မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ထိန်းချုပ် ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ  အပိုင်း(၅)

Posted_Date

Image

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့်  ထိန်းချုပ် ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ  အပိုင်း(၅)

Body

အရေးပါသည့်    ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို   တရားဝင်နှင့်တရားမဝင် အသုံးပြုခြင်း များ

Caffeine (ကေဖင်း) C8H10N4O2သည် အဖြူရောင်ကဲ့သို့ ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး လက်ဖက်၊ ကော်ဖီစေ့နှင့် ကိုလာစေ့များတွင်ပါရှိသည့်  အဲလ်ကာလွိုက်တစ်မျိုးဖြစ်၍ ရေတွင်ပျော်ဝင်လွယ်သည်။   အစပြုသည့်ပရီကာဆာမဟုတ်သောဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သွေးကြောများကျယ်၍လန်းဆန်းစေသောအာနိသင်အနည်းငယ်ရှိသည်။စိတ်ရွှင်လန်းပြီး အားအင်ပြည့်ဖြိုးရန်အတွက် အချို့သောလစ်ပိုဗီတန်၊ ကျွဲရိုင်း၊ လစ်ပိုနှင့် အချို့သောကော်ဖီမှုန့်များတွင်လည်း အသုံးပြုသည်။ Amphetamine၊  Methamphe-tamine နှင့် MDMA(Ecstacy)တို့ကို အခြားပရီကာဆာဓာတုပစ္စည်းဖြင့် ထုတ်လုပ်ရရှိပြီးနောက် အားမြှင့်ပေးသည့်ဓာတုပစ္စည်းဖြစ်သည်။ ဆေးဝါးများတွင် ရောစပ်သုံးစွဲကြသည်။ကမ္ဘာအနှံ့  တွင်ကျယ်စွာသုံးစွဲနေသည့် မူးယစ်ဆေးဝါးဖြစ်သည့် Amphe-tamine (WY ဆေးပြား)တစ်ပြားတွင်  Caffeine ပမာဏ 70 mg  မှ 100 mg  ထိပါပြီး  Amphetamine ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိပါဝင်ကြောင်းသိရသည်။

Red Phosphrous (Red-P) (အနီရောင်ဖော့စဖရပ်စ်) P4 (chain)ကို အီလက်ထရွန်နစ်အလွှာများ၊ ပိုလီမာများအတွက် မီးမလောင်စေသောအလွှာများတွင်လည်း ဘေးကင်းရေး မီးခြစ်ဆံများ၊ မီးပုံးပျံများ၊  လောင်မီးခွံများ၊ မီးခိုးဗုံးများ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင်သုံးသည်။ အက်စစ်မှကလိုရိုက်သို့ပြောင်းလဲရာတွင် ကလိုရင်းသွင်းဓာတ်ပြုခြင်း၊ ဓာတ်တိုးခြင်းပြုလုပ်ရာတွင် တရားဝင်အသုံးပြုပြီး Metham-phetamine  ထုတ်လုပ်ရာတွင်  ဟိုက်ဒြောလစ်အက်စစ်နှင့် ဓာတ်လျှော့ရာတွင် ဓာတ်ပြုပစ္စည်းအဖြစ် တရားမဝင်အသုံးပြုသည်။Methylamine (မီသိုင်းလမင်း)သည် အမိုးနီးယားအနံ့ရှိသည့်  အရောင်မဲ့ဓာတ်ငွေ့ဖြစ်ပြီးအလွန်မီးလောင်လွယ်ကာအဆိပ်သင့်စေနိုင်သည်။ 

ယင်းသည် ရေ၊ အရက်နှင့်အီသာတွင် ပျော်ဝင်ပြီး ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများကဲ့သို့ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်ရေး၊ ရေသန့်စင်ရေး၊ အစားအသောက်ထိတွေ့ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ Sur-factants နှင့် Accelerator အပါအဝင် အခြားစက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးမျိုးအတွက် အခြေခံအဖြစ်အသုံးပြုသည့်  အလယ်အလတ်ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သားရေအရောင်ဆိုးခြင်း၊ ဆေးဆိုးခြင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများအပြင် လောင်စာဆီထုတ်လုပ်ခြင်းလုပ်ငန်းများတွင်လည်း အသုံးများသည်။

Ammonium Chloride (အမိုနီယမ်ကလိုရိုက်) NH4Cl သည် တိုင်းရင်း/ပရဆေးတွင်ဇဝက်သာဟုခေါ်သည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းတစ်ခုဖြစ်သည်။  ဇဝက်သာသည်  ရေထဲ၌ ကောင်းစွာပျော်ဝင်နိုင်ပြီး ရေတွင်စူးရှသောအနံ့ကိုဖြစ်စေနိုင်သည့်အပြင် ရေတွင်အက်စစ်ဓာတ်အနည်းငယ်ရနိုင်သည်။

ဇဝက်သာကို  ဆေးဝါး(အထူးသဖြင့် ချောင်းဆိုးပျောက်ဆေး)တွင် ဆီးချဆေးအဖြစ်လည်းကောင်း၊ အထပ်သားကိုချည်နှောင်ရာ၌  အထောက်အကူဖြစ်စေသောကော်တွင်လည်းကောင်း၊   Aqueous Solutions များ၊  Lechanche  Cell  များတွင်လည်းကောင်း၊ မုန့်လုပ်ရာတွင် တဆေး(Yeast)ကို  အာဟာရပစ္စည်းအဖြစ် အစာဖြည့်စွက်ပစ္စည်းများ (Food Additives)တွင်လည်းကောင်း အသုံးပြုသည်။

Sodium Acetate (ဆိုဒီယမ်အစီတိတ်) C2H3NaO2 သည် ရေတွင်အလွန်ပျော်ဝင်သော  Hygroscopic အမှုန့်ဖြစ်သည်။ ဆိုဒီယမ်အစီတိတ်ကို ဆိုဒီယမ်အိုင်းယွန်း၏ရင်းမြစ်တစ်ခုအဖြစ်  Dialysis အတွက်လည်းကောင်း၊ အထည်အလိပ်လုပ်ငန်းတွင် Aniline ဆိုးဆေးအဖြစ်လည်းကောင်း၊ Chrome Tanning တွင် Pickling Agent အဖြစ်လည်းကောင်း၊ ကွန်ကရစ်အလွှာ(Concrete Sealant) တစ်ခုအဖြစ်လည်းကောင်း၊ အစားအစာများတွင်  ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ pH တန်ဖိုးဆက်တိုက်ထိန်းသိမ်းရန် ၎င်းကို Acetic Acid နှင့်အတူ ကြားခံ(Buffer)အဖြစ်လည်းကောင်း၊ အပူပေးအဖုံးများ၊ ရေခဲဘူးများနှင့်လက်ပူစက်များတွင်လည်းကောင်း၊ တည်ငြိမ်လျှပ်စစ်ဓာတ်ကိုဖယ်ရှားရာတွင်လည်းကောင်း အသုံးပြုသည်။  ဆေးပညာအရ   ဆိုဒီယမ်အစီတိတ်သည်  သွေးကြောသွင်းသည့်အခါတွင် Electrolyte အားဖြည့်ဆေးအဖြစ် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

Lead Acetate (လိဒ်အစီတိတ်) Pb(C2H3O2)2 သည် အချိုအရသာရှိသည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းဖြစ်သည်။ Lead Acetate ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်(Hydrogen Peroxide)နှင့် အက်စီတစ်အက်စစ်(Acetic Acid)တွင်ပွက်ပွက်ဆူအောင် တည်ခြင်းဖြင့်ပြုလုပ်နိုင်သည်။ ယင်းသည် အခြားခဲဓာတ်များကဲ့သို့ပင် ခဲဆိပ်သင့်နိုင်သည်။ ဓာတ်ခွဲခန်းသုံးဓာတုပစ္စည်းအဖြစ်လည်းကောင်း၊ အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊  ရွှေတူး‌ဖော်ရာတွင်လည်းကောင်း၊ အထည်အလိပ်ပန်းရိုက်ခြင်းနှင့်ဆေးဆိုးခြင်းတို့တွင် ညီညာမျှတစေရန်လည်းကောင်း၊ အရောင်တင်ဆီနှင့်သုတ်ဆေးများတွင် အခြောက်ခံပစ္စည်းအဖြစ်လည်းကောင်း အသုံးပြုသည်။

Tartaric Acid (တာတာရစ်အက်စစ်)သည် C4H6O6 ရှိသော ကာဘောဇလစ်အက်စစ်ဖြစ်ပြီး အရောင်ကင်း၍ အလင်းပေါက်သည့်ပုံဆောင်ခဲအဖြူ Diprotic Aldaric Acid  ဖြစ်သည်။ ၎င်းကို 2,3-dihydroxy-succinic Acid သို့မဟုတ် Racemic Acid ဟုလည်းခေါ်သည်။ဝိုင်တွင်အရေးကြီးသော အက်စစ်ထဲမှတစ်ခုဖြစ်သည်။ Tartaric Acid သည် ငှက်ပျောသီး၊ စပျစ်သီးကဲ့သို့သော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအများအပြားတွင်တွေ့ရသော အော်ဂဲနစ်အက်စစ်ဖြစ်ပြီး ငှက်ပျောသီး၊ ဆစ်ထရပ်စ်(Citrus)နှင့် မန်ကျည်းသီးများတွင်လည်း တွေ့ရသည်။

Cosmetics၊ Food Additives ၊ Antioxidant၊ Fragrances အဖြစ်လည်းကောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်ရန်လည်းကောင်း၊ ဆေးဝါးနယ်ပယ်တွင်လည်းကောင်း၊  ခံတွင်းဆေးများ၏အရသာကိုမြှင့်တင်ရန်လည်းကောင်း၊ မဂ္ဂနီစီယမ်နှင့် ကယ်လစီယမ်ကဲ့သို့သော သတ္တုအိုင်းယွန်းများကို Chelate ပြုလုပ်ရန်လည်းကောင်း၊ အချဉ်အရသာရှိစေရန်   အစားအစာများတွင်လည်းကောင်း၊ အော့အန်စေရန်လည်းကောင်း၊  ငွေရောင်မှန်ပြုလုပ်ရာတွင်လည်းကောင်း၊ အထည်အလိပ်များကို ဆေးဆိုးရာတွင် ညီညာစေရန်လည်းကောင်း၊ သားရေကို ဆေးလိမ်းခြယ်ရာတွင်လည်းကောင်း၊ သကြားလုံးများတွင်လည်းကောင်း၊ Tartaric Acid  ကို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်(Sodium Bicarbonate)နှင့်ရောစပ်ပါက မုန့်ဖုတ်အမှုန့်ရရှိပြီး မုန့်ဖုတ်ဆိုဒါနှင့် တဆေး (Yeast) အဖြစ်လည်းကောင်း၊ ၎င်း၏ခရင်မ်ပုံစံတွင် အစားအစာကိုတည်ငြိမ်စေသော Stabilizer အဖြစ်လည်းကောင်းအသုံးပြုနိုင်သည်။ Tartaric Acid ကို အများအပြားသုံးစွဲပါက လေဖြတ်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည်။Sodium Cyanide (ဆိုဒီယမ်ဆိုင်ယာနိုက်) NaCN သည်   အဆိပ်ရှိသော ဒြပ်ပေါင်းတစ်ခုဖြစ်သည်။

အဖြူရောင်အခဲဖြစ်ပြီး ခါးသက်သောဗာဒံသီးအနံ့ရှိသည့်ရေတွင်ပျော်ဝင်နိုင်သော Sodium Cyanide ကိုအခိုးတိုက်/ပိုးသတ်မှိုင်းတိုက်ခြင်း၊ သတ္တုရည်စိမ်ခြင်း၊သတ္တုရိုင်းများမှရွှေငွေထုတ်ယူခြင်းအဆင့်နိမ့်သတ္တုရိုင်းကျောက်တွင်းများမှ အဖိုးတန်သတ္တုများထုတ်ယူရာတွင် Sodium Cyanide ကို အမြောက်အမြားအသုံးပြုသည်။ Cyanide သည် သတ္တုများနှင့်ဆက်စပ်မှုမြင့်မားသောကြောင့် ဆား၏အဆိပ်သင့်မှုမြင့်မားစေသည်။ဓာတုပစ္စည်းများထုတ်လုပ်ရာတွင် စီးပွားဖြစ်အသုံးပြုသည်။ အလွန်အဆိပ်သင့်သောကြောင့် Sodium Cyanide ကို ဇီဝဗေဒပညာရှင်များအသုံးပြုသော   အိုးများစုဆောင်းခြင်းနှင့်တရားမဝင်ငါးဖမ်းခြင်းကဲ့သို့ လျင်မြန်စွာဖမ်းဆီးရန်/ သတ်ရန်သို့မဟုတ် ထိတ်လန့်စေရန်အတွက် အသုံးပြုသည်။

ဆက်လက်ဖော်ပြပါမည်။

မိမိကစကာကွယ်ပါ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ

Posted_Date

Image

မိမိကစကာကွယ်ပါ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ

Body

မိုးရာသီကာလရောက်လျှင်အအေးမိ၊နှာစေး၊ ချောင်းဆိုးရောဂါနှင့် ရာသီတုပ်ကွေးရောဂါတို့ဖြစ်လေ့ ရှိသည်။ ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာ့ ကပ်ရောဂါအဖြစ်သတ်မှတ်ထားခြင်းမရှိတော့ ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်း မှတစ်ဆင့်ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွား တတ် သည့်ရောဂါအဖြစ်သတ်မှတ်လိုက်ပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည်လည်း စိုစွတ်သော မိုးရာသီတွင် ကူးစက်နှုန်းမြင့်မားသည့်အတွက်ယခုနှစ်မိုးရာသီ တွင် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည့် အအေးမိ၊  နှာစေး၊  ချောင်းဆိုး ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊  ကိုဗစ်-၁၉  ရောဂါ တို့ကို သတိပြုကာကွယ်ကြရမည်ဖြစ်သည်။

အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါ

အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းသည် မိုးရာသီ ရောက်တိုင်းတွေ့ကြုံရသည့်ကူးစက်ရာသီ ရောဂါ တစ်မျိုးဖြစ်၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါအစ မိုးမိခြင်းကဟု မှတ်သားသင့်သည်။ ထို့ကြောင့်မိုးမိလာပါက ရေစိုအ၀တ်များချက်ချင်းလဲ၍ နွေးနွေးထွေး ထွေးနေသင့်သည်။ လူဦးရေထူထပ်သော နေရာများတွင် ရောဂါကူးစက်ပြန့်ပွားနိုင်ခြေပိုများသဖြင့် ကိုယ်ခံ အားနည်းသူများဂရုစိုက်သွားလာ သင့်သည်။ အအေးမိဖျားနာခြင်းကြောင့်အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း အဖျားပျောက်ပြီး နောက်ချောင်း အစို(ချွဲပါသောချောင်းဆိုးခြင်း)တဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့သည်။ တခြားသူများကို ဆက်လက်မကူး အောင်လက်ကို စင်ကြယ်စွာဆေးကြောပါ။ နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ခါသုံး တစ်သျှူးသုံး၍ စနစ်တကျစွန့်ပစ်ပါ။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများမှာ ဗိုင်းရပ်စ်ပိုးကူးစက်လွယ်၍အချိန်မရွေးဖျားနာတတ်သဖြင့် အအေးမိ တုပ်ကွေး  ဖျားနာ ရောဂါပျောက်ဆေးများ အိမ်၌ အသင့်ဆောင်ထားခြင်း၊ ကိုယ်ခံအားကောင်း စေရန် ဗီတာမင် C ဆေးပြားများသောက်ခြင်း၊ ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်သောဟင်းသီးဟင်းရွက်နှင့် အရည်ရွှမ်းသော သစ်သီးများစားသင့်သည်။ 

ရာသီတုပ်ကွေးရောဂါ

ကမ္ဘာပေါ်၌ကူးစက်ပျံ့နှံ့မှုအမြန်ဆုံးနှင့် အဖြစ် များဆုံးသောရောဂါများထဲတွင် ရာသီတုပ်ကွေးရောဂါ လည်း အပါအ၀င်ဖြစ်သည်။  ရာသီတုပ်ကွေးရောဂါ သည်တုပ်ကွေးရောဂါဗိုင်းရပ်စ်(Influenza) ကြောင့်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ယင်းဗိုင်းရပ်စ်သည်  မိုးဦး ကျနှင့် ဆောင်းရာသီကဲ့သို့အေးသောရာသီဥတုတွင်ပေါက်ပွားနှုန်းများသည်။ထို့ကြောင့်   ပြင်ပနှင့် ထိတွေ့ဆက်ဆံမှုများလျှင်ကူးစက်ရန်လွယ်ကူသည်။ တုပ်ကွေးရောဂါကိုဖြစ်စေသောဗိုင်းရပ်စ်များ အားအေ၊ ဘီ၊ စီဟူ၍  အုပ်စုသုံးစုခွဲခြားထားပြီးယင်းတို့ အနက် အေအုပ်စုတွင်ပါ၀င်သောဗိုင်းရပ်စ် များက အများဆုံးဒုက္ခပေးသည်။ အချိန်ပိုင်း၊ ရက်ပိုင်းအတွင်းလူအစုလိုက်အပြုံလိုက်လျင်မြန်စွာ ကူးစက်စေသည်။  မြန်မာနိုင်ငံ၌  ဗိုင်းရပ်စ်အေကြောင့်ဖြစ်သော တုပ်ကွေးရောဂါသည် အများဆုံး ဖြစ်သည်။

ရာသီတုပ်ကွေးရောဂါသည်  အထက်တွင်ဖော်ပြ ထားသော  သာမန်အအေးမိ၊  နှာစေး၊  ချောင်းဆိုး ရောဂါထက် ပိုမိုပြင်းထန်၍ အဖျားကြီးကာ အဖျား လည်း တာရှည်သည်။ ခေါင်းအုံ၊ ခေါင်းကိုက်၊ ကိုယ်ပူ၊ မျက်စိပူ၊ လည်ချောင်းနာ၊ နှာမွှန်၊ ချောင်းဆိုး၊ အဆစ် အမျက်များနာကျင်ကိုက်ခဲစေခြင်း၊  အားအင်ကုန် ခန်း မောပန်းခြင်းနှင့်အစားအသောက်ပျက်ခြင်းတို့သည် ရာသီတုပ်ကွေးရောဂါ၏ လက္ခဏာများဖြစ်ကြ သည်။

နောက်ဆက်တွဲရောဂါများအဖြစ် အသက်ရှူ ပြွန်ရောင်ခြင်း၊နမိုးနီးယား(ခေါ်)အဆုတ်ရောဂါ ဖြစ်ခြင်း၊ အာသီးများရောင်ခြင်း၊ အာသီးရောင်ခြင်းမှ အစပြု၍ နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက်ရောင် ရောဂါ ဖြစ်ခြင်းနှင့် နှလုံးကြွက်သားများလှုပ်ရှားမှုအားနည်း ခြင်းတို့ဖြစ်သည်။ ထိုရောဂါသည် အသက်ခြောက်လ နှင့်အထက်  ကလေးသူငယ်မှစ၍ဖြစ်နိုင်သည်။ထိုအရွယ်ရင်သွေးငယ်များအတွက်မိုးဦးကျမတိုင်မီ ကတည်းက တစ်နှစ်တစ်ကြိမ် Influenza ကာကွယ် ဆေး  ကြိုတင်ထိုးနှံပေးသင့်သည်။ 

ကူးစက်လွယ်ရောဂါတစ်မျိုးဖြစ်၍ လူနာကိုထိတွေ့ကိုင်တွယ်ခြင်း၊ တံတွေးနှင့်သလိပ်ကို ထိတွေ့ မိခြင်း၊ လူနာဆီမှ နှာချေ၊ ချောင်းဆိုး၊ စကားပြောစဉ် ဗိုင်းရပ်စ်ပါလာသောလေများကိုရှူရှိုက်မိရာမှတစ်ဆင့် အလွယ်တကူကူးစက်နိုင်သည်။ အအေးမိ တုပ်ကွေးဖြစ်နေသူတစ်ယောက်သည် တစ်သျှူးအုပ်၍ နှာချေ၊ ချောင်းဆိုးသင့်ပြီး ထိုတစ်သျှူးကို အမှိုက်ပုံး ထဲသို့  စနစ်တကျစွန့်ပစ်သင့်သည်။  လက်ကိုင်ပဝါ ဖြင့်အုပ်၍ နှာချေ၊ ချောင်းဆိုးသောအခါ ဗိုင်းရပ်စ်ပိုး က ထိုလက်ကိုင်ပဝါထဲတွင် နှစ်နာရီ၊ သုံးနာရီကြာ သည် အထိအသက်ရှင်နိုင်သည်။  အကယ်၍  လူအများ ကြား  နှာချေ၊ ချောင်းဆိုးပါက တုပ်ကွေးဗိုင်းရပ်စ် များ တစ်ပေ၊ နှစ်ပေခန့်အထိ ပျံ့နှံ့သွားပြီး ထိုအချိန် ၌   ပတ်၀န်းကျင်မှ  ကိုယ်ခံအားနည်းသူထံ   ယင်း ဗိုင်းရပ်စ်များ အလွယ်တကူ ကူးစက်နိုင်သည်။

 ကိုဗစ်-၁၉ ရောဂါ

အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလအစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီ ခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာသည်။ လက်ရှိ ကူးစက်နေသည့်  ကိုဗစ်-၁၉  ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက   ကူးစက်ပျံ့နှံ့ခဲ့သည့်    အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့်  ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသည့်  XEC မျိုးကွဲတို့ဖြစ်သည်။ မြန်မာနိုင်ငံ၌လည်း ဇွန်လ ၁ ရက်မှ ၈ ရက် ပထမရက်သတ္တပတ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦး တွေ့ရှိ ခဲ့ပြီး ဇွန်လ ၈ ရက်မှ ၁၅ ရက် ဒုတိယရက် သတ္တပတ် အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် ၅၂ ဦးတွေ့ရှိခဲ့သည့် အတွက် ရောဂါ ဖြစ်ပွားမှု ရာခိုင်နှုန်းတိုးလာသည်။

ကံကောင်းသည်ဟုဆိုရမည့်အချက်မှာ   ထိုမျိုး ကွဲ၏ရောဂါကူးစက်ပုံသည် အသက်ရှူလမ်းကြောင်း အထက်ပိုင်းဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ် နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်းဖြစ်သော ကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေရာ ရောဂါ ကြောင့်သေဆုံးမှုကိုလည်း နည်းပါးစေသည်။ ယခင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်တာမျိုးကွဲ၏ရောဂါကူးစက် ပုံမှာ အသက်ရှူလမ်းကြောင်း အောက်ပိုင်း ဖြစ်သည့် အဆုတ်ကိုတိုက်ခိုက်ခြင်းဖြစ်သောကြောင့်  အဆုတ် ရောင်ရောဂါဖြစ်ပွားရသည့် အတွက် ရောဂါပြင်းထန် ပြီး သေဆုံးမှု များပြားရခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူထိုမျိုးကွဲအသစ်များသည် ရောဂါပြင်းထန်မှုကိုလျော့နည်းစေသော်လည်း ကူးစက် မှုနှုန်းမြန်ဆန်စေခြင်း၊ ယခုနှစ်မြန်မာနိုင်ငံ၏ ရာသီဥတုသည်ယခင်နှစ်ကထက် မုတ်သုံစော၀င်ခြင်းနှင့်အတူလက်ရှိရာသီဥတုအခြေအနေမှာလည်း ယခင်နှစ်ကထက် မိုးရေချိန်လက်မ နှစ်ဆပိုနေခြင်း၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလပတ်လုံးမိုးကြီးမည် ဖြစ်ရာ  ကျောင်းဖွင့်ရာသီချိန်နှင့်  တိုက်ဆိုင်နေခြင်း စသည်တို့ကြောင့်   ကိုဗစ်-၁၉   ရောဂါဖြစ်ပွားမှု မြင့်တက်လာနိုင်သည့်အတွက်အထူးသတိထားရ မည်ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ၏    ပင်မရောဂါလက္ခဏာ များမှာ ဖျားခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ် လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်း ဆိုးခြင်းနှင့်လည်ချောင်းနာခြင်းတို့ ဖြစ်ကြသော်လည်းနောက်ပိုင်းတွင် တချို့လူနာများ၌၀မ်းပျက်၀မ်းလျှောလက္ခဏာများကိုပါ တွေ့ရပြီး အမေရိကန် သုတေသနပညာရှင်များသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဆိုင်ရာ လေ့လာချက်ပေါင်း ၂၉ ခုကို ပြန်လည်စိစစ်ပြီး နောက် ယင်းဗိုင်းရပ်စ်သည် မစင်အညစ်အကြေးများမှလည်း  ကူးစက်နိုင်ကြောင်း   ဖော်ထုတ်တွေ့ရှိ ထားသည်။

ကာကွယ်ရန် နည်းလမ်းကောင်းများ

လတ်တလော  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက်  မိမိကစ၍ကာကွယ်ရန်နည်းလမ်းကောင်းများကို  အောက်ပါအတိုင်း အကြံပြုလို ပါသည်။

-လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်ကြသော  ဖျားခြင်း၊ နှာစေးခြင်း၊နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည် ချောင်းနာခြင်း     စသည့်လက္ခဏာရှိသူများ အနေဖြင့်  မိမိမှ တခြားသူများသို့  ကူးစက်မှု မရှိစေရေး   ပါးစပ်နှင့်နှာခေါင်းကို   လုံခြုံစွာ ဖုံးအုပ်ကာ စနစ်တကျ Mask တပ်ဆင်ပါ။ အသုံး ပြုပြီးသော Mask ကို အဖုံးပါသော အမှိုက်ပုံး ထဲတွင်သာစွန့်ပစ်ပါ။  ပြီးနောက်  စနစ်တကျ လက်ဆေးပါ။

-လူထူထပ်သောနေရာများသို့သွားခြင်းကို ရှောင် ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါကပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပါ။

-ပါးစပ်နှင့်    နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်းပြုလုပ်ပါ။

-ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသ မှုခံယူပါ။

-တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကိုရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) ဖြင့် မကြာခဏဆေးကြောပါ။

-ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများဖြစ်ပွားခြင်း၊ ရောဂါ လက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံး မှုတို့မှ    ထိရောက်စွာကာကွယ်ပေးနိုင်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုခံယူပါ။

-ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့်အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အသက် ၆၀နှင့်အထက်အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူ များ၊ ကိုယ်၀န်ဆောင်ကာလ သုံးလနှင့်အထက်ကိုယ်၀န်ဆောင်မိခင်များ အနေဖြင့်  ကိုဗစ်-၁၉  ရောဂါ  ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုကို   မဖြစ်မနေခံယူသင့် သည်။

ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်များသည်  လူ့ခန္ဓာ ကိုယ်၏ကိုယ်ခံအားစနစ်ကိုရှောင်ရှားပြီးကူးစက် မြန်ဆန်စေသည်။အဆိုပါမျိုးကွဲများသည် ယခင် ကာကွယ်ဆေးများ၏ထိရောက်မှုကိုအားနည်းစေ နိုင်သည်။ထို့ကြောင့်ယခင်ကကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့်ကိုယ်ခံအားနည်းလာကာ ပြန်လည် ကူးစက်ခံရနိုင်မှုနှုန်း   မြင့်မားလာနိုင်သဖြင့်ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရန် လိုအပ်သည်။

အချုပ်အားဖြင့်ဆိုသော် ယခုတွေ့ရှိရသော ကိုဗစ်- ၁၉  ရောဂါပိုးမျိုးကွဲအသစ်သည်   အသက်ရှူလမ်း ကြောင်း အထက်ပိုင်းဖြစ်သည့်  နှာခေါင်း၊ လည်ချောင်း၊  ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက် ခြင်းဖြစ် သောကြောင့်  မိမိကိုယ်ကို ကိုဗစ်- ၁၉ ရောဂါသံသယ ရှိသူများနှင့်မဖြစ်မနေလူစုလူဝေးရှိရာ နေရာသို့ သွားရပြီးနောက် အိမ်ပြန်ရောက်ပါက ဆားငန်ရည် ငုံခြင်း  သို့မဟုတ်  ဆားငန်ရည်ဖြင့်  အာလုတ်ကျင်း ခြင်းတို့ကို ပြုလုပ်သင့်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွား၊သေဆုံးမှုများမှကြိုတင်ကာကွယ်နိုင်ရန်ပြည်သူလူထုအနေဖြင့်အထက်ဖော်ပြပါအချက်အလက်များကိုမိမိကစ၍သတိပြုလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပြီး တခြားသူများကိုလည်း လိုက်နာ ရန်တိုက်တွန်းပြောကြားရန်လိုကြောင်းအကြံပြုရေးသားလိုက်ရပါသည်။  

မြန်မာနိုင်ငံအတွက် အကျိုးစီးပွားများစွာဖော်ဆောင်နိုင်ခဲ့တဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေး ဖိုရမ် (EEF 2025) သို့ ခရီးစဉ်

Posted_Date

Image

မြန်မာနိုင်ငံအတွက် အကျိုးစီးပွားများစွာဖော်ဆောင်နိုင်ခဲ့တဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေး ဖိုရမ် (EEF 2025) သို့ ခရီးစဉ်

Body

နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးဟုသတ်မှတ်မည်ဆိုပါကထိုနိုင်ငံအတွက်စွမ်းစွမ်းတမံဦးစီး ဆောင်ရွက်ပေးသော ခေါင်းဆောင်ကောင်းရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများ ကို ရှာဖွေဖန်တီးဆုပ်ကိုင်လျှောက်လှမ်းမှုတို့က အကြောင်းတရားများ ဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းဟုဆိုရာတွင် ကိုယ်ကျိုးကိစ္စများကို ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ်ဦးဆောင်ရသည့် အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ကြဉ်းပေးနိုင်သူကိုသာ ခေါ်ဆိုရမည်ဖြစ်သည်။ ထို့အတူ ခေါင်းဆောင်ကောင်းရှိရုံ မျှဖြင့် မပြည့်စုံသေးပေ။ မိတ်ဆွေကောင်းများ နှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများလည်းရှိကာ ထိုအခွင့်အလမ်းကောင်းများ ကို  ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်ရဦးမည်ဖြစ်သည်။

ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန်ဆိုသည်မှာ ကိုယ်တိုင်အသိစိတ်၊ စွန့်လွှတ်အနစ်နာခံ စိတ်တို့ နှင့်အတူ ထားရှိရမည့်စိတ်နေစိတ်ထားများကိုမွေးမြူရန်လိုအပ်လှပေသည်။ ထို့အတူပင် အခွင့်အလမ်း ကောင်းများဆိုသည်မှာလည်း သူ့အလိုလိုဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်က ဖန်တီး ယူရခြင်းဖြစ်သည်။ ပေါ်ထွန်းလာသောအခွင့်အလမ်းကောင်းများကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းပေါ်ကို လျှောက်လှမ်းရာတွင် မိတ်ကောင်း ဆွေကောင်းဆိုသည်မှာလည်း မရှိမဖြစ်အရေးပါလှသည်။ ထိုကဲ့သို့သောမိတ်ကောင်းဆွေကောင်း ဆိုသည်ကိုမူ မှန်ကန်စွာရွေးချယ်တတ်ဖို့အရေးကြီးသည်။ ထိုသို့ရွေးချယ်ခြင်းက ခေါင်းဆောင်ကောင်း အပေါ်မူတည်နေပြန်သည်။ ထို့ကြောင့် အရာအားလုံးသည် ကွင်းဆက်တစ်ခုကဲ့သို့ အပြန်အလှန်မှီခို ဆက်စပ်နေသည်ဟုဆိုရမည်ဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအတွက်    ရေခံမြေခံကောင်းသလို အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှုများ လုပ်ဆောင်နိုင်သည့် အချက်အချာကျသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် ပြည်တွင်း၌ စည်းလုံးညီညွတ်မှုအားနည်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျကျန်နေ ခဲ့သည်ကို တွေ့ရသည်။ သို့သော် ယခုအချိန်မှစ၍ သိပ်မဝေးတော့သောကာလတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကို မိမိတို့အနေဖြင့် မျက်ဝါးထင်ထင်မြင်တွေ့ရလိမ့်မည်ဟု ကျွန်တော်ကတော့ ယုံကြည်မိသည်။

အဘယ်ကြောင့်ဆိုသော်  ခေါင်းဆောင်ကောင်းတစ်ဦး၏ခံယူချက်နှင့်  မှန်ကန် သောလုပ်ရပ်များကြောင့် သာဖြစ်သည်။ ကျွန်တော်တို့စိုက်သော  အပင်သည် နောင်လာနောက်သားများအတွက် ဖြစ်သည်ဟုဆို သောစကားနှင့်အညီ ထိုခေါင်းဆောင်ကောင်း၏ ပစ္စုပ္ပန်လုပ်ရပ်များသည် အနာဂတ်တွင် မိမိတို့၏ မျိုးဆက်များအတွက်  အကျိုးများစေသည်မှာအမှန်ပင်ဖြစ်သည်။

ကျွန်တော်တို့၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှာပင်  ဘယ်လာရုစ်နိုင်ငံသို့သွား၍ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025) မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်ခဲ့သည်။ ထိုသို့ သွားရောက်ခြင်းသည် ကျွန်တော်တို့     မြန်မာနိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံ ခြင်းပင်ဖြစ်သည်ဟုဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် မှန်ကန်သောရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကိုယ်တိုင်ကိုယ်ကျထိတွေ့ဆက်ဆံနိုင်ခဲ့သည့်အတွက်ဖြစ် သည်။ ထို့ကြောင့် EAEU အကြောင်းကို အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုသည်။

ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ဆိုသည်မှာ ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်တွင် ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ရုရှားနိုင်ငံတို့မှခေါင်းဆောင်များက  သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်အသက်ဝင်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂၀၁၄ခုနှစ်၏အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် အာမေးနီးယားနှင့် ကာဂျစ်စတန်နိုင်ငံတို့ကို ထိုသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ခွင့်ပြုရေးအတွက် သဘောတူညီချက်များကို  လက်မှတ် ထိုးခဲ့သည်။ ထို့နောက် တွင် EAEU သည် အဖွဲ့ဝင်ငါးနိုင်ငံဖြင့်  ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။

EAEU သည် ကုန်စည်နှင့်ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းရေးကိုအားပေးကာ မေခရိုစီးပွားရေး ရပ်ဝန်း၊ ပို့ဆောင်ရေး၊ စက်မှုနှင့်စိုက်ပျိုးရေး၊ စွမ်းအင်၊ ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန်၊ လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း အစရှိသည်တို့ကို ဖော်ဆောင်ပေးသောအဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့၏အနာဂတ်မျှော်မှန်းချက် တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံ များကြားကုန်သွယ်ရေးတွင် ဘုံငွေကြေးတစ်ရပ်ကိုဖော်ဆောင် အသုံးပြုရေးနှင့် အဖွဲ့ဝင်နိုင်ငံအရေ အတွက် တိုးတက်များပြားလာရေးဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွက် ကောက်ယူရရှိသော စာရင်းများအရ ထိုအဖွဲ့တွင် လူဦးရေပေါင်း ၁၈၃ သန်းပါဝင်ပြီး ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ အထိရှိသည်။

EAEU နှင့်အတူ အရေးပါသည့်အရာတစ်ခုမှာ ဥရောပ-အာရှစီးပွားရေးဖိုရမ်ဖြစ်သည်။ ထိုဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်းသာမက အဖွဲ့ဝင်ပြင်ပနိုင်ငံများနှင့်ပါ စီးပွားရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခြင်းအပါအဝင် EAEU ဖွဲ့စည်းတည်ထောင်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ကိုတွေ့ရသည်။ အဆိုပါဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ကျွန်တော်တို့၏ နိုင်ငံတော်အကြီးအကဲသည်လည်း ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲပြောကြားသောမိန့်ခွန်းအနက် အချက်အလက်အချို့ကို ထုတ်နုတ်ကြည့်ရလျှင် မြန်မာနိုင်ငံနှင့် EAEU တို့ကြားထိတွေ့ဆက်ဆံမှုက ၂၀၂၂ ခုနှစ်မှစတင်ခြင်းဖြစ်သော်လည်း ၂၀၂၃ ခုနှစ်တွင် ထိုဆက်ဆံမှုက အရှိန်အဟုန်မြင့်တက်လာသည်ကိုတွေ့ရသည်။ ယင်းသို့ထိတွေ့ဆက်ဆံမှုမှ တစ်ဆင့် ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့သည့်  ကဏ္ဍများတွင် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွက်  မရှိမဖြစ်လိုအပ် သော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ မြန်မာနိုင်ငံ၏အဓိကထုတ်ကုန်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊  အနာဂတ် အတွက်အုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍ၊ ကုန်စည်စီးဆင်းမှုအတွက် အရေးပါသောသယ်ယူပို့ဆောင် ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံပါဝင်သည်။

ဤနေရာတွင် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ အရေးပါမှုကိုလည်းထည့်တွက်ရမည်ဖြစ် သည်။ ၂၀၂၃ ခုနှစ်မှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံနှင့်ဥရောပ-အာရှစီးပွားရေးကော်မရှင်တို့ကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်နိုင်သည်။ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့ကြား အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရန် အုတ်မြစ်ချ နိုင်ခဲ့ပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်မှာတော့ ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခြင်းဖြင့် အပြန်အလှန်ဆက်ဆံရေးက  ပိုမိုခိုင်မာလာပြီဖြစ်သည်။ ဒီလိုခိုင်မာမှုနှင့်အတူ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့ကြား စီးပွားရေး၊ ကုန်သွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုဖော်ထုတ်ပြီး တိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။

ထိုကဲ့သို့ အပြန်အလှန်ဆက်ဆံရေးတိုးတက်မြင့်မားလာမှုအတွက် အရေးပါပြီးအရာရောက်သည့် တစ်ခုမှာ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ဖြစ်သည်။ ထိုဖိုရမ်ကို   ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည်။ ထိုဖိုရမ်ကြောင့် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့ကြား အပြန် အလှန်စီးပွားရေး ဆက်ဆံမှုများ၊ ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာသည်။ မကြာသေးမီကကျင်းပပြီးစီးခဲ့သည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆွေးနွေးမှုအစီအစဉ်တစ်ခု၌ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဆင်ရီရှတ်နီကော့က မြန်မာ နိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုစာချုပ်မှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်မည့် အဓိကနယ်ပယ်မှာ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် သယ်ယူ ပို့ဆောင်ရေးအခြေခံအဆောက်အဦ၊ သတ္တု၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ အပါအဝင်အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေမည် ဖြစ်သည်။

(၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏  ဆက်စပ်အစည်း အဝေးအဖြစ်ကျင်း ပသော ဥရောပ-အာရှ စီးပွားရေးကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကိုလည်း အပြန်အလှန်ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ   အခွင့်အလမ်းများတိုးမြှင့်ရေးနှင့် လုပ်ငန်းအဖွဲ့များအကြား  ဆွေးနွေးရန်လိုအပ်သော စီးပွားရေး ဆိုင်ရာ အခက်အခဲများကို သတ်မှတ်ခြင်းတို့ကို အဓိကရည်ရွယ်ပြီးကျင်းပခဲ့သည်။ထိုအစည်းအဝေး တွင် ဥရောပ - အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့်  စည်းမျဉ်း စည်းကမ်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်းသည်  မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင် နိုင်ငံငါးနိုင်ငံတို့အကြား  ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ဆွေးနွေး ခြင်းဖြစ်သည့်အပြင်၂၀၁၉  ခုနှစ်မှစ၍ ကုန်သွယ်မှုပမာဏမှာ သုံးဆတိုးလာကြောင်း     ဥရောပ-အာရှ  စီးပွားရေးကော်မရှင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့်   ပေါင်းစည်းရေးဝန်ကြီး Mr.Eldar  Alisherov က ပြောကြားခဲ့သည်။ မိမိနိုင်ငံအကျိုးစီးပွားအတွက်  လက်ရှိအစိုးရ၏ကြိုးပမ်းဆောင်ရွက်မှု အသီးအပွင့်များပင်ဖြစ်သည်။ထိုမှတစ်ဆင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေးအတွက်  ယုံကြည်မှုများ      ပိုမိုတိုးမြှင့်ရရှိလာမည်ဖြစ်သည်။

ယခုဘယ်လာရုစ်နိုင်ငံတွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက်ဥရောပ-အာရှစီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံမှနိုင်ငံတော်အကြီးအကဲကိုယ်တိုင်တက်ရောက်ခြင်းက အိမ်ရှင်ဘယ်လာရုစ်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက ထိုသို့တက်ရောက်ခွင့်ရချိန်တွင် ရရှိသောအခွင့် အရေးကိုအကောင်းဆုံးအသုံးချသည့်အနေဖြင့် မြန်မာနိုင်ငံက ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်   များစွာစိတ်အားထက်သန်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ့ ခေါင်းဆောင်များက ထောက်ခံဆောင်ရွက်ပေးရန် အလေးအနက်ထားမေတ္တာရပ်ခံ လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏တည်နေရာနှင့် ရုရှား၊ ဘယ်လာရုစ် အစရှိသော ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏တည်နေရာကို မြေပုံပေါ်တွင်ကြည့်လျှင် တော်တော်လေးဝေးကွာသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာနိုင်ငံက ထိုသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးကြိုးပမ်းမှုသည် အရာထင်ပါ့ မလားဟူသော စိုးရိမ်မှုတို့ရှိနေနိုင်သည်။ သို့သော် ထိုအချက်ကိုစိတ်ပူစရာမလိုပေ။ အကြောင်းရင်းမှာမူ မြန်မာနိုင်ငံသည် အာဆီယံဒေသအတွက် အချက်အချာကျသောနေရာတွင်ရှိနေခြင်းကြောင့်ဖြစ်သည်။

ဥရောပ-အာရှစီးပွားရေးသမဂ္ဂဆိုသည်မှာ နိုင်ငံရေး၊ စစ်ရေးထက် စီးပွားရေးကို အဓိက ဦးစားပေး ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့အတွက် ၎င်းတို့အနေဖြင့် စီးပွားရေးကွန်ရက်ကို မဖြစ်မနေချဲ့ထွင်ရမည်ဖြစ်သည်။ ယင်းသို့ချဲ့ထွင်ရာတွင်ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် စီးပွားရေးလုပ်ခြင်းထက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ခြင်းက ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် အလားအလာကောင်းများရှိသော နယ်မြေများကိုရှာဖွေရာတွင်  အာဆီယံဒေသကရှေ့ဆုံးတွင်ရှိနေသည်။    အာဆီယံဒေသအတွက် မည်သည့်နိုင်ငံကအချက် အချာဖြစ်မည်ကိုဆက်လက်ရှာဖွေရာတွင် မြန်မာနိုင်ငံကထိပ်ဆုံးကပါဝင်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့်  ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သွားပါက မြန်မာနိုင်ငံအတွက်သာမက အာဆီယံဒေသအတွက်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်စေမည်ဖြစ်သည်။

ထိုအရေးကိုကြိုတင်ရှုမြင်ထားသည့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ က မြန်မာနိုင်ငံကိုဧည့်သည်တော်အဖြစ်ဖိတ်ကြားသည်။ ကျွန်တော်တို့၏နိုင်ငံတော်အကြီးအကဲက လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂနှင့်ဆက်စပ်၍ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မည့်အလားအလာကောင်းများကိုမြော်တွေးကာ ဖိတ်ကြားမှုကိုလက်ခံသည့်အပြင် မိန့်ခွန်းပါပြောကြားပြီး မြန်မာ နိုင်ငံကို ၎င်းတို့၏မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်နေကြောင်းပြောကာ    မြန်မာနိုင်ငံကို လေ့လာသူအဖြစ်ဆောလျင်စွာ   ပါဝင်ခွင့်ပြုရေး မေတ္တာရပ်ခံခဲ့သည်။

အစောပိုင်းတွင်ပြောခဲ့သည့်စကားကိုပြန်ကောက်ရလျှင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်   ခေါင်းဆောင်ကောင်းရှိပြီး ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းကောင်းများကို     ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင် နိုင်စွမ်းရှိရမည့်အပြင် မိတ်ကောင်းဆွေကောင်းကိုလည်း မှန်ကန်စွာရွေးချယ်တတ်ရမည်ဖြစ်သည်။ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကြည့်လျှင် ခေါင်းဆောင်ကောင်းတစ်ဦးပီသသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊  ဘယ်လာရုစ်နိုင်ငံတို့ကဲ့သို့သော မိတ်ကောင်းဆွေကောင်းများကိုမှန်ကန်စွာရွေးချယ်ကာ ဥရောပ-အာရှစီးပွားရေးဖိုရမ်ဟူသည့် အခွင့်အလမ်းကောင်းကိုဆုပ်ကိုင်၍ အခွင့်အရေး အဖြစ်ပြောင်းလဲအသုံးချကာ မြန်မာနိုင်ငံ၏အကျိုးစီးပွားအတွက် အောင်မြင်မှုရှိစွာ    ဖန်တီးနိုင်ခဲ့ သည်ကိုတွေ့ရသည်။

အကယ်၍များ မြန်မာနိုင်ငံက ဥရောပ-အာရှစီးပွားရေးသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရသွား ပြီဆိုလျှင် မြန်မာနိုင်ငံနှင့်ထိုအဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာမည်။ ကုန်သွယ်မှုများမြင့်တက်လာမည်။ နိုင်ငံအတွင်းအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် လာမည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံသားတို့၏  ဘဝသည်လည်း ရေမြင့်၍ ကြာတင့်သကဲ့သို့ ဖြစ်လာစေမည်ဖြစ်သည်။ ထိုသို့သောအကျိုးကိုရရှိအောင် ကောင်းမွန်သော အကြောင်းတရားကိုကျွန်တော်တို့၏နိုင်ငံတော်အကြီးအကဲက ဖန်တီးဆောင်ရွက်ထားပြီဖြစ်ပေတော့သည်။    ။   

ပြည်သူတို့နှလုံး စိတ်ဝမ်းအေးချမ်းစေမည့် ငြိမ်းချမ်းရေး

Posted_Date

Image

ပြည်သူတို့နှလုံး စိတ်ဝမ်းအေးချမ်းစေမည့် ငြိမ်းချမ်းရေး

Body

လူသားတို့မွေးဖွားလာသည်မှစတင်၍ လူ့လောကတွင်  စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် ဘဝခရီးကို ဖြတ်သန်းလိုကြသည်မှာ တူညီသောဆန္ဒဖြစ်သည်။ တစ်ဦးအပေါ်တစ်ဦး      လက်နက်ကိုင် အားကိုးဖြင့်အနိုင်ကျင့် လွှမ်းမိုးနေခြင်းကို  မည်သူမျှနှစ်သက်သဘောကျမည် မဟုတ်ပါ။ လက်နက်ကိုင်ဆောင်ကာ မတရားမှုများ ကျူးလွန်နေသူများရှိနေသည့်အတွက် ိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် တည်ငြိမ်မှုကင်းမဲ့ကာ  စိတ်သောက များစွာဖြင့် နေထိုင်ရခြင်းမှာ လူ့အခွင့်အရေးဆုံးရှုံးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအဆက်ဆက်ကကြိုးပမ်းဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်၏ တာဝန်ကိုစတင် ထမ်းဆောင်ချိန်မှစ၍ ငြိမ်းချမ်းရေးကိစ္စများကို  အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက်   NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်” ဟူသောလုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်လျက်ရှိသည်။   တပ်မတော်အနေဖြင့်  တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို အကြိမ်ပေါင်းများစွာပြုလုပ်ရင်း ရင်းနှီးပွင့်လင်းသော၊  ထင်ရှားမြင်သာသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို  ကျင်းပပေးခဲ့သည်။

အချို့သော လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူရမည်ကို စိုးရွံ့သည့်အတွက် မရေရာမတိကျသောအကြောင်းအချက်များကိုပြ၍ ငြိမ်းချမ်းရေးလမ်းစဉ်မှသွေဖည်လျက်ရှိသည်။ ပြည်သူတို့၏လူမှု စီးပွားဘဝတည်ငြိမ်အေးချမ်းဖို့အတွက်    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရမည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုလျှင်   တိုင်းပြည်ငြိမ်းချမ်းရမည်။

ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါစာချုပ်သည်  နိုင်ငံတော်အစိုးရ၊  တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသာမက  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်    ပြည်ပနိုင်ငံအချို့မှ ခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုး ထားသည့်  သမိုင်းဝင်စာချုပ်ဖြစ်သည်။

ဤစာချုပ်မှာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့သည့် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” မှစတင်ခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့ ရည်ရွယ်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်နက်ကိုင်ပြီး အစိုးရအဆက်ဆက်ကို တောင်းဆို

ခဲ့သည်မှာ   “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး” ဖြစ်သည်။ ဤအချက်များကို NCA တွင် မူအားဖြင့် သဘောတူထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ  ဆွေးနွေးနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာရယူလိုပါက တရားဝင်နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရမည်ဖြစ်သည်။ စီးပွားရေးလုပ်ချင်လျှင် ကုမ္ပဏီထောင်ရမည်ဖြစ်သည်။ နိုင်ငံတော်ကိုကာကွယ်မည့် စစ်မှုထမ်း လုပ်ချင်ပါက    နိုင်ငံတော်၏ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်သို့ ဝင်ရောက်ကြရမည်ဖြစ်သည်။ ဤသည်မှာနည်းမှန်လမ်းမှန်ဖြစ်သည်။   ဤသည်ကိုမျက်ကွယ်ပြုကာ တစ်ဖက်က ငြိမ်းချမ်းရေးကို  အကြောင်းပြလျက် လက်နက်စွဲကိုင်လျက်  နိုင်ငံရေးတည်ဆောက်နေခြင်းမျိုး၊  လက်နက်အင်အား၊ လူအင်အား တည်ဆောက်နေခြင်းမျိုး၊ နယ်မြေတည်ဆောက်နေခြင်းမျိုး၊ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်ကာ ပြည်သူများလိုလားသည့် ဒီမိုကရေစီကိုဆန့်ကျင်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုကိုဆန့်ကျင်ခြင်း၊    လက်နက်ကိုင်ပြီး သူတစ်လူငါတစ်မင်း၊     နယ်တစ်နယ် ဓားတစ်စင်းစနစ်ကို တည်ထောင်နေခြင်းတို့မှာ ပြည်သူ့ ဆန္ဒကို ဆန့်ကျင်နေခြင်းဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းဖြင့်  မိမိတို့လိုလားချက်များကို တင်ပြကြရမည်ဖြစ်သည်။

ထိုသို့ဆွေးနွေးတင်ပြနိုင်ရန် အတွက် ငြိမ်းချမ်းရေးဖိုရမ်- Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ နှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်တွင်ကျင်းပခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးဖိုရမ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ရန်၊ လူသားချင်းစာနာမှု  အကူအညီများနှင့် လူမှုစီးပွားဘဝစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊  နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန် တို့အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ရန်ကျင်းပခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင်     မိမိတို့၏ဆန္ဒ၊ အကျိုးစီးပွားထက်      ပြည်ထောင်စုတိုင်းရင်းသား ပြည်သူများ  အားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍  စိတ်ရင်းစေတနာ မှန်ကန်စွာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် ကြသည်ကို တွေ့မြင်ရသည်။ ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ဧည့်သည်တော်ပညာရှင်များ ပါဝင်ဆွေးနွေးကြသည်။  ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ  ဧည့်သည်တော်များ၊ နိုင်ငံခြားသံရုံးအသီးသီးမှ သံတမန်များ၊ ဖိုရမ်မှာပါဝင်ဆွေးနွေးကြမည့် ပြည်တွင်းပြည်ပ  ပညာရှင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊  အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊  အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။    နိုင်ငံတကာက ပညာရှင်ကြီးများ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   ပုဂ္ဂိုလ်များကိုယ်တိုင်    ပါဝင်တက်ရောက်    ဆွေးနွေးသည့်ပွဲဖြစ်၍ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုကဏ္ဍတွင် ထူးခြားသည့်သမိုင်းမှတ်တိုင်အဖြစ် မော်ကွန်းတင်နေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပြဿနာကလည်း ဒွန်တွဲပါလာခဲ့သည်ကို ထင်ရှားစွာမြင်ကြပြီးဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများက  တတ်နိုင်သမျှ သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးချိန်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်။ ထို့နောက် နိုင်ငံတော်၏သမိုင်းကြောင်းအ‌ခြေအနေများအရ ၁၉၆၂ခုနှစ်တွင်    တော်လှန်ရေးကောင်စီက  နိုင်ငံတော် တာဝန်များကိုရယူခဲ့ရသည်။

ထို့နောက်ဆိုရှယ်လစ်စနစ်ကို ၁၉၈၈ ခုနှစ်အထိ ကျင့်သုံးခဲ့သည်။  ပြည်သူများက ပါတီစုံဒီမိုကရေစီစနစ်ကူးပြောင်းရန်တောင်းဆိုချက်အရ  ၁၉၈၈  ခုနှစ်တွင် တပ်မတော်က  ဒီမိုကရေစီကူးပြောင်းရေးကို တစ်ဆင့်ပြီးတစ်ဆင့်  အသားကျအောင်လုပ်ဆောင်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်တို့ကို ဖြည်းဖြည်းချင်းပြောင်းလဲခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်

ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်  အတည်ပြုဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)တွင်ဖက်ဒရယ် အခွင့်အရေးနှင့် ပတ်သက်၍ ဖက်ဒရယ်အခွင့်အရေးများ ပေးထားသည်ကို   လေ့လာတွေ့ရှိနိုင်သည်။ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေးအရ တောင်းဆိုမှုများကိုလည်း  ဖွဲ့စည်းပုံအခြေခံဥပဒေ၌  ပြင်ဆင်ရန် လိုအပ်သည်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြင်ဆင်ပေးမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ပြည်သူများ၏ဆန္ဒနှင့်

အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့သမိုင်းတစ်လျှောက်တွင် တပ်မတော်သည်ပြည်သူလူထု၏ အကျိုးစီးပွားကို  အစဉ်ဦးထိပ်ထားကာ ဆောင်ရွက်ပေးခဲ့သည်ချည်းဖြစ်သည်။ 

ပြည်သူများလိုလားသည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်တွင်   တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနှင့်  အောင်မြင်စွာ ကူးပြောင်းပေးနိုင်ခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို  ယခင်ကတည်းက အလေးထား ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ကို ထင်ရှားစွာသိမြင်နိုင်သည်။

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ် NCA စာချုပ်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက်  ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ချမှတ်ပြီး ယနေ့တိုင် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  ငြိမ်းချမ်းရေးမူဝါဒများမှာ NCA စာချုပ်၏အနှစ်သာရဖြစ်ပြီး ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုများမှ ရရှိလာသည့် “အသိတရား” ဖြစ်သည်။ လက်ရှိ  ငြိမ်းချမ်းရေး တည်ဆောက်မှု ခိုင်မြဲစေရန်အတွက် လိုက်နာလုပ်ဆောင်ရမည့်   “အရှိတရား” များလည်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ  ပြည်သူလူထုက ရွေးချယ်သည့်အုပ်ချုပ်ရေး စနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားစေခြင်းဖြစ် သည်။ တစ်နည်းအားဖြင့်  ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့်  တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊   လူမျိုးများနှင့်လူမျိုးစုများ စုစည်းလုပ်ကိုင်ရာကနေ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းတို့ဖြစ်သည်။ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိပြီး       ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် ယခုနှစ်    အကုန်ပိုင်းမှာ ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)အပြင် အချိုးကျကိုယ်စားပြုစနစ်   (PR)စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲ    ကျင်းပနိုင်ရေးမှာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေပေါ်တွင်  အများကြီးမူတည်သည်။ ရွေးကောက်ပွဲကျင်းပပြီးပါက ဥပဒေနှင့်အညီ လွှတ်တော်အသီးသီး ပေါ်ပေါက်လာမည်။  

လွှတ်တော်ပေါ်ပေါက်လာပြီး   ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းကြရမည်။ ထိုအချိန်အခါမျိုးတွင် လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်သည်ကို တောင်းဆိုခြင်းမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်ဖန်တီးနေခြင်း မျိုးများမှာ    ဒီမိုကရေစီနှင့် ဆန့်ကျင်သွေဖည်နေသည်။  

မိမိတို့၏လိုလားချက်များကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြု ဆောင်ရွက်ကြရမည်သာဖြစ်သည်။

ဒီမိုကရေစီဖော်ဆောင် ကျင့်သုံးရာတွင်  နိုင်ငံ၏သမိုင်းကြောင်း၊   လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊  ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့်  ဖော်ဆောင်သွားကြရမည်သာဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အားလုံးစုဖွဲ့ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဆိုပါက ထိရောက်အောင်မြင်မှာဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ဆန္ဒအစစ်အမှန်မှာ တိုင်းရင်းသားပြည်သူ အားလုံးအတွက် ညီညွတ်မျှတသည့် လူမှုစီးပွားဘဝလုံခြုံရေးနှင့် အာမခံချက်ရရှိရေးတို့သာ အဓိကဖြစ်သည်။ အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့ဘဝတိုးတက်မှုကို ရရှိမှာဖြစ်သည်။ ထိုသို့အခြေအနေမျိုးသို့ရောက်ရှိရန်မှာ  မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ရိုးသားပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ကြရန်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းကို အဓိကကိုင်စွဲပြီး လျှောက်လှမ်းလျက်ရှိပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှုမရှိဖို့လိုသလို ပြည်တွင်းက အဖျက်အမှောင့်ပယောဂတွေ ကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်း    လိုပါတယ်။

တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ရရှိအောင်မြင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့အပြည့်အဝ ယုံကြည်ထားပါတယ်” ဟူ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်က ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီစတင် တာဝန်ယူပြီး အရင်ဆုံး ဦးစားပေးဆောင်ရွက်ခဲ့သည်မှာ ထာဝရငြိမ်းချမ်းရေးပင်ဖြစ်သည်။   ငြိမ်းချမ်းရေးအားကြိုးမာန်တက် ဆောင်ရွက်ရန် ကော်မတီများ  ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်းလမ်းဖွင့်ထားပြီး  ကြိုတင်သတ်မှတ်ချက်မရှိသည့်ဆွေးနွေးပွဲများကို   ဖိတ်ခေါ်ကမ်းလှမ်းမှုများ၊ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်  မိမိတို့၏ဆန္ဒနှင့် မိမိတို့အဖွဲ့အစည်း အကျိုးစီးပွားထက်   ဖြစ်သင့်ဖြစ်ထိုက်သည့်  ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်နှင့် ရှုမြင်သုံးသပ်ပြီး  ပြည်ထောင်စုငြိမ်းချမ်းရေးကို လိုက်ပါလုပ်ဆောင်ကြရန်ဖြစ်သည်။

နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်အခါမှာ တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိနိုင်သည်။ သို့သော်လည်း ကိုယ်စီလိုလားချက်များကို လက်နက်ကိုင်သည့်လမ်းစဉ်ဖြင့် တောင်းဆိုနေကြခြင်းမှာ မှားယွင်းသည့် လုပ်ရပ်သာဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းကြမှသာ အမှန်ကန်ဆုံးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လိုလားချက်များကို နိုင်ငံရေးနည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် အားပေးဆောင်ရွက်သွားကြရမည်သာဖြစ်သည်။ သို့မှသာ တိုင်းရင်းသားအားလုံး   စည်းစည်းလုံးလုံး၊    ညီညီညွတ်ညွတ်၊ တက်ညီလက်ညီနှင့် ရည်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန်မှာ ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေး ရရှိရေးသာဖြစ်သည်။ 

လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လုပ်ရပ်များကြောင့်   နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး   ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ   လက်တွဲဖော်ဆောင် ကြရန် လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊   အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၊ အကြမ်းဖက် PDF အဖွဲ့အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနှင့်ရွေးကောက်ပွဲ လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက်လည်း  နိုင်ငံတော်အစိုးရက အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုမှတစ်ဆင့် ရရှိပေါက်ဖွားလာသည့် ရလဒ်ကောင်းများနှင့် ဖော်ဆောင်ကြရမှာသာဖြစ်သည်။  တွေ့ဆုံဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို  နိုင်ငံတော်အနေဖြင့် အစဉ်ဖွင့်လှစ်ကြိုဆိုလျက်ရှိသည်။

လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကမိမိတို့၏ လိုလားချက်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို နိုင်ငံရေးနည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းအဖြေရှာကာ  ပြည်သူတို့ နှလုံးစိတ်ဝမ်း အေးချမ်းစေမည့်ငြိမ်းချမ်းရေးကို  ကြိုးပမ်းဆောင်ရွက်ကြရန်  ဖြစ်ပါကြောင်း  တိုက်တွန်းရေးသား လိုက်ရပေသည်။   ။