နှလုံးအကြောင်းသိကောင်းစရာ

Posted_Date

Image

နှလုံးအကြောင်းသိကောင်းစရာ

Body

လူ့ခန္ဓာကိုယ်သည် ကားတစ်စီးဆိုပါက နှလုံးသည် အင်ဂျင်နှင့်တူပါသည်။ လူတစ်ယောက်အသက်ရှင်ရန် အတွက် အဓိက မောင်းနှင်ပေးနေသည့်အရာသည် နှလုံးဖြစ်သည့်အတွက်နှလုံးကျန်းမာရေးသည် အရေးကြီးပါသည်။ နှလုံးမှာ ကြွက်သားသုံးထပ်ရှိပြီး အခန်း ၄ ခန်းရှိပါသည်။ နှလုံးသည် လူတစ်ယောက်၏ ရင်ဘတ်အလယ်ပိုင်းနှင့် အဆုတ် နှင့်ကြားတွင် တည်ရှိပါသည်။ ပုံမှန်လူတစ်ယောက်၏ နှလုံးသည် လက်သီးဆုပ်အရွယ်ရှိပြီး တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားဖြင့် တစ်နေ့ကို အကြိမ်ပေါင်း ၁၀၀၀၀ ခန့်ခုန်ပါသည်။ နှလုံး၏အဓိကတာဝန်ကို နှလုံးကြွက်သားတွေက ထမ်းဆောင်ကြပါသည်။ နှလုံး၏ကြွက်သားတွေက Contraction ဟုခေါ်သည့် ညှစ်ထုတ်ခြင်းနှင့် Relaxation ဟု ခေါ်သည့် လျော့ချခြင်းတို့ကို စနစ်တကျပြုလုပ်ပေးမှသာ နှလုံးသည် ကောင်းစွာအလုပ်လုပ်ပါသည်။ သို့မှသာ နှလုံး ကျန်းမာသည်ဟု ခေါ်ဆိုနိုင်ပါသည်။

နှလုံး၏ကြွက်သားတွေကျန်းမာရန်အတွက် အောက်ဆီဂျင်ပါသည့်သွေးတွေလိုပါသည်။ ထိုသွေးကို ပို့လွှတ်ပေးနေ သည့် သွေးကြောတွေကို Right & Left Coronary arteries (ဘယ်/ညာ ကိုရိုနရီ သွေးကြောများ) ဟုခေါ်ပါသည်။ အဆိုပါသွေးကြောလေးများ ကျဉ်းသွားခြင်းကို နှလုံးသွေးကြောကျဉ်းသည်ဟု ခေါ်ဆိုပြီး နှလုံးနှင့်ပတ်သက်ပြီး လူတွေအဖြစ်များဆုံးရောဂါဖြစ်ပါသည်။

နှလုံးကျန်းမာရေးအတွက် မည်သို့ပြုမူနေထိုင်ရမလဲ 

နှလုံးကျန်းမာဖို့အတွက်အရေးကြီးဆုံးကတော့ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အစားအသောက်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ ဆိုတာကတော့ နှလုံးအတွက်မှမဟုတ်ဘဲ လူတစ်ယောက်အတွက်မဖြစ်မနေလိုအပ်သည့် အရာဖြစ်သဖြင့် လေ့ကျင့်ခန်း လုပ်ရန် တိုက်တွန်းခဲ့ပါသည်။ သို့သော် နှလုံးအတွက်ကတော့ လေ့ကျင့်ခန်းအပြင်းစားကြီးတွေမလိုပါ။ ကခုန်ခြင်းနှင့် လမ်းမှန်မှန်လျှောက်ခြင်းသည် နှလုံးသွေးလည်ပတ်မှုစနစ်ကို အထောက်အကူဖြစ်စေပါသည်။

အဓိကကတော့ အစားအသောက်ပါပဲ။ နှလုံးသွေးကြောကျဉ်းတာ ၊ နှလုံးနှင့် ဆက်စပ်သည့်ရောဂါတွေဖြစ်လို့ ဆေးခန်း သွားပြသည့်အခါ ဆရာဝန်အများစုက သင့်ကိုဘာတွေအများဆုံးစားသလဲလို့မေးကြမှာပါ။ အဲ့ဒါကြောင့် နှလုံး ကျန်းမာရေး အတွက် ရှောင်ရမည့်အစားအစာများနှင့် စားရမည့် အစားအစာတွေကို တွဲဖက်တင်ပြပေးလိုက်ပါသည်။

ကိုလက်စထရောကိုရှောင်ပြီး / အနီရောင်ကိုဆောင်ပါ

ကိုလက်စထရောသည် သွေးကြောများကို ဒုက္ခအပေးဆုံးပါ။ ထို့ကြောင့် အစားအစာ စားသောက်သည့် အခါတိုင်းမှာ ကိုလက်စထရောပါဝင်မှုနည်းသည့် အစားမျိုးကိုရှောင်ပြီး ကရိုတီနွိုက်ဓာတ်နှင့် အင်တီအောက်ဆီးဒင့်ဓာတ်များ ပါဝင်သည့် စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲသီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ်သီး၊ စပျစ်သီးတွေကို များများစားပေးပါ ။ အဆိုပါအစားစာများသည် ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးသည့်အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်သောကြောင့် နှလုံးရောဂါသည်များအတွက် အကောင်းဆုံး အာဟာရ ဟု ဆေးပညာရှင် တချို့က ဆိုပါသည်။

ဆိုဒါကိုရှောင်ပါ / ဟင်းခတ်အမွှေးကြိုင်သုံးပါ

ဆိုဒါသည် သကြားဓာတ်အလွန်ပါသောကြောင့် အဝလွန်ပြီး နှလုံးရောဂါကိုပါဖြစ်ပွားစေနိုင်ပါသည်။ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ရောဂါတချို့ကို တိုက်ထုတ်ပေးနိုင်သည့် အစွမ်းရှိပါသည်။ ဟင်းလျာ တခုခု ချက်ပြုတ် သည့်အခါမှာ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီး၊ ပင်စိမ်းပင်၊ ငရုတ်ကောင်းစသည့် ဟင်းခတ် အမွှေးအကြိုင်တွေကို သုံးပေးတာ နှလုံးအတွက်သင့်တော်ပါသည်။

Ready-made သစ်သီးဖျော်ရည်ကိုရှောင်ပါ / လတ်ဆတ်သည့် သစ်သီးဖျော်ရည်ကိုဖျော်သောက်ပါ

ဆိုလိုရင်းကတော့ Ready – made သစ်သီးဖျော်ရည်များနှင့် ဖျော်ရည်အဆီတွေကို မသောက်စေချင်တာပါ။ လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို အသီးချည်းပဲဖျော်သောက်ခြင်းက အကောင်းဆုံးပါပဲ။

Fast food နှင့် sausage တွေကိုရှောင်ပါ / မပြည့်ဝသည့် ဆီကိုစားပါ

အသင့်စား အစားအစာများနှင့် တာရှည်ခံအောင်ပြုလုပ်ထားသည့် ဝက်အူချောင်း၊ကြက်အူချောင်းများတွင် ဆိုဒီယမ် နှင့် ဓာတုပစ္စည်းများကိုလွန်ကဲစွာသုံးထားပါသည်။ ထို့ကြောင့်ရှောင်ကိုရှောင်သင့်ပြီး တခြားအစားအသောက် ချက်ပြုတ်ရာမှာလည်း ထောပတ်၊ မာဂျရင်း၊ စားအုန်းဆီတို့ကိုရှောင်သင့်ပါသည်။ ဆီနှင့်ပတ်သက်ရင် ပဲဆီ ၊ နှမ်းဆီ ၊ သံလွင်ဆီ ကဲ့သို့ မပြည့်ဝဆီမျိုးကိုသာ သုံးသင့်ပြီး ငါးကြီးဆီများများပါသည့် ငါးများကိုစားသုံးခြင်းဖြင့် သင့်နှလုံးကို အမြဲကျန်းမာနေစေမှာပါ။

ထိုအချက်သည် နှလုံးကျန်းမာရေးအတွက် အရေးကြီးသည့် အစားအသောက်နှင့် နေထိုင်မှုပုံစံဖြစ်ပြီး မိမိကိုယ်ကို ကျန်းမာရေးနှင့် သင့်တော်အောင် ရွေးချယ်ချက်ပြုတ်စားသောက်နိုင်ပါသည်။ ထို့အပြင် ခါးမှာအဆီတွေ စုလာပြီ ဆိုပါက နှလုံးအတွက်အန္တာရယ်ရှိသောကြောင့် ကိုယ်အလေးချိန်ကိုမဖြစ်မနေလျှော့ချရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ အချက်များ အားလုံးထက်ပိုပြီးထိရောက်သည့် အရေးကြီးဆုံးအချက်တစ်ချက်လည်း ကျန်ပါသေးသည်။ ဆေးလိပ်သောက်သူဆိုရင်ဆေးလိပ်ဖြတ်လိုက်ဖို့ပါပဲ။ ဆေးလိပ်ဖြတ်ခြင်းသည် နှလုံး ၊ အဆုတ် တင်မက လူတစ်ကိုယ်လုံး အတွက်ကောင်းပါသည်။ သင်တစ်ယောက်တည်းအတွက်တောင်မဟုတ်၊ သင့်မိသားစုနှင့် သင့်ပတ်ဝန်းကျင် လေထု အတွက်လည်း ကောင်းပါသည်။ သင်သည် မည်သည့်နှလုံးအားဆေးမှသောက်စရာမလိုဘဲ ဆေးလိပ်လေးဖြတ်လိုက် ရုံဖြင့် သင့်နှလုံးသည် မူလထက် သုံးပုံတစ်ပုံပိုကျန်းမာသန်စွမ်းသွားပါသည်။

နှလုံးကျန်းမာရေးနှင့်ပတ်သက်ပြီး အကြမ်းဖျဉ်းဆောင်ရန်၊ရှောင်ရန်လေးတွေကတော့ ဒီလောက်ပါပဲ။

မိဘပြည်သူများအားလုံးနှလုံးနှင့်ပတ်သက်ပြီး ဂရုတစိုက်ဆင်ခြင်စားသောက်နေထိုင်ခြင်းဖြင့် ကိုယ်စိတ်နှလုံး အမြဲ ကျန်းမာရွှင်ပြုံးနိုင်သည့် ဘဝလေးများပိုင်ဆိုင်နိုင်ကြပါစေကြောင်း အာရှတော်ဝင်ကနေ ဆုတောင်းဂါရဝပြုလိုက် ပါသည်။