို ကြွပ်ကြွပ် အိတ်နဲ့ တစ်ခါသုံးပလတ်စတစ်တွေထဲကို ထုပ်ပိုးသယ်ဆောင် ကြတဲ့အခါ ပလတ်စတစ်မှာပါဝင်တဲ့ ခဲဓာတ်၊ အဆိပ်ဓာတ်နဲ့ အရောင်ဆိုးဆေးတွေဟာ အပူနဲ့ထိတွေ့မိပြီး  အစားအစာထဲကို ပုံမှန်ထက် ပိုမိုလျင်မြန်စွာစိမ့်ဝင်ကာ ကင်ဆာရောဂါ အပါအဝင် လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။

တတိယအချက်အနေနဲ့ အသုံးပြုပြီးနောက် စွန့်ပစ်တဲ့အဆင့်မှာလည်း ပလတ်စတစ်အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ပါက  မြို့၊  ရွာရဲ့ သန့်ရှင်းသာယာလှပမှုကို အရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်ပစ္စည်းတွေရဲ့ဓာတ်ဖွဲ့စည်းမှုအရ မြေကြီးထဲမှာ သဘာဝအလျောက်မပျက်စီးလွယ်ဘဲ နှစ်ပေါင်းရာနဲ့ချီကြာမှသာ ပြိုကွဲဆွေးမြည့်နိုင်တဲ့အတွက် သဘာဝမြေဆီလွှာတွေကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ သစ်တော/  သစ်ပင်တွေ  ရှင်သန်ပေါက်ရောက်မှုကို များစွာထိခိုက်စေရပါတယ်။ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်တွေဟာ ကုန်းမြေပေါ်ကတစ်ဆင့် ရေမြောင်းတွေ၊ မြစ်ချောင်းတွေရဲ့ စီးဆင်းမှုတွေကို ပိတ်ဆို့ သွားပြီး မြို့လယ်ခေါင်မှာပင် ရေကြီးရေလျှံမှုတွေ မကြာခဏမြင်တွေ့ကြရပါတယ်။ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေဟာ ရေထုညစ်ညမ်းစေပြီး အဖိုးတန်ရေချိုသယံဇာတတွေ ဆုံးရှုံးစေနိုင်ပါတယ်။ မြစ်ချောင်းတွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲကိုရောက်ရှိသွားတဲ့အခါမှာလည်း အဏ္ဏဝါ ညစ်ညမ်းမှုနဲ့ အဏ္ဏဝါဂေဟစနစ်တွေ ထိခိုက်ပျက်စီးကြရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေထဲက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ရေနေသတ္တဝါတွေကို တွယ်ငြိမိခြင်း၊ သေးငယ်တဲ့ ပလတ်စတစ်အပိုင်းအစတွေကို ရေနေသတ္တဝါတွေက စားသုံးမိကြတဲ့အတွက် အစာချေဖျက်မှုဆိုင်ရာပြဿနာတွေနဲ့ သေဆုံးမှုတွေ ဖြစ်ပွားကြရပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကိုမီးရှို့ဖျက်ဆီးပါကလည်းအီသိုင်လင်းအောက်ဆိုက်၊ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင် စတဲ့အဆိပ်ဓာတ်ငွေ့တွေထွက်ရှိလာပြီးလေထု ညစ်ညမ်းမှုကိုဖြစ်စေတဲ့အပြင်အဆိုပါဓာတ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူရဲ့ သွေးနဲ့ဆီးထဲအထိရောက်ရှိသွားနိုင်ပြီး ကင်ဆာကဲ့သို့ ရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။      

ဒါကြောင့် ကုန်းမြေပေါ်မှာသာမက ရေထုနဲ့လေထုထဲအထိပါ ကောင်းကျိုးတစ်ခုမျှမပြုတဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ ထုတ်လုပ်တဲ့အဆင့်မှသည် အသုံးပြုပြီး စွန့်ပစ်တဲ့အဆင့်အထိ ကာလတစ်လျှောက်လုံးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းစေရုံမျှမက သက်ရှိသတ္တဝါတွေအားလုံးအပေါ် ဆိုးကျိုး အန္တရာယ်တွေ သက်ရောက်စေနိုင်ပါတယ်။

မိုက်ခရိုပလတ်စတစ် (Microplastics)မိုက်ခရိုပလတ်စတစ်လို့ခေါ်ကြတဲ့ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေဟာ အရွယ်အစားအနေနဲ့   ၅ မီလီမီတာအောက်သာရှိပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ  လေနဲ့ရေထဲမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးခြင်းနဲ့ ပလတ်စတစ်ပစ္စည်းတွေ စတင်ထုတ်လုပ်စဉ်က ထွက်ရှိလာကြတာ ဖြစ်ပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ Microplastics အရွယ်အစားအထိ တစ်စတစ်စပြိုကွဲပျက်စီးသွားရင်တောင် ပလတ်စတစ်ထဲမှာပါတဲ့ ဆိုးရွားတဲ့ ဓာတ်ဂုဏ်သတ္တိတွေဟာ ပျောက်ပျက်မသွားပါဘူး။ ယနေ့အချိန်အခါမှာ Microplastics တွေဟာ ပင်လယ်သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေ၊ လေထုအတွင်းနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာ တွေထဲထိ အောင် နေရာတကာမှာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့်ပစ်ရေဆိုးသန့်စင်တဲ့ စက်ရုံတွေမှာတောင် Microplastics အမှုန်အမွှားတွေကို   စစ်ထုတ်သန့်စင်ဖို့ခက်ခဲနေကြပါတယ်။

Microplastics တွေကို ရေနေသတ္တဝါတွေက သူတို့ရဲ့အစားအစာအမှတ်နဲ့  မှားယွင်းစားသုံးမိနေကြလို့ အဏ္ဏဝါမျိုးစိတ်ပေါင်း ၁၁၄ မျိုးရဲ့ခန္ဓာကိုယ်ထဲမှာ Microplastics တွေကို တွေ့ရှိနေရကြောင်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ Microplastics တွေပါဝင်နေတဲ့ ညစ်ညမ်းရေ၊ လေနဲ့အစား အစာ တွေကတစ်ဆင့် နောက်ဆုံးမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲအထိ ထိုးဖောက်ရောက်ရှိလာကြပါတယ်။ ဒါကြောင့် Microplastics တွေကို ပင်လယ်ထဲက အသံတိတ်လူသတ်သမားဟုပင် ခေါ်ဆိုလာကြပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ    လူတစ်ဦးဟာ တစ်နှစ်မှာ Microplastics အမှုန်အမွှား ခန့်မှန်း ၃၉၀၀၀ မှ ၅၂၀၀၀ အထိအစာလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသက် အရွယ်ပေါ်မူတည်ပြီး Microplastics အမှုန်အမွှား ၇၄၀၀၀ မှ ၁၂၁၀၀၀ အထိ အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။  လူသားတွေရဲ့အဆုတ်နဲ့ သွေးထဲမှာ သာမက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့အချင်းထဲအထိပါ Microplastics တွေကို တွေ့ရှိနေရကြောင်း သုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဆိုးကျိုးအနေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ပျက် စီးခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ် ခြင်းနဲ့ မျိုးပွားမှုထိခိုက်ခြင်း စတဲ့ရောဂါဝေဒနာတွေ ဖြစ်ပွားနိုင်ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်မှုများလက်ရှိအချိန်မှာ ပလတ်စတစ် ညစ်ညမ်းမှုဟာ အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူး အလေး ထားလုပ်ဆောင်နေကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံ (United Nations Environment Assembly-UNEA-5.2) ရဲ့ ဆုံးဖြတ်ချက်အမှတ်(၅/၁၄)မှာ  ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် ပေါ်ပေါက်လာစေရေး End Plastic Pollution: Towards an International Legally Binding Instrument ကို အတည်ပြုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ  ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာ စာတမ်းနှင့် အာဆီယံမူဘောင်ကို သဘောတူချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်း လုပ်ငန်းအစီအစဉ်တွေမှာ အခြားအာဆီယံနိုင်ငံတွေနည်းတူ လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိနေပါ တယ်။

ဂျပန်-အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ “Strengthening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plans for ASEAN Member States and Integrated Land-to-Sea Policy Approach (Phase-2)” စီမံကိန်းကိုဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (National Plastic Management Action Plan-NPMAP) ကို ရေးဆွဲခဲ့ပြီး  ယခုအခါ အတည်ပြုထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ  လုပ်ငန်းအစီအစဉ်ရဲ့   အဓိကမျှော်မှန်း ချက်ကတော့ ပလတ်စတစ်တွေ စတင်ထုတ်လုပ်မှုမှသည် ၎င်းရဲ့သက်တမ်းတစ်လျှောက်မှာ အရင်းအမြစ်တွေကို အကျိုးရှိစွာအသုံးချနိုင်တဲ့ ပတ်လည်စီးပွားရေးစနစ် ပေါ်ပေါက်လာစေရေး တွန်းအားပေးခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်စေရေးပင်ဖြစ်ပါတယ်။

ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများနယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့်  စွန့်ပစ်ခြင်းကို ထိန်းချုပ်ရေးဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်တွေမှာကွန်ဗင်းရှင်းပါ ကတိကဝတ်တွေနဲ့အညီသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စနစ်တကျထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ကာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့နဲ့ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို ဦးစားပေးစီမံခန့်ခွဲနိုင်ဖို့ အလေးထား ဆောင်ရွက် လျက်ရှိနေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းထားရှိပြီး အဆိုပါကော်မတီများအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပါ တယ်။

လိုက်နာဆောင်ရွက်ရမည့် အချက်များ

အစားအစာထုပ်ပိုးရာကစလို့ယာဉ်၊ လူ့အသုံးအဆောင်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းအမျိုးမျိုးတို့အထိ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အသုံးပြုနေကြရတဲ့ပလတ်စတစ်တွေကို ကျွန်ုပ်တို့လူ့ပတ်ဝန်းကျင်ကနေလုံးဝဖယ်ထုတ်ပစ်လို့ မရနိုင်ပေမယ့် ပလတ်စတစ်ညစ်ညမ်းမှုကိုတော့စနစ်ကျတဲ့နည်းလမ်းကောင်းတွေနဲ့အတူသေချာပေါက်ကန့်သတ်ထိန်းချုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိနေသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတို့ဟာတက်ကြွစွာစု‌ပေါင်းဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးလှပါတယ်။

နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့သင့်လျော်တဲ့       ပလတ်စတစ်ဆိုင်ရာစည်းမျဉ်း စည်းကမ်း၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြဋ္ဌာန်းပြီး သက်ဆိုင်ရာဌာနတွေက   ထိထိရောက်ရောက် အကောင်အထည်ဖော်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်  ရေရှည်အတွက်ကောင်းမွန်ပြီး စနစ်ကျတဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွေဟာ  ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အမှိုက်ခွဲခြားစွန့်ပစ်တဲ့စနစ်နဲ့ အမှိုက်ခွဲခြားသိမ်းဆည်းတဲ့စနစ်တို့ကိုလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အသိပညာပေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရင်း ရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုနဲ့စားသုံးမှုပုံစံတွေ မြှင့်တင်ပေးဖို့၊ တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချနိုင်ဖို့နဲ့ Recycle လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ထောက်ပံ့တွန်းအား ပေးကြရမှာဖြစ်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်သူ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ နည်းလမ်းတွေနဲ့  တာဝန်ယူစီမံဆောင်ရွက်ကြရပါမယ်။ အလွယ်တကူ ဆွေးမြည့်နိုင်တဲ့ Bio-degradable Plastics တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်း၊ တစ်ခါသုံးပလတ်စတစ်အစားထိုးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးဆိုင်တွေမှာတစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ အခမဲ့ပေးခြင်းကိုရှောင်ရှားခြင်းနဲ့ အသုံးပြုလိုပါက သီးခြားအဖိုးအခကောက်ခံခြင်း စတဲ့အချက်တွေကို အလေးထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်သူက  တာဝန်ယူဖြေရှင်းဆောင်ရွက်ရမယ့် သတ်မှတ်ချက်(Extended Producer Responsibility- EPR)ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ယနေ့ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို     ပြန်လည်ပြုပြင်သုံးစွဲနှုန်း(Recycling Rate)ဟာ   ပလတ်စတစ်ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း အောက်သာရှိနေသေးတဲ့အတွက် Recycle လုပ်ငန်းတွေ ပိုမိုအားကောင်းလာဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။  စွန့်ပစ်ပစ္စည်းထွက်ရှိမှုအနည်းဆုံးနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ ပတ်လည်စီးပွားရေးစနစ်(Circular Economy)ကိုအကောင်အထည်ဖော်ကြဖို့လည်း အထူးလိုအပ်လှပါတယ်။ ပတ်လည်စီးပွားရေးစနစ်ကိုသာ အသွင်ကူးပြောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ့် ၂၀၄၀  ပြည့်နှစ်မှာ  ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်ရှိလာမယ့် ပလတ်စတစ်ထုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ပလတ်စတစ်ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းခန့်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုပ်ပိုးသယ်ဆောင်ကြတဲ့အခါ ဟိုယခင်နှစ်ပေါင်း ၃၀ ကျော်ခန့်က မိရိုးဖလာအသုံးပြုခဲ့တဲ့ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်တို့အပြင် ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်းဘူး၊ ဓာတ်ဘူး၊ ရေဘူး၊ လက်ဆွဲခြင်း၊ ချည်နဲ့ ပြုလုပ်ထားတဲ့ ဈေးဝယ်အိတ်စတာတွေကိုအသုံးပြုပြီး တစ်ခါသုံးပလတ်စတစ်တွေ သုံးစွဲမှုကို လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)နဲ့  ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း(Recycle) ဆိုတဲ့ 3R နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေကို သုံးစွဲရင်း တစ်ခါသုံးပလတ်စတစ်တွေကို ငြင်းဆန်ခြင်း(Reject)နဲ့ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့နေရာတွေဆီကို ပို့ဆောင်ခြင်း(Return) စတဲ့အချက်တွေကိုလည်း အလေးထားလိုက်နာဆောင် ရွက်ကြရပါမယ်။ အမှိုက်တွေကို လဟာပြင်မီးရှို့ခြင်းနဲ့ မြစ်ချောင်းတွေထဲကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ မိမိတို့သုံးစွဲလိုက်တဲ့ ပလတ်စတစ် အပါအဝင် အခြားစွန့်ပစ်အမှိုက်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျစွန့်ပစ်ကြရမှာဖြစ်ပါတယ်။ ဒီလို လူတိုင်းအလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို နေ့စဉ်နဲ့အမျှ အလေ့အကျင့်ဖြစ်လာတဲ့အထိ ကျင့်သုံးလိုက်နာကြရပါမယ်။ ကမ္ဘာမြေကြီးအတွက် စိုးရိမ်ပူပန်စရာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေက ကျွန်ုပ်တို့ရဲ့ လက်ဝယ်မှာ အသင့်ရှိနေပြီး  လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ကြဖို့ပဲ လိုအပ်ပါတယ်။ 

တိုက်တွန်းနှိုးဆော်ချက်

ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနဲ့  ကျွန်ုပ်တို့ပြည်သူအားလုံးက လက်တွဲညီညီပူးပေါင်းပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။ ကြွပ်ကြွပ်အိတ်အပါအဝင် တစ်ခါသုံးပလတ်စတစ်တွေကို မဆင်မခြင်ဆက်လက်ထုတ်လုပ်သုံးစွဲစွန့်ပစ်နေသမျှကာလပတ်လုံး ကမ္ဘာပေါ်က ပလတ်စတစ်ညစ်ညမ်းမှုဟာ တစ်နေ့တခြား  ဆက်လက်တိုးပွားနေဦးမှာဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချနိုင်ဖို့နဲ့ ရေရှည်စဉ်ဆက်မပြတ်ဖြစ်တဲ့ အခြားနည်းလမ်းကောင်းတွေကိုလည်း အတူတကွပူးပေါင်းရှာဖွေဖော်ထုတ်ကြရပါမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပြီး ကောင်းမွန်ခိုင်လုံတဲ့ စီမံခန့်ခွဲမှုစနစ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ လက်တွဲညီညီလိုက်နာအကောင်အထည်ဖော်သွားကြရရင် အောင်မြင်မှုမလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လူသားတွေ ရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ဤကမ္ဘာမြေကြီးစိမ်းလန်းသာယာပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ပျော်ရွှင်စရာကမ္ဘာမြေအဖြစ် လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ကြစေဖို့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းအားနဲ့ ပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်တိုက်တွန်းရင်း ၂၀၂၅ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုကြိုဆိုအပ်ပါတယ်။   ။ 

MWD Web Portal

Photo - The Ocean Cleanup

လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ကိုယ်စားလှယ် အဖွဲ့များ အမေရိကန်သို့ ရောက်ရှိ

News Image

လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ကိုယ်စားလှယ် အဖွဲ့များ အမေရိကန်သို့ ရောက်ရှိ

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်အဖွဲ့များသည် ဇွန်လ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု  ဝါရှင်တန်မြို့တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို အတိုက်အခံ အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီမှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ရှာရှီသာရော်က ဦးဆောင်ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများကို တင်ပြဆွေးနွေးမည်ဖြစ်သည်။

တောင်ကိုရီးယား သမ္မတသစ် လီဂျေမြောင်ထံ ရှီကျင့်ဖျင် ဂုဏ်ပြု သဝဏ်လွှာပေးပို့

News Image

MWD Web Portal

တောင်ကိုရီးယားနိုင်ငံတွင် ဇွန်လ ၄ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် လီဂျေမြောင်ထံ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်-တောင်ကိုရီးယား နိုင်ငံတို့သည် အပြန်အလှန်အရေးပါသော အိမ်နီးချင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၃ နှစ်တာကာလတွင် နှစ်နိုင်ငံစလုံးသည် အတွေးအမြင်နှင့် လူမှုရေးစနစ်ကွဲပြားမှုကို ကျော်လွန်ကာ အတူလက်တွဲ၍ ရှေ့သို့ချီတက်ကြောင်း သမ္မတရှီက ပြောကြားသည်။