မိမိကစကာကွယ်ပါ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
Posted_Date
Image

Body
မိုးရာသီကာလရောက်လျှင်အအေးမိ၊နှာစေး၊ ချောင်းဆိုးရောဂါနှင့် ရာသီတုပ်ကွေးရောဂါတို့ဖြစ်လေ့ ရှိသည်။ ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာ့ ကပ်ရောဂါအဖြစ်သတ်မှတ်ထားခြင်းမရှိတော့ ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်း မှတစ်ဆင့်ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွား တတ် သည့်ရောဂါအဖြစ်သတ်မှတ်လိုက်ပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည်လည်း စိုစွတ်သော မိုးရာသီတွင် ကူးစက်နှုန်းမြင့်မားသည့်အတွက်ယခုနှစ်မိုးရာသီ တွင် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည့် အအေးမိ၊ နှာစေး၊ ချောင်းဆိုး ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ကိုဗစ်-၁၉ ရောဂါ တို့ကို သတိပြုကာကွယ်ကြရမည်ဖြစ်သည်။
အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါ
အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းသည် မိုးရာသီ ရောက်တိုင်းတွေ့ကြုံရသည့်ကူးစက်ရာသီ ရောဂါ တစ်မျိုးဖြစ်၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါအစ မိုးမိခြင်းကဟု မှတ်သားသင့်သည်။ ထို့ကြောင့်မိုးမိလာပါက ရေစိုအ၀တ်များချက်ချင်းလဲ၍ နွေးနွေးထွေး ထွေးနေသင့်သည်။ လူဦးရေထူထပ်သော နေရာများတွင် ရောဂါကူးစက်ပြန့်ပွားနိုင်ခြေပိုများသဖြင့် ကိုယ်ခံ အားနည်းသူများဂရုစိုက်သွားလာ သင့်သည်။ အအေးမိဖျားနာခြင်းကြောင့်အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း အဖျားပျောက်ပြီး နောက်ချောင်း အစို(ချွဲပါသောချောင်းဆိုးခြင်း)တဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့သည်။ တခြားသူများကို ဆက်လက်မကူး အောင်လက်ကို စင်ကြယ်စွာဆေးကြောပါ။ နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ခါသုံး တစ်သျှူးသုံး၍ စနစ်တကျစွန့်ပစ်ပါ။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများမှာ ဗိုင်းရပ်စ်ပိုးကူးစက်လွယ်၍အချိန်မရွေးဖျားနာတတ်သဖြင့် အအေးမိ တုပ်ကွေး ဖျားနာ ရောဂါပျောက်ဆေးများ အိမ်၌ အသင့်ဆောင်ထားခြင်း၊ ကိုယ်ခံအားကောင်း စေရန် ဗီတာမင် C ဆေးပြားများသောက်ခြင်း၊ ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်သောဟင်းသီးဟင်းရွက်နှင့် အရည်ရွှမ်းသော သစ်သီးများစားသင့်သည်။
ရာသီတုပ်ကွေးရောဂါ
ကမ္ဘာပေါ်၌ကူးစက်ပျံ့နှံ့မှုအမြန်ဆုံးနှင့် အဖြစ် များဆုံးသောရောဂါများထဲတွင် ရာသီတုပ်ကွေးရောဂါ လည်း အပါအ၀င်ဖြစ်သည်။ ရာသီတုပ်ကွေးရောဂါ သည်တုပ်ကွေးရောဂါဗိုင်းရပ်စ်(Influenza) ကြောင့်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ယင်းဗိုင်းရပ်စ်သည် မိုးဦး ကျနှင့် ဆောင်းရာသီကဲ့သို့အေးသောရာသီဥတုတွင်ပေါက်ပွားနှုန်းများသည်။ထို့ကြောင့် ပြင်ပနှင့် ထိတွေ့ဆက်ဆံမှုများလျှင်ကူးစက်ရန်လွယ်ကူသည်။ တုပ်ကွေးရောဂါကိုဖြစ်စေသောဗိုင်းရပ်စ်များ အားအေ၊ ဘီ၊ စီဟူ၍ အုပ်စုသုံးစုခွဲခြားထားပြီးယင်းတို့ အနက် အေအုပ်စုတွင်ပါ၀င်သောဗိုင်းရပ်စ် များက အများဆုံးဒုက္ခပေးသည်။ အချိန်ပိုင်း၊ ရက်ပိုင်းအတွင်းလူအစုလိုက်အပြုံလိုက်လျင်မြန်စွာ ကူးစက်စေသည်။ မြန်မာနိုင်ငံ၌ ဗိုင်းရပ်စ်အေကြောင့်ဖြစ်သော တုပ်ကွေးရောဂါသည် အများဆုံး ဖြစ်သည်။
ရာသီတုပ်ကွေးရောဂါသည် အထက်တွင်ဖော်ပြ ထားသော သာမန်အအေးမိ၊ နှာစေး၊ ချောင်းဆိုး ရောဂါထက် ပိုမိုပြင်းထန်၍ အဖျားကြီးကာ အဖျား လည်း တာရှည်သည်။ ခေါင်းအုံ၊ ခေါင်းကိုက်၊ ကိုယ်ပူ၊ မျက်စိပူ၊ လည်ချောင်းနာ၊ နှာမွှန်၊ ချောင်းဆိုး၊ အဆစ် အမျက်များနာကျင်ကိုက်ခဲစေခြင်း၊ အားအင်ကုန် ခန်း မောပန်းခြင်းနှင့်အစားအသောက်ပျက်ခြင်းတို့သည် ရာသီတုပ်ကွေးရောဂါ၏ လက္ခဏာများဖြစ်ကြ သည်။
နောက်ဆက်တွဲရောဂါများအဖြစ် အသက်ရှူ ပြွန်ရောင်ခြင်း၊နမိုးနီးယား(ခေါ်)အဆုတ်ရောဂါ ဖြစ်ခြင်း၊ အာသီးများရောင်ခြင်း၊ အာသီးရောင်ခြင်းမှ အစပြု၍ နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက်ရောင် ရောဂါ ဖြစ်ခြင်းနှင့် နှလုံးကြွက်သားများလှုပ်ရှားမှုအားနည်း ခြင်းတို့ဖြစ်သည်။ ထိုရောဂါသည် အသက်ခြောက်လ နှင့်အထက် ကလေးသူငယ်မှစ၍ဖြစ်နိုင်သည်။ထိုအရွယ်ရင်သွေးငယ်များအတွက်မိုးဦးကျမတိုင်မီ ကတည်းက တစ်နှစ်တစ်ကြိမ် Influenza ကာကွယ် ဆေး ကြိုတင်ထိုးနှံပေးသင့်သည်။
ကူးစက်လွယ်ရောဂါတစ်မျိုးဖြစ်၍ လူနာကိုထိတွေ့ကိုင်တွယ်ခြင်း၊ တံတွေးနှင့်သလိပ်ကို ထိတွေ့ မိခြင်း၊ လူနာဆီမှ နှာချေ၊ ချောင်းဆိုး၊ စကားပြောစဉ် ဗိုင်းရပ်စ်ပါလာသောလေများကိုရှူရှိုက်မိရာမှတစ်ဆင့် အလွယ်တကူကူးစက်နိုင်သည်။ အအေးမိ တုပ်ကွေးဖြစ်နေသူတစ်ယောက်သည် တစ်သျှူးအုပ်၍ နှာချေ၊ ချောင်းဆိုးသင့်ပြီး ထိုတစ်သျှူးကို အမှိုက်ပုံး ထဲသို့ စနစ်တကျစွန့်ပစ်သင့်သည်။ လက်ကိုင်ပဝါ ဖြင့်အုပ်၍ နှာချေ၊ ချောင်းဆိုးသောအခါ ဗိုင်းရပ်စ်ပိုး က ထိုလက်ကိုင်ပဝါထဲတွင် နှစ်နာရီ၊ သုံးနာရီကြာ သည် အထိအသက်ရှင်နိုင်သည်။ အကယ်၍ လူအများ ကြား နှာချေ၊ ချောင်းဆိုးပါက တုပ်ကွေးဗိုင်းရပ်စ် များ တစ်ပေ၊ နှစ်ပေခန့်အထိ ပျံ့နှံ့သွားပြီး ထိုအချိန် ၌ ပတ်၀န်းကျင်မှ ကိုယ်ခံအားနည်းသူထံ ယင်း ဗိုင်းရပ်စ်များ အလွယ်တကူ ကူးစက်နိုင်သည်။
ကိုဗစ်-၁၉ ရောဂါ
အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလအစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီ ခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာသည်။ လက်ရှိ ကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ မြန်မာနိုင်ငံ၌လည်း ဇွန်လ ၁ ရက်မှ ၈ ရက် ပထမရက်သတ္တပတ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦး တွေ့ရှိ ခဲ့ပြီး ဇွန်လ ၈ ရက်မှ ၁၅ ရက် ဒုတိယရက် သတ္တပတ် အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် ၅၂ ဦးတွေ့ရှိခဲ့သည့် အတွက် ရောဂါ ဖြစ်ပွားမှု ရာခိုင်နှုန်းတိုးလာသည်။
ကံကောင်းသည်ဟုဆိုရမည့်အချက်မှာ ထိုမျိုး ကွဲ၏ရောဂါကူးစက်ပုံသည် အသက်ရှူလမ်းကြောင်း အထက်ပိုင်းဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ် နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်းဖြစ်သော ကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေရာ ရောဂါ ကြောင့်သေဆုံးမှုကိုလည်း နည်းပါးစေသည်။ ယခင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်တာမျိုးကွဲ၏ရောဂါကူးစက် ပုံမှာ အသက်ရှူလမ်းကြောင်း အောက်ပိုင်း ဖြစ်သည့် အဆုတ်ကိုတိုက်ခိုက်ခြင်းဖြစ်သောကြောင့် အဆုတ် ရောင်ရောဂါဖြစ်ပွားရသည့် အတွက် ရောဂါပြင်းထန် ပြီး သေဆုံးမှု များပြားရခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူထိုမျိုးကွဲအသစ်များသည် ရောဂါပြင်းထန်မှုကိုလျော့နည်းစေသော်လည်း ကူးစက် မှုနှုန်းမြန်ဆန်စေခြင်း၊ ယခုနှစ်မြန်မာနိုင်ငံ၏ ရာသီဥတုသည်ယခင်နှစ်ကထက် မုတ်သုံစော၀င်ခြင်းနှင့်အတူလက်ရှိရာသီဥတုအခြေအနေမှာလည်း ယခင်နှစ်ကထက် မိုးရေချိန်လက်မ နှစ်ဆပိုနေခြင်း၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလပတ်လုံးမိုးကြီးမည် ဖြစ်ရာ ကျောင်းဖွင့်ရာသီချိန်နှင့် တိုက်ဆိုင်နေခြင်း စသည်တို့ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာနိုင်သည့်အတွက်အထူးသတိထားရ မည်ဖြစ်သည်။
ကိုဗစ်-၁၉ရောဂါ၏ ပင်မရောဂါလက္ခဏာ များမှာ ဖျားခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ် လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်း ဆိုးခြင်းနှင့်လည်ချောင်းနာခြင်းတို့ ဖြစ်ကြသော်လည်းနောက်ပိုင်းတွင် တချို့လူနာများ၌၀မ်းပျက်၀မ်းလျှောလက္ခဏာများကိုပါ တွေ့ရပြီး အမေရိကန် သုတေသနပညာရှင်များသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဆိုင်ရာ လေ့လာချက်ပေါင်း ၂၉ ခုကို ပြန်လည်စိစစ်ပြီး နောက် ယင်းဗိုင်းရပ်စ်သည် မစင်အညစ်အကြေးများမှလည်း ကူးစက်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိ ထားသည်။
ကာကွယ်ရန် နည်းလမ်းကောင်းများ
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် မိမိကစ၍ကာကွယ်ရန်နည်းလမ်းကောင်းများကို အောက်ပါအတိုင်း အကြံပြုလို ပါသည်။
-လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်ကြသော ဖျားခြင်း၊ နှာစေးခြင်း၊နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည် ချောင်းနာခြင်း စသည့်လက္ခဏာရှိသူများ အနေဖြင့် မိမိမှ တခြားသူများသို့ ကူးစက်မှု မရှိစေရေး ပါးစပ်နှင့်နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ကာ စနစ်တကျ Mask တပ်ဆင်ပါ။ အသုံး ပြုပြီးသော Mask ကို အဖုံးပါသော အမှိုက်ပုံး ထဲတွင်သာစွန့်ပစ်ပါ။ ပြီးနောက် စနစ်တကျ လက်ဆေးပါ။
-လူထူထပ်သောနေရာများသို့သွားခြင်းကို ရှောင် ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါကပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပါ။
-ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်းပြုလုပ်ပါ။
-ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသ မှုခံယူပါ။
-တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကိုရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) ဖြင့် မကြာခဏဆေးကြောပါ။
-ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများဖြစ်ပွားခြင်း၊ ရောဂါ လက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံး မှုတို့မှ ထိရောက်စွာကာကွယ်ပေးနိုင်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုခံယူပါ။
-ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့်အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အသက် ၆၀နှင့်အထက်အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူ များ၊ ကိုယ်၀န်ဆောင်ကာလ သုံးလနှင့်အထက်ကိုယ်၀န်ဆောင်မိခင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုကို မဖြစ်မနေခံယူသင့် သည်။
ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်များသည် လူ့ခန္ဓာ ကိုယ်၏ကိုယ်ခံအားစနစ်ကိုရှောင်ရှားပြီးကူးစက် မြန်ဆန်စေသည်။အဆိုပါမျိုးကွဲများသည် ယခင် ကာကွယ်ဆေးများ၏ထိရောက်မှုကိုအားနည်းစေ နိုင်သည်။ထို့ကြောင့်ယခင်ကကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့်ကိုယ်ခံအားနည်းလာကာ ပြန်လည် ကူးစက်ခံရနိုင်မှုနှုန်း မြင့်မားလာနိုင်သဖြင့်ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရန် လိုအပ်သည်။
အချုပ်အားဖြင့်ဆိုသော် ယခုတွေ့ရှိရသော ကိုဗစ်- ၁၉ ရောဂါပိုးမျိုးကွဲအသစ်သည် အသက်ရှူလမ်း ကြောင်း အထက်ပိုင်းဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက် ခြင်းဖြစ် သောကြောင့် မိမိကိုယ်ကို ကိုဗစ်- ၁၉ ရောဂါသံသယ ရှိသူများနှင့်မဖြစ်မနေလူစုလူဝေးရှိရာ နေရာသို့ သွားရပြီးနောက် အိမ်ပြန်ရောက်ပါက ဆားငန်ရည် ငုံခြင်း သို့မဟုတ် ဆားငန်ရည်ဖြင့် အာလုတ်ကျင်း ခြင်းတို့ကို ပြုလုပ်သင့်သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွား၊သေဆုံးမှုများမှကြိုတင်ကာကွယ်နိုင်ရန်ပြည်သူလူထုအနေဖြင့်အထက်ဖော်ပြပါအချက်အလက်များကိုမိမိကစ၍သတိပြုလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပြီး တခြားသူများကိုလည်း လိုက်နာ ရန်တိုက်တွန်းပြောကြားရန်လိုကြောင်းအကြံပြုရေးသားလိုက်ရပါသည်။