သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ
Posted_Date
Image

Body
နှလုံးဆိုတာ လူ့ကိုယ်ခန္ဓာ တစ်ခုအတွက် တစ်ကယ်ကို အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူနှင့်ပတ်သက် ဆက်နွှယ်ပြီး ဖြစ်သည့်ရောဂါတွေကလည်း အများကြီးပါ။ ကြားဖူးပြီးသားဖြစ်သူတွေလည်း ရှိကြသလို နှလုံးရောဂါ ဘယ်နှစ်မျိုးရှိလဲ။ ဘာတွေလဲဆိုတာ မသိကြသေးသည့်သူတွေ ရှိကြမည်ဟု ထင်ပါသည်။ ဒါဆို သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ။
ခန္ဓာ ဗေဒအရ နှလုံးတစ်ခုကို
နှလုံးကြွက်သား (cardiac muscle)
အဆို့ရှင် (valves)
သွေးပြန်ခန်း (atrium) နှစ်ခု
သွေးလွှတ်ခန်း (ventricles) နှစ်ခု
သွေးခန်းတွေကို ခြားထားသည့် အလယ်က ကြွက်သား
နှလုံးအပြင်ဘက်ကို ဖုံးထားပေးသည့် အလွှာပါး (pericardium)
နှလုံးသွေးကြော၊ (veins နှင့် artries) တို့အပြင် အခြားသွေးကြောတွေ အများကြီးဖြင့် ဖွဲ့စည်းထားတာပါ။ ဆိုတော့ အဲဒီနေရာတွေမှာဖြစ်သည့် ပြဿနာတိုင်းသည့် နှလုံးရောဂါဖြစ်စေသည့် အရာတွေပါပဲ။
သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ဆိုတော့
Congenital heart disease (မွေးရာပါ နှလုံးရောဂါ )
အမေ့ဗိုက်ထဲမှာနေသည့် အချိန်တည်းက ဖွံဖြိုးမှု အပိုင်းမှာ တစ်စုံတရာ ချို့ယွင်းခဲ့သဖြင့် မွေးရာပါ နှလုံးရောဂါ ဖြစ်ရတာပါ။
နှလုံးသွေးခန်းတွေ ဆက်သည့်ကြားက ကြွက်သားလေးက ပိတ်မနေဘဲ အပေါက်ပါသောကြောင့် ဖြစ်ရသည့် ရောဂါ (Septal defects)
နှလုံးမှာ သွေးတွေ စီးဝင်သည့် ပြန်ထွက်သည့် အပေါက်တွေ ပိတ်နေတာ (Obstruction defects)
နှလုံးသွေးညှစ်အားမကောင်းသဖြင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ အပြည့်အဝ မရောက်တော့ဘဲ တစ်ကိုယ်လုံး ပြာလာသည့် ရောဂါ (Cyanotic heart disease) တို့သည် မွေးရာပါ နှလုံးရောဂါတွေပါ။
နှလုံးကြွက်သား မှာ ဖြစ်တတ်သည့် ရောဂါများ ( Cardiomyopathy)
နှလုံးကြွက်သား myocardium မှာ အများဆုံးဖြစ်သည့် ပြဿနာတွေပါ။
နှလုံးကြွက်သားတောင့်သွားတာ -Hypertrophic cardiomyopathy
ကြီးလာတာ -Dilated cardiomyopathy
ရှုံ့သွားတာ – Restrictive cardiomyopathy တို့သည် အများဆုံးဖြစ်တတ်သည့် နှလုံးကြွက်သားဆိုင်ရာ ပြဿနာ တွေပါ။ ၎င်းတို့ကိုဖြစ်စေသည့် အကြောင်းအရင်းတွေကို သေချာ မသိသော်လည်း အရက်ကြောင့်၊ ဆေးဝါး တချို့ကြောင့် ဖြစ်ရသည်ဟု ယူဆထားကြပါသည်။
နှလုံး အဆို့ရှင်မှာ ဖြစ်တတ်သည့် ရောဂါ (Heart valves disease)
နှလုံးနှင့် သွေးကြောများ ကြားထဲက သွေးများ အဝင်အထွက်လုပ်လျှင် အဖွင့်အပိတ်တာဝန်ကို ယူထားရသည့် အဆို့ရှင်လေးများသည် မွေးရာပါချို့ယွင်းချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုး ကြောင့်ပဲဖြစ်ဖစ်၊ သွေးတိုး ရောဂါကြော့င့် ဖြစ်ဖြစ် ပြဿနာတက်နိုင်သည့်အပြင် Endocarditis ဟုခေါ်သည့် ဘက်တီးရီးယားကြောင့် နှလုံးပိုးဝင်သည့်အခါမှာ အဆို့ရှင်လေးတွေ ထိနိုင်သလို rheumatic fever ကြောင့် နှလုံးထိသွားသည့် Rheumaticheart disease မှာလည်း အဆို့ရှင်လေးတွေ ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါသည်။
Coronary Artery Disease (CAD) (နှလုံးသွေးကြောများတွင် ဖြစ်တတ်သည့်ရောဂါ)
အဖြစ်အများဆုံး နှလုံးရောဂါ တစ်ခုပါ။ အသက်အရွယ်ကြီးလာသောကြောင့် နှလုံးသွေးကြောများ တောင့်လာတာ၊ အဆီတွေအစားများသဖြင့် သွေးကြောထဲ အဆီစုပြီး နှလုံး သွေးကြောကျဉ်းတာ၊ ဆေးလိပ်ကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ သွေးကြောတွေ ကျဉ်းသွားတာမျိုးတွေဟာ (CAD) ကို ဖြစ်စေရသည့် အကြောင်းအရင်းတွေပါ။ ယခုလိုသွေးကြောတွေ ကျဉ်းသွားတာကြောင့်
နှလုံးဆီကို သွေးရောက်တာနည်းသွားပြီး နှလုံးကြွက်သားပုတ်တာ (Ischemic heart disease)
နှလုံးအောင့်တာ (angina နှင့် myocardial infarction) တို့အပြင်
နှလုံးမှာရှိသည့် သွေးကြောတွေ အကုန်ပိတ်သွားသဖြင့် ရုတ်တရက် သေဆုံးခြင်း ဖြစ်နိုင်ပါသည်။
နှလုံးခုန် စည်းချက် မမှန်တာ
နှလုံးခုန် စည်းချက် မမှန်သည့် ရောဂါ တွေဖြစ်သည့်
Tachycardia (arrythemia) – နှလုံးခုန်မြန်ခြင်း
Bradycardia – နှလုံးခုန် နှေးခြင်း တို့သည် နှလုံးခုန် စည်းချက် မူမှန်သည့် ပြဿာနာတွေပါ။
နှလုံး အပြင်ဘက်ကို ဖုံးထားပေးသည့် အလွှာပါး (pericardium)
ဘက်တီးရီးယားကြောင့် pericardium ရောင်တာ၊ နှလုံးနှင့် pericardium ကြားထဲမှာ အရည်တွေ စုလာသဖြင့် ဖြစ်သည့် pericardial effusion တို့သည်လည်း ဖြစ်တတ်သည့် နှလုံး ရောဂါတွေပါ။
Heart failure ( နှလုံး ကိုယ်တိုင်က မခုန်နိုင်တော့တာ)
အပေါ်မှာပြောထားသည့် အကြောင်းအရာတွေ ကြောင့် နှလုံးဆိုးဆိုးဝါးဝါးထိခိုက်ပြီး နောက်ဆုံး အဆင့်မှာ နှလုံး လုံးဝ အလုပ် မလုပ်နိုင်တော့တာမျိုးပါ။ လုံးဝကို သွေးတွေ မညှစ်နိုင်၊ မခုန်နိုင်တော့လို့ နှလုံးဆီလည်း သွေးတွေ မရောက်၊ အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းကိုလည်း သွေးတွေ မရောက်နိုင်တော့ဘဲ လူလည်းမောလာ၊ အသက်ရှူရခက် လာတာ မျိုးပါ။
ဒါတွေကတော့ နှလုံးမှာဖြစ်တတ်သည့် ရောဂါအမျိုးအစားတွေပါ။ နှလုံးကိုယ်တိုင်ကြောင့်လည်းဖြစ်နိုင်လို အခြား သွေးတိုး၊ ဆီးချို၊ရောဂါ၊ စိတ်ဖိစီးမှု၊ အသက်အရွယ်၊ မိမိနေထိုင်စားသောက်သည့် ပုံစံများနှင့် သောက်နေသည့် ဆေးဝါး များ၏ ဘေးထွက်ဆိုးကျိုးများကနေ ယခုလို နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါသည်။