(၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်မှမြန်မာနိုင်ငံသို့ယူဆောင်လာမည့် စီးပွား ရေးအကျိုးကျေးဇူးများ
Posted_Date
Image

Body
လောက၌ မိမိအကျိုးစီးပွားလိုလားသူကိုသာလျှင် “မိတ်ဆွေ” ဟု ခေါ်ဆိုထိုက်သည်ဖြစ်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊နိုင်ငံများအနေဖြင့် လည်းကောင်း မိမိတို့၏အကျိုးစီးပွားကိုဖြစ်ထွန်းစေနိုင်မည့် မိတ်သင်္ဂဟကိုရှာမှီးမှသာ ကောင်းကျိုး ဖြစ်ထွန်းကြီးပွားနိုင်မည်ဖြစ်သည်။“အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍မရှိ၊ အမြဲတမ်းအကျိုး စီးပွားသာရှိသည်”ဟူသော စကားရှိနေသော်လည်းနှစ်ဦးနှစ်ဖက်လုံးကောင်းကျိုးဒွန်တွဲဖြစ်ထွန်းအောင် သစ္စာ၊ ဉာဏ်ပညာ၊ မုဒိတာတရားများဖြင့် ထိန်းသိမ်းကာ ဆောင်ရွက်နိုင်ကြလျှင် မိတ်သင်္ဂဟတို့ အကြားတွင် မင်္ဂလာတရားများနှင့် ပြည့်စုံနေမည်သာဖြစ်သည်။
ဗဟုဝင်ရိုးဆီဦးတည်သောကမ္ဘာကြီးတွင် ဩဇာလွှမ်းမိုးမှု ပါဝါဟန်ချက်သည် ယခင်ကကဲ့သို့ တစ်ဖက်စောင်းနင်းမဖြစ်တော့ပေ။နိုင်ငံများအနေဖြင့်လည်း မိမိနိုင်ငံပထဝီအနေအထား၊ မိမိနိုင်ငံသယံဇာတ၊ မိမိနိုင်ငံ အဓိကကျောရိုးစီးပွားရေးတို့နှင့် လိုက်လျောညီထွေသည့် မိတ်ဖက်နိုင်ငံများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းများတွင် ပါဝင်လာကြသည်။ သို့မှသာလျှင် အင်အားကြီးနိုင်ငံများ၏ ဘက်စုံစစ်ပွဲအသွင်ကျူးကျော်မှုများကို ကြံ့ကြံ့ခံကာကွယ်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မိတ်ဝတ်မပျက်တမ်း ကောင်းမွန်သောဆက်ဆံရေးမူဝါဒဖြစ်သည့် လွတ်လပ်တက်ကြွပြီးဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးရပ်တည်လျက်ရှိသည်။နိုင်ငံတစ်နိုင်ငံ၏ကြီးပွားတိုးတက်မှုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ တည်ငြိမ်အေးချမ်းရေး၊ အုပ်ချုပ်သူအစိုးရ၏ခေါင်းဆောင်မှုနှင့် နိုင်ငံသားများ၏ပူးပေါင်းပါဝင်မှု စသည့်အချက်များ ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ဖို့လိုသလိုကဏ္ဍပေါင်းစုံတွင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုသည်လည်း အရေးကြီးသည်။ မိမိနိုင်ငံ၏ တိုးတက်ရာတိုးတက်ကြောင်းအတွက် မိတ်ကောင်းသဖွယ်ဖြစ်သော မိတ်ဖက်နိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးများ တည်ဆောက်ထားခြင်းအားဖြင့် မိမိနိုင်ငံအတွက် မိတ္တဗလနှင့်ပြည့်စုံစေကာ အကျိုးစီးပွားဖော်ဆောင်နိုင်စွမ်းကို တိုးတက်ကာ မြင့်မားလာစေသည်။
(၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ထိုမှတစ်ဆင့်ရရှိလာမည့်အကျိုးကျေးဇူးများ
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအကျိုးစီးပွားကိုမျှော်ရည်၍ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိသည်။ထိုအထဲကမှမကြာသေးမီကကျင်းပပြီးစီးခဲ့သည့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော (၂၈)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအချို့ကို ထုတ်နုတ်တင်ပြလိုသည်။
မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်ကျင်းပသော (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆွေးနွေးမှုအစီအစဉ်တစ်ခု၌ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr.Maksim Reshe-tnikov သည် မြန်မာနိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်တစ်ခုဖြစ်သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်အဓိကနယ်ပယ်မှာ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဖြစ်သည်ဟု နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အဦ၊ သတ္တု၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကဏ္ဍများအပါအဝင် အခြားနယ်ပယ်များပူးပေါင်းဆောင်ရွက်မှုတွင်လည်း လွယ်ကူချောမွေ့စေမည်ဖြစ်သည်။
အထက်ပါစာချုပ်ချုပ်ဆိုပြီးအသက်ဝင်ပြီဆိုပါက မြန်မာနိုင်ငံအနေဖြင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတိုးမြင့်လာကာ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
စွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ဈေးကွက်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို ချိတ်ဆက်နိုင်မည်ဖြစ်ကာ နိုင်ငံခြားသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေပြည်တွင်းသို့စီးဆင်းမှုတိုးလာမည်ဖြစ်သည်။ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရုရှားမှနည်းပညာနှင့်လုပ်ငန်းဆောင်ရွက်မှုများကိုရရှိပြီး ပြည်တွင်းလုပ်သားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အချင်းများလည်း တိုးတက်လာနိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော အခြေခံအဆောက်အဦများလည်း တိုးလာနိုင်သည်။ စိုက်ပျိုးရေးကဏ္ဍနှင့် သတ္တုတူးဖော်ရေးကဏ္ဍတွင် လည်း နည်းပညာအကူအညီရယူကာ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်လာနိုင်မည်ဖြစ်သည်။
(၂၈)ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ဆက်စပ်အစည်းအဝေးအဖြစ်ကျင်းပသော ဥရောပ-အာရှ စီးပွားရေးကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံတို့အကြားကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သည့်အပြင် ၂၀၁၉ ခုနှစ်မှစ၍ ကုန်သွယ်မှုပမာဏမှာ သုံးဆတိုးလာကြောင်း ဥရောပ-အာရှစီးပွားရေးကော်မရှင် မေခရို(အကြီးစား)စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr.Eldar Alisherov က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုများအရသိရှိရသည်။
ကုန်သွယ်မှုပမာဏသုံးဆတိုးလာခြင်းသည် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့အစည်းကြား စီးပွားရေး ဆိုင်ရာဆက်ဆံမှု
ပိုမိုခိုင်မာလာသည့်သက်သေပင်ဖြစ်သည်။ EAEU ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံမှ MSME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုများဖြစ်သည့် အလုပ်သင်များစေလွှတ်နိုင်ခြင်း၊ ပညာတော်သင်စေလွှတ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာလေ့ကျင့်ရေးသင်တန်းများစေလွှတ်ခြင်း၊ ကုန်သွယ်ရေးဈေးကွက်အတွက် မိမိနိုင်ငံ၏ပို့ကုန်၊သွင်းကုန်များနှင့်ကိုက်ညီသောနိုင်ငံသစ်များတိုးလာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်သည်။
စိန့်ပီတာစဘတ် စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ဆေးဝါး၊ ဆောက်လုပ်ရေးနှင့် မြန်မာနိုင်ငံသို့မြေဩဇာတင်ပို့ခြင်း စသည့်နယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အလားအလာကောင်းများရှိကြောင်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံများကိုမျှဝေရန်နှင့် ကုန်စည်နှင့်အခြားဝန်ဆောင်မှုများကို ကမ်းလှမ်းရန်စီစဉ်နေကြောင်း၊ နှစ်နိုင်ငံအကြားအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိန့်ပီတာစဘတ်မြို့တွင်လာမည့်နိုဝင်ဘာလ၂၁ရက်နှင့်၂၂ရက်တို့တွင်ကျင်းပမည့်BRICSအဖွဲ့ဝင်များ၏သတ္တမအကြိမ် နိုင်ငံတကာမြူနီစပယ်ဖိုရမ်သို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားကြောင်းတို့ကို စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr.Vyacheslav Kalganov က ပြောကြားခဲ့သည်။
ဆေးဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း ရုရှားနိုင်ငံမှဆေးဝါးဆိုင်ရာအဆင့်မြင့်နည်းပညာများကို မြန်မာနိုင်ငံတွင်ပူးပေါင်းအကောင်အထည်ဖော်နိုင်ခြင်း၊ ဆေးရုံနှင့် ဆေးသုတေသနစင်တာများဆောက်လုပ်ရန်အတွက် ရုရှားနိုင်ငံမှ အတွေ့အကြုံနှင့်နည်းပညာအကူအညီများ၊ ခေတ်မီအဆောက်အအုံဆောက်လုပ်မှုနည်းပညာများ၊ မိမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောမြေဩဇာထုတ်လုပ်မှုနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာများ၊ စက်မှုလယ်ယာနည်းပညာများကိုရရှိနိုင်သည်။ BRICS ဖိုရမ်သို့ ဖိတ်ကြားခြင်းခံရသည့်အတွက် BRICSအဖွဲ့ဝင်နိုင်ငံများနှင့် တိုက်ရိုက်ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ စွမ်းအင်ဖူလုံရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ကဏ္ဍစုံအတွက် နည်းပညာပံ့ပိုးမှုလမ်းစများပွင့်လန်းလာမည်ဖြစ်သည်။
နောက်ထပ်ဝမ်းသာစရာသတင်းတစ်ခုမှာ မြန်မာ၊ ဂျော်ဒန်နှင့်ဘာရိန်းနိုင်ငံတို့ကို ၂၀၂၅ ခုနှစ်တွင် ဗီဇာလိုအပ်ချက်ဖျက်သိမ်းရန်စီစဉ်နေကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန ညွှန်ကြားရေးမှူးချုပ် Mr.Nikita Kondratyev က ရုရှားမီဒီယာတစ်ခုဖြစ်သည့်TASSနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည့်သတင်းဖြစ်သည်။
ဗီဇာလိုအပ်ချက်ဖျက်သိမ်းခဲ့လျှင်ရရှိနိုင်မည့်အကျိုးကျေးဇူးများကိုလည်း အနည်းငယ်ပြောပြလိုသည်။ဗီဇာလိုအပ်ချက်စည်းမျဉ်းများလျော့နည်းသွားသည့်အတွက် ခရီးသွားဧည့်သည်များတိုးလာကာ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ လေကြောင်းလုပ်ငန်းများတွင်လည်း အကျိုးအမြတ်များပိုမိုဖြစ်ထွန်းလာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာလျှင် ခရီးသွားဧည့်သည်များဆီမှ ဝင်ငွေကြောင့် ဒေသတွင်းစီးပွားရေးတိုးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ ကုန်သွယ်မှုလုပ်ငန်းတွင်လည်း နှစ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ဗီဇာအဟန့်အတားကင်းမှုကြောင့်ဆောင်ရွက်နေသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့နိုင်သည်။ ယဉ်ကျေးမှုဖလှယ်ခြင်းကိစ္စများနှင့် ရုရှားနိုင်ငံရှိ တက္ကသိုလ်များသို့ ပညာတော်သင်စေလွှတ်ခြင်းကိစ္စများတွင် ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်သည်။ ဗီဇာဖျက်သိမ်းခြင်း ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်စေမည်ဖြစ်သည်။
အထက်ပါအကြောင်းအရာများသည် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုများစွာထဲမှ တစ်ခုဖြစ်သော (၂၈)ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့မြန်မာကိုယ်စား လှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့သည့် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရရှိမည့် စီးပွားရေး ဆိုင်ရာအကျိုးကျေးဇူးများကို လူတိုင်းနားလည်လွယ်အောင် အကြမ်းဖျင်းသုံးသပ်ဖော်ပြ ထားခြင်း ဖြစ်သည်။
စီးပွားရေးသည်နိုင်ငံတစ်နိုင်ငံအတွက်အလွန်အရေးပါပုံ
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးသည် အဓိကအရေးပါသောအခန်းကဏ္ဍမှ ပါဝင် သည်။ စီးပွားရေးတောင့်တင်းခိုင်မာပါက ကုန်သွယ်ရေးပိတ်ဆို့မှုဒဏ်၊ စီးပွားရေးကျဆင်းမှုဒဏ်၊ ကမ္ဘာ့ ကပ်ရောဂါများကြောင့်ဖြစ်ပေါ်သော စီးပွားရေးကျပ်တည်းမှုဒဏ်များကို ခံနိုင်ရည်ရှိပြီး ပြည်တွင်း စီးပွားရေးကို ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ ပြည်တွင်းလူမှုစီးပွားဘဝမြင့်မားမှုကြောင့် နိုင်ငံသားတိုင်း ၏တစ်ဦးချင်းဝင်ငွေတိုးတက်စေပြီး အလုပ်လက်မဲ့နှုန်းလျော့ကျစေသည်။ ထို့ပြင် နိုင်ငံခြားရင်းနှီး မြှုပ်နှံ မှုဆောင်ရွက်မည့် နိုင်ငံများအတွက် မိမိနိုင်ငံ၏တည်ငြိမ်သောစီးပွားရေးအခြေအနေသည် စိတ်ချ ယုံကြည်မှုကို တိုးစေသည်။ နိုင်ငံတကာ နှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေး သဘော တူညီချက်များတွင်လည်းမိမိနိုင်ငံ၏စီး ပွားရေးအခြေအနေများကြောင့် လွယ်ကူမြန်ဆန်ကာ အခွင့် အလမ်းများ တစ်ခုပေါ်တစ်ခုဆင့်ပေါ်ပေါက်လာနိုင်ပေသည်။ စီးပွားရေးတောင့်တင်း ခိုင်မာခြင်းသည် မိမိနိုင်ငံ၏ နိုင်ငံရေးနှင့်ကာကွယ်ရေးကဏ္ဍ တို့တွင်ပါ တိုက်ရိုက်အချိုးကြမည် ဖြစ်သည်။
အနှစ်ချုပ်ရသော် စီးပွားရေးတောင့်တင်းခိုင်မာမှုနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။ ထို့ကြောင့် မိမိ နိုင်ငံအကျိုးစီးပွား အရှိန်အဟုန်ဖြင့်တိုးမြင့်စေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို မိတ်ဖက်နိုင်ငံများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကိုးကား
https://www.reuters.com/business/energy/russia-signs-investment-deal-wit...
https://tass.com/economy/1977721
https://eec.eaeunion.org/en/news/eldar-alisherov-nash-dialog-prizvan-sod...
https://en.iz.ru/en/1908962/2025-06-23/russia-plans-cancel-visas-three-c...