သွေးတိုးသမားများ သိထားရန်လိုမည့် အန္တရာယ်ရှိသည့် လက္ခဏာများ

Posted_Date

Image

သွေးတိုးသမားများ သိထားရန် လိုမည့် အန္တရာယ်ရှိသည့် လက္ခဏာများ

Body

သွေးတိုးတာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မည်ဆိုပါက အသက်အန္တရာယ် ထိခိုက် စေနိုင်ပါသည်။ သွေးတိုးသမားများ သိထားရန် လိုအပ်သည့် အန္တရာယ်ရှိသည့် လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါသည်။

ဘယ်လောက်ဆိုရင် သွေးတိုးနေပြီဟု ဆိုနိုင်လဲ

ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါသည်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg – 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နှင့် အောက်သွေးက 90 mmHg ဆိုရင်တော့ သွေးတိုးနေတာပါ။

ဒါကို တစ်ကြိမ်တည်း တိုင်းကြည့်ရုံဖြင့် သွေးတိုးရှိနေပြီဟု ဆုံးဖြတ်၍ မရပါ။ သေချာအောင် ဆေးရုံ၊ ဆေးခန်းများတွင် စနစ်တကျတိုင်းဖို့ လိုပါသည်။

သွေးတိုးသမားများ သိထားရန် လိုအပ်သည့် နောက်ဆက်တွဲပြဿနာများ

သွေးတိုး ရှိသည်ကို သေချာ ဂရုမစိုက်ဘူးဆိုလျှင် နောက်ဆက်တွဲ အနေဖြင့်

  • ရုတ်တရက် နှလုံးရပ်တာ

  • နှလုံးရောဂါ

  • လေဖြတ်တာတွေ ခံစားရနိုင်ပြီး အဆိုးဆုံးအနေဖြင့် အသက်ဆုံးရှုံးနိုင်ပါသည်။

သွေးတိုးသမားများ သိထားရန် လိုအပ်သည့် အန္တရာယ်ရှိသည့် လက္ခဏာများ

သွေးတိုးသမားတွေ ယခုလို လက္ခဏာတွေ ခံစားရရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါသည်။

  • သွေးပေါင်ချိန် 180/120 mmHg အထက်

  • ခေါင်းကိုက်မယ် (ပြင်းပြင်းထန်ထန် ကိုက်တာမျိုး)

  • အမြင်တွေ ဝေဝါးလာမည်

  • စိတ်ရှုပ်ထွေးမည်

  • စိုးရိမ်စိတ်တွေ များလာမည်

  • မအီမသာ ဖြစ်မယ်

  • အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်မည်

  • ဘာလက္ခဏာမှ မရှိဘဲ သွေးတက်နေမယ်ဆိုရင်လည်း ဆေးခန်းသွားဖို့ လိုပါသည်

သွေးတိုးကြောင့် အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် လက္ခဏာများ

  • အမြင်အာရုံ ဆုံးရှုံးမည် (ယာယီအားဖြင့် ဘာမှ မမြင်ရတော့တာမျိုး)

  • တက်မည်

  • သတိလစ်မည်

  • အသက်ရှူမြန်မည်

  • အော့အန်မည်

  • ခြေဆစ်လက်ဆစ်တွေ ဖောရောင်မည်။ ဒါတွေက မြင်သာသည့် လက္ခဏာတွေပါ။

အထက်ပါ လက္ခဏာတွေခံစားနေရလျှင် ဘာလုပ်သင့်သလဲ

သွေးတိုးရောဂါရှိတာကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အထက်ပါ လက္ခဏာတွေ ခံစားရသည့်အခါ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားသင့်ပါသည်။ ဒါတွေက အရေးပေါ် လက္ခဏာတွေ ဖြစ်ပြီး အခန့်မသင့်လျှင် အသက် အန္တရာယ် ဖြစ်သွားနိုင်ပါသည်။

ယခုလိုအချိန်မှာ အိမ်ကသွေးကျဆေးတွေ သောက်တာ၊ သွေးတိုးမြန်မြန်ကျအောင် မလုပ်သင့်ပါ။ ထိုအချိန်မှာ သွေးတိုးကို အမြန်ချတာက အန္တရာယ်ရှိသောကြောင့် တတ်သိနားလည်သည့် ဆရာဝန်ဖြင့် ပြသခြင်းသည် အကောင်းဆုံးပါ။

ကိုယ်တွင်းပိုင်းမှာ သွေးတိုးတာကြောင့် ထိခိုက်မှုများ

သွေးတိုးခြင်းက ကိုယ်တွင်းအင်္ဂါတွေ ထိခိုက် ပျက်စီးနိုင်ပါသည်။ သွေးတိုးသည့်အခါ ပြင်းထန်သည့် လက္ခဏာများ အနေဖြင့် 

  • စိတ်တွေ ထွေပြားလာမည်

  • ဦးနှောက်ထဲ သွေးယိုမည် (ဦးနှောက် သွေးကြောပေါက်ခြင်း)

  • နှလုံးရပ်မည်

  • ရင်ဘတ်အောင့်မည်

  • အဆုတ်ထဲမှာ ရေဝင်မည်

  • ရုတ်တရက် နှလုံးရပ်မည်

  • ကိုယ်ဝန်သည်တွေမှာ ကိုယ်ဝန်ဆိပ်တက်မည် စတာတွေကို ခံစားရနိုင်ပါသည်။

သွေးတိုးရောဂါရှိသူတွေအနေဖြင့် မိမိ၏သွေးတိုးကို ပုံမှန်မတိုင်းဘူး။ သေချာမကုသဘူးဆိုပါက အထက်ပါ ပြဿနာတွေ ဖြစ်လာနိုင်သောကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရက်ချိန်းပုံမှန်ပြသခြင်းတို့ လိုအပ်ပါသည်။