ခရမ်းသီးစိုက်ပျိုးခြင်းနှင့်ကျန်းမာရေး
Posted_Date
Image

Body
မြန်မာနိုင်ငံတွင် မြို့ပြနှင့်ကျေးလက်များပါမကျန် ဟင်းသီးဟင်းရွက်များကို အမြတ်တနိုး စားသုံးလေ့ရှိကြသည်။ ဟင်းသီးဟင်းရွက်ကို ချက်ပြုတ်ကြော်လှော်၍ လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း နေရာဒေသအလိုက် အမျိုးမျိုးပြုပြင် ဖန်တီးစားသောက်ကြလေ့ရှိသည်။
ထိုဟင်းသီးဟင်းရွက်အမျိုးမျိုးရှိသည့်အနက် အာဟာရဓာတ်မျိုးစုံပါဝင်ပြီး ဆေးဖက်လည်းဝင် ထမင်းမြိန်ပြီး လူမျိုးမရွေးကြိုက်နှစ်သက်သော ခရမ်းသီးပင်နှင့်ပတ်သက်၍ တင်ပြလိုသည်။
ခရမ်းသီး၏မူရင်းဒေသသည် အိန္ဒိယနိုင်ငံ၊ အင်္ဂလိပ်အမည်မှာ Egg Plant(OR) Branjal၊ ရုက္ခဗေဒအမည်မှာ Solanum Melongena ဖြစ်သည်။
ခရမ်းမျိုးများ
မြန်မာနိုင်ငံတွင်တွေ့ရှိသော ခရမ်းသီး၏အမျိုးအစားများမှာ ပင်ထောင်၊ ပင်ပြန့် စသည်ဖြင့် အပင်ပုံသဏ္ဌာန်အမျိုးမျိုးရှိပြီး ပင်ပြန့်သည် သက်လျင်မျိုးသက်တမ်းဖြစ်ပြီး ပင်ထောင်သည် သက်ကြီးမျိုး သက်တမ်းဖြစ် သည်။ ပန်းပွင့်သည် အဆစ်ခြောက်ဆစ်မှ ၁၄ ဆစ်အကြားတွင်ပွင့်သည်။ ခရမ်းကို ခရမ်းရှည်(ခရမ်းရောင်)၊ ဆင်စွယ်ခရမ်း(အဖြူရောင်)၊ ခရမ်းကြွပ်(အဖြူ/ခရမ်း)၊ ခရမ်းခါး(အထက်မြန်မာပြည်-စစ်ကိုင်းတိုင်း ဒေသကြီးတွင်တွေ့ရှိနိုင်)၊ ခရမ်းကစော့သီး၊ ခရမ်းခေါင်းသီး၊ ခရမ်းပဒေသာ(အစုလိုက်၊ အခိုင်လိုက်သီး)၊ ထောပတ်ခရမ်းဟူ၍ ဒေသအလိုက်အမျိုးမျိုးခေါ်တွင် စိုက်ပျိုးကြသည်။
ခရမ်းသည် အပူကြိုက်အပင်ဖြစ်၍ မြန်မာနိုင်ငံတွင် တောင်ပေါ်ဒေသ အလွန်အေးသောဒေသမှလွဲ၍ ကျန်ဒေသများတွင် စိုက်ပျိုးနိုင်သည်။
အများအားဖြင့် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင်စိုက်ပျိုးကြပြီး ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေဆီထက်သန်ပြီးရေသွင်း၊ ရေထုတ်ကောင်းမွန်၍ အပူချိန် ၁၃ ဒီဂရီဆဲလ်စီးယက်မှ ၂၁ ဒီဂရီဆဲလ်စီးယက်၊ PH 5.5- 6.5 ရှိသောမြေမျိုးတွင်စိုက်ပျိုးပါက အထူးသင့်လျော်သည်။ စီးပွားဖြစ် တစ်ဧကလျှင် မျိုးစေ့ ၅၀၀ ဂရမ် (၃၀ ကျပ်သား)ခန့်သုံးနိုင်သည်။
ခရမ်းသီးကို ခရမ်းသီးနှပ်၊ ခရမ်းသီးသုပ်၊ ခရမ်းသီးအစာသွတ်၊ ခရမ်းသီးကြော်၊ တို့စရာပြုလုပ်၍ ပုံစံအမျိုးမျိုး ချက်စားလေ့ရှိကြသည်။
ခရမ်းသီးမီးဖုတ်သုပ်သည် မြန်မာတိုင်းရင်းသားတို့၏ အနှစ်သက်ဆုံးအစားအစာ တစ်ခုတွင်ပါဝင်သည်။ ယခုအခါ အကင်ဆိုင်များ၊ မြန်မာ့ရိုးရာထမင်းဆိုင်များ၊ ဟိုတယ်များတွင်လည်း ခရမ်းသီးဖြင့်ချက်ပြုတ်သော ဟင်းအမယ်စုံများ နေရာယူလာကြသည်ကို လေ့လာသိရှိလာရသည်။ မိသားစုတွင်လည်း ခရမ်းသီးနှင့်အသားဟင်းကို တွဲဖက်ချက်ပြုတ်ခြင်း၊ ဟင်းချိုများ၊ သီးစုံဟင်းများတွင် ခရမ်းသီးသည် ဇာတ်လိုက်ဖြစ်နေသည်။ ထို့ပြင် ခရမ်းသီးကို အခြောက်လှန်း၍ ရာသီမရွေးချက်ပြုတ် စားနိုင်အောင်လည်း ပြုပြင်ဆောင်ရွက်ကြသည်။ ထို့ကြောင့် ခရမ်းသီးသည် မြန်မာ့ကျေးလက်နှင့်မြို့ပြတို့၏ စားဖိုဆောင်တွင် အရေးပါနေခြင်းဖြစ်သည်။
ခရမ်းပင်စိုက်ပျိုးနည်းနှင့်မြေပြုပြင်နည်း
ခရမ်းပင်ကိုပျိုးထောင်၍လည်းကောင်း၊ ရိုးရိုးကျင်းဖြင့် လည်းကောင်း စိုက်ပျိုးလေ့ရှိကြသည်။ ပျိုးထောင်၍စိုက်ပျိုးမည်ဆိုပါက အလျား ၃ ပေ၊ အရှည်ပေ ၃၀ ရှိသော ပေါင်ပေါ်တွင် မျိုးစေ့များကို ၄ လက်မစီခြား၍ အပေါ်မှကောက်ရိုးပါးပါးဖုံး၍ ရေပန်းကရားဖြင့် ရေပါးပါးလောင်းပေးရသည်။ လှီသောအပင်များကို နုတ်ပစ်ရသည်။
တစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား ၅၀ ကီလို နှစ်အိတ်၊ ပိုတက် ၅၀ ကီလို နှစ်အိတ်နှုန်းဖြင့် ယူရီးယားကို မြေပြင်စဉ်တစ်ကြိမ်နှင့် စိုက်ပြီး ၁ လမှ ၂ လတွင် တစ်ကြိမ်ထည့်ပေးရသည်။
စိုက်ခင်းမြေပေါ်တွင် ထယ်ထိုး၍ ထွန်ရေးညက်အောင်ပြင်၍ တန်းကြား ၃ ပေမှ ၄ ပေ၊ ပင်ကြား ၂ ပေမှ ၃ ပေထား၍ ပျိုးခင်းမှပျိုးပင်များကို ပြောင်းရွှေ့စိုက်ပေးရသည်။ စိုက်ခင်းမြေသည် အစိုဓာတ်အသင့်အတင့် ရှိနေရန် ရေကြိုတင်သွင်းထားရမည်။ ပျိုးပင်သည် အနည်းဆုံးအရွက် ငါးရွက်မှခြောက်ရွက်ရှိပါက စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးနိုင်သည်။ ရာသီဥတုပြင်းပါက အပေါ်မှအရွက်များ အုပ်ပေးခြင်းဖြင့်လည်းကောင်း သို့မဟုတ် ကောက်ရိုးပါးပါးဖြင့်လည်းကောင်း ဖုံး၍နေကာထားပေးရမည်။
ရေသွင်းနည်း
ပေါင်းရှင်းခြင်း၊ ပေါင်လုံးခြင်း၊ ရေမဝပ်အောင်မြေတောင်မြှောက်ခြင်း၊ အပင်ယိုင်လဲမှုမရှိစေရန် တိုင်ထောင်ပေးခြင်း၊ မြေအစိုဓာတ်နည်းပါက ရေသွင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးရသည်။ အိမ်တွင်းမိသားစု တစ်နိုင် တစ်ပိုင်အဖြစ်လည်း စိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ်သက်သာစေပြီး အပိုဝင်ငွေရရှိနိုင်သည်။
ခရမ်းပင်တွင်ပိုးမွှားအနေဖြင့် ခေါင်ညွန့်ထိုးပိုး၊သီးလုံးဖောက်ပိုးကျရောက်နိုင်သောကြောင့် လက်နှင့်ကောက်ယူဖျက်ဆီးခြင်း၊ ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်သည်။ အပင်ရောဂါအနေဖြင့် ဗက်တီးရီးယား ပင်ညှိုးရောဂါ ကျရောက်နိုင်သည်။
ခရမ်းသီးခူးရာတွင် အသီးပုံသဏ္ဌာန်ကိုကြည့်ပြီး ဆွတ်ခူးနိုင်သည်။ လုံးဝိုင်းသောအသီးကို ပန်းပွင့်ပြီး ၂၅ ရက်မှ ၃၀ ရက်တွင်လည်းကောင်း၊ လုံးရှည်မျိုးကို ၃၀ ရက်တွင်လည်းကောင်း၊ အရှည်မျိုးကို ပန်းပွင့်ပြီး ၃၅ ရက်မှ ၄၀ ရက်တို့တွင်လည်းကောင်း ခူးဆွတ်နိုင်သည်။
အသီးများခူးဆွတ်ပြီး အသီးထွက်မှုကျဆင်းသွား၍ လမိုင်းထားမည်ဆိုပါက ပင်ခြေမှ အနည်းဆုံး ၆ လက်မှ ၈ လက်မခန့် သို့မဟုတ် ပင်ခြေမှအဆစ်သုံးဆစ်ချန်၍ အပေါ်ပိုင်းဖြတ်ပြီး ယူရီးယားကျွေးခြင်း၊ ရေသွင်းခြင်း၊ ပေါင်းရှင်းခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည်ဆိုပါက တစ်လအတွင်း အသီးများ ထပ်မံခူးနိုင်သည်။ တစ်ဧကလျှင် ခရမ်းသီးပိဿာ ၆၀၀၀ မှ ၈၀၀၀ ခန့်ထွက်ရှိနိုင်ပြီး ဝင်ငွေအကျိုးအမြတ် ငွေကျပ် ရှစ်သိန်းမှ ၁၀ သိန်းအထိ ရရှိနိုင်သည်။
ခရမ်းသီးသည် ဗီတာမင်စီဓာတ်ကြွယ်ဝခြင်း၊ ရောင်ရမ်းခြင်းဝေဒနာကို သက်သာနိုင်ခြင်း၊ နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးကိုအကျိုးပြုသည့်အပြင် အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ အမျိုးအစား ၂ ဆီးချိုရောဂါကို ထိန်းနိုင်စွမ်းရှိကြောင်း၊ လူတစ်ဦး ၅၀၀ ဂရမ်ခန့် စားသုံးသင့်ကြောင်း၊ ခရမ်းသီးတွင် Phytonutrients ဟုခေါ်သော နှလုံးကိုကာကွယ်ပေးသော ဒြပ်ပေါင်းတစ်မျိုး ပါဝင်ခြင်းကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက် ကောင်းမွန်စေကြောင်းသိရှိရသည်။ ခရမ်းသီးအခွံတွင်ပါသော Nasunin ခေါ်သောဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင်ဖြစ်နေကြောင်း၊Nasunin သည် ဦးနှောက်ထဲတွင် အဆီဓာတ်များ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးထားကြောင်း၊ ဦးနှောက်ဆဲလ်အမြှေးထဲတွင် တွေ့ရှိရကြောင်း၊ ထို့ကြောင့် ခရမ်းသီးကို အခွံမခွာဘဲစားသင့်ကြောင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာစေနိုင်ကြောင်းကို ကျန်းမာရေးနှင့်ဆေးပညာ ဝက်ဆိုက်မှ ဖတ်ရှုမှတ်သား ရသည်။
ခရမ်းသီးများကို ဒေသတွင်းစီးပွားဖြစ် စိုက်ပျိုးကြသော တောင်သူများက လက်ကားဈေးမှတစ်ဆင့် ဈေးအသီးသီးရှိ လက်လီဆိုင်များ၊ ထိုမှတစ်ဆင့် ဆိုက်တွဲ၊ သုံးဘီး၊ စက်ဘီးတို့ဖြင့် ရွေ့လျားဈေးသည်များ အဆင့်ဆင့် ဖြန့်ဖြူး ရောင်းချပေးနေကြသည်။
ထို့ပြင် တစ်နိုင်တစ်ပိုင်စိုက်ကြသော တောင်သူငယ်များကလည်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချနေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ လတ်ဆတ်စွာစားသုံးနိုင်ရန် မိမိအိမ်ခြံဝင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ကြောင်း အကြံပြုအပ်သည်။ အချို့သောဒေသများတွင် နေရာအခက်အခဲရှိသဖြင့် အိုးများဖြင့်ထည့်သွင်းစိုက်ပျိုးသည့်အတွက် လွယ်ကူစွာစိုက်ပျိုးနိုင်သည်။
ခရမ်းမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံနှင့်ဇီဝဌာနမှလည်း သုတေသနပြုဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်မျိုးစေ့ကော်မတီမှ မှတ်ပုံတင်ခွင့်ရရှိထားသော မျိုးစေ့ထုတ်ကုမ္ပဏီများကလည်း ရောင်းချပေးနေ၍ ကြိုက်နှစ်သက်ရာမျိုးကို ဝယ်ယူစိုက်ပျိုးနိုင်သည်။
နိုင်ငံသူ၊ နိုင်ငံသားများ၏စားရေရိက္ခာကြွယ်ဝရေး၊ အာဟာရပြည့်ဝသော ဟင်းလျာများစားသုံးနိုင်ရေးတို့အတွက် ခရမ်းစိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြ စို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။
MWD Web Portal