တစ်နိုင်တစ်ပိုင်မှသည်  စီးပွားဖြစ် ငုံးမွေးမြူရေးဆီသို့

Posted_Date

Image

တစ်နိုင်တစ်ပိုင်မှသည်  စီးပွားဖြစ် ငုံးမွေးမြူရေးဆီသို့

Body

တိုးတက်လာသော ငုံးမွေးမြူရေး    

ငုံးမွေးမြူရေး လုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦးအရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ်မျှသာ လိုအပ်သည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ်မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်း  နည်းပါးသဖြင့်  မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် မွေးမြူရေးငုံးကောင်ရေ ၁၃ သိန်းခန့် မွေးမြူထားရှိသည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ နှစ်ခန့်ကတည်းက ငုံးမွေးမြူရေးသည် မြန်မာနိုင်ငံတွင် လူကြိုက်များလာသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ငုံးငှက်များသည် အရွယ်သေးငယ်သော်လည်း  ဥထုတ်လုပ်မှုနှုန်းမြင့်မားပြီး အသားနှင့်ဥတွင် အာဟာရဓာတ်ကြွယ်ဝသောကြောင့် စားသုံးသူများကြားတွင်  တစ်နှစ်ထက်တစ်နှစ်  ရေပန်းစားလာသည်။

မွေးမြူလေ့ရှိသောငုံးမျိုးများ

ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုးစိတ်ပေါင်း ၁၃၀ ကျော်ရှိပြီး  ၎င်းတို့၏အရွယ်အစားနှင့်  အသွင်အပြင်ကို လိုက်ကာ အနည်းငယ်မျှသာ ကွာခြားသည်။  ကမ္ဘာပေါ်တွင်တွေ့ရသော ငုံးမျိုးစိတ်များမှာ-

     (က)        Common quail၊

    ( ခ )        Japanese quail၊

    ( ဂ )        Blue- breasted quail နှင့်

   (ဃ)        Rain quail တို့ဖြစ်ကြသည်။  မြန်မာနိုင်ငံတွင်မူ Common quail နှင့် Japanese quail တို့ကို ဥနှင့်အသားအတွက် စီးပွားဖြစ်အများဆုံး မွေးမြူကြသည်။   ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် ဂျပန်ငုံးအပြင် Bobwhite Quail နှင့် Coturnix Quail  မျိုးစိတ်များကိုလည်း  မွေးမြူကြသည်။ ဤမျိုးစိတ်များသည် အသားထုတ်လုပ်မှုအတွက် ပိုမိုသင့်လျော်သည်။

အခြေခံမွေးမြူရေးစနစ်

ငုံးမွေးမြူရာတွင် ပထမဆုံးအနေဖြင့် မျိုးရွေးချယ်ရမည်။ မျိုးရွေးချယ်ရာ၌ ကြီးထွားနှုန်းကောင်းမွန်သော၊ ဥဥနှုန်းကောင်းမွန်သော ပတ်ဝန်းကျင်ရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်မွေးမြူသင့်သည်။ ငုံးများသည် အသက်ခြောက်ပတ်သားအရွယ်တွင် ဥဥခြင်းစတင်ပြီး တစ်နေ့ တစ်လုံးဥလေ့ရှိသည်။ တစ်နှစ် ၂၅၀-၃၀၀ လုံးထိဥလေ့ရှိသည်။ ငုံးများသည် အသက်လေးပတ်သားအရွယ်ထိ အနွေးဓာတ်ပေးရန် လိုအပ်သောကြောင့် တစ်ပတ်သားအရွယ်ငုံးများကို   ရွေးချယ်မွေးမြူမည်ဆိုပါက အနွေးဓာတ်ပေးကာ   ပြုစုစောင့်ရှောက်ရမည်။

ဥထုတ်လုပ်မှုဆောလျင်စွာရလိုပါက အသက်လေးပတ်သား အရွယ်ငုံးများကို ရွေးချယ်မွေးမြူသင့်သည်။

ငုံးတစ်ကောင်သည် နှစ်လမှ ရှစ်လအထိ ဥဥနှုန်း ကောင်းမွန်တတ်ပြီး နောက်ပိုင်းတွင် ဥနှုန်းကျဆင်းသွားလေ့ရှိသည်။  ဥနှုန်းကျဆင်းသွားသော ငုံးများကိုလည်း အသားစားသုံးရန်အတွက် ပြန်လည်ရောင်းချနိုင်သည်။ ငုံးထီးများ၏ ထင်ရှားသည့်သွင်ပြင်လက္ခဏာမှာ နှုတ်သီးအနည်းငယ် ရှည်ထွက်နေပြီး လည်ပင်းမှာအနီရောင်သန်းကာ ကျောဘက်တွင် အမည်းပြောက်များရှိသည်။ ငုံးမများသည် ငုံးထီးများထက် အရောင်ပိုဖျော့၍ လည်ပင်းတွင် ဘယက်ကဲ့သို့ အပြောက်များရှိသည်။ ငုံးထီးများသည် ငုံးမများထက် မြည်တွန်သံပိုကျယ်သည်။ မျိုးငုံးများမွေးမြူမည်ဆိုပါက အထီးအမအချိုး ၁:၅ ခန့် ထားရှိသင့်သည်။

မျိုးငုံးဥများကို စက်နှင့်သားဖောက်ပါက ၁၈ ရက် အကြာတွင် အကောင်ပေါက်လာနိုင်သည်။

မွေးခြံတည်ဆောက်ပုံ

လှောင်အိမ်ကို ဒေသထွက် သစ်၊ ဝါးတို့ဖြင့်လည်းကောင်း၊ သံဆန်ခါကိုအသုံးပြု၍ လည်းကောင်းတည်ဆောက်နိုင်သည်။ အလျား ၄ ပေ ၊ အနံ ၃ ပေ ၊ အမြင့် ၂ ပေရှိ လှောင်အိမ်တွင် ငုံးကောင်ရေ ၅၀ မွေးမြူနိုင်သည်။ ခြံကိုလေဝင်လေထွက် ကောင်းမွန်သောနေရာတွင်ရွေးချယ်ပြီး မွေးမြူရသည်။ ဥဥနေသော ငုံးမများကိုတစ်ရက်လျှင် အလင်းရောင် ၁၆ နာရီရရှိအောင် ဆောင်ရွက်ထားပေးသင့်သည်။

ငုံးစာတွင်ပါဝင်ရမည့် အာဟာရဓာတ်များနှင့် အစာကျွေးမွေးမှုစနစ်

မြန်မာနိုင်ငံတွင် ငုံးများကို စပါး၊ ပြောင်း၊ ပဲများနှင့် အခြားသဘာဝအစာများဖြင့် ကျွေးမွေးလေ့ရှိသည်။ အာဟာရပြည့်ဝသောအစာများကို ဈေးကွက်တွင် ရရှိနိုင်သော်လည်း ကုန်ကျစရိတ်သက်သာစေရေးအတွက် ကျေးလက်ဒေသများတွင်  သဘာဝအစာများကို ပိုမိုအသုံးပြုကြသည်။  ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ငုံးများကို  အာဟာရပြည့်ဝသော အသင့်သုံးစပ်စာများဖြင့် စနစ်တကျကျွေးမွေးကြသည်။ ဤအစာများတွင် အသားနှင့်ဥထုတ်လုပ်ရန်အတွက်  လိုအပ်မည့်   ပရိုတင်း၊ ဗီတာမင်နှင့်  သတ္တုဓာတ်များ   တွက်ချက်ဖော်စပ်ထားသည်။

 ငုံးမွေးမြူရာတွင်  ရေသည်အစာကိုကြေညက်စေပြီး   ခန္ဓာကိုယ်အပူချိန်ကို   ထိန်းညှိရာတွင် အထောက်အကူပြုသောကြောင့် ၂၄ နာရီ ရေအမြဲရရှိရန်လိုအပ်သည်။

ငုံးများအတွက် အာဟာရပြည့်ဝသော အစာတွင် ပရိုတင်း၊ ကစီ၊ အဆီနှင့် အမျှင်ဓာတ်တို့၏ သင့်တင့်မျှတသော အချိုးအစားသည် ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် အရေးကြီးသည်။ အောက်ပါတို့မှာ ငုံးများအတွက် အာဟာရပြည့်ဝသောအစာတွင် ပါဝင်သင့်သော ပရိုတင်း၊ ကစီ၊ အဆီနှင့် အမျှင်ဓာတ်တို့၏ အချိုးအစားဖြစ်သည်။

(၁) ပရိုတင်းဓာတ်

ငုံးစာအတွက် ပရိုတင်းဓာတ်ရရှိနိုင်သော အစာအရင်းအမြစ်များသည်   ငုံးများ၏ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် အရေးကြီးသည်။  ပရိုတင်းဓာတ်သည်  ငုံးများ၏ခန္ဓာကိုယ် ဖွဲ့စည်းမှု၊ အမွေးအတောင်နှင့် ဥထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော  အာဟာရဓာတ်ဖြစ်သည်။ အောက်ပါတို့မှာ ငုံးစာအတွက် ပရိုတင်းဓာတ်ရရှိနိုင်သော အဓိကအစာအရင်းအမြစ်တချို့ဖြစ်သည်။

   (က) ငါးခြောက်မှုန့်။  ပရိုတင်းပါဝင်မှု ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းရှိပြီး  ငါးမှုန့်သည် အမြင့်မားဆုံးသော ပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်သော အစာအရင်းအမြစ်ဖြစ်သည်။ ကယ်ဆီယမ်နှင့် ဖော့စဖရပ်ဓာတ်များလည်းပါဝင်သည်။

    (ခ) ပုစွန်ခွံမှုန့်။ ပရိုတင်းပါဝင်မှု ၄၀ ရာခိုင်နှုန်းမှ ၅၀   ရာခိုင်နှုန်းရှိပြီး  ပုစွန်ခွံမှုန့်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကယ်ဆီယမ်ဓာတ်လည်း ပါဝင်သည်။

    (ဂ) နှမ်းဖတ်။ ပရိုတင်းပါဝင်မှု ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းရှိပြီး  နှမ်းဖတ်သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီဓာတ်လည်း အနည်းငယ်ပါဝင်သည်။

    (ဃ) နေကြာဖတ်။ ပရိုတင်းပါဝင်မှု ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းရှိပြီး နေကြာဖတ်သည် ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များပါဝင်သည်။

    (င) ပဲအမျိုးမျိုး။  ပရိုတင်းပါဝင်မှု ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရှိပြီး ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကတ္တီပါ စသည့်ပဲများသည် ပရိုတင်းဓာတ်ကြွယ်ဝသည်။

(၂) အမျှင်ဓာတ်

ငုံးစာအတွက် အမျှင်ဓာတ်ရရှိနိုင်သော အစာအရင်းအမြစ်များသည် အစာချေစနစ်ကို ထောက်ပံ့ပေးရန်အရေးကြီးသည်။ အမျှင်ဓာတ်သည် အစာချေလမ်းကြောင်းကို ကောင်းမွန်စေပြီး ငုံးများ၏ကျန်းမာရေးကို မြှင့်တင်ပေးသည်။ သို့သော် အမျှင်ဓာတ်ကို လိုအပ်သည်ထက် ပိုမိုကျွေးမွေးပါက အစာချေစနစ်ကိုထိခိုက်စေနိုင်သည်။ အောက်ပါတို့မှာ ငုံးစာအတွက် အမျှင်ဓာတ်ရရှိနိုင်သော အဓိကအစာအရင်းအမြစ်တချို့ဖြစ်သည်။

    (က) စပါးဖွဲ။ အမျှင်ဓာတ်ပါဝင်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅  ရာခိုင်နှုန်းရှိပြီး စပါးဖွဲသည် အမျှင်ဓာတ်ကြွယ်ဝပြီး ကစီဓာတ်နှင့် ပရိုတင်းဓာတ်များလည်း ပါဝင်သည်။

   ( ခ ) ပြောင်းဖူးဖွဲ။  အမျှင်ဓာတ်ပါဝင်မှု ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းရှိပြီး ပြောင်းဖူးဖွဲသည် အမျှင်ဓာတ်နှင့် ကစီဓာတ်များ ပါဝင်သည်။

    ( ဂ ) နေကြာဖတ်။   အမျှင်ဓာတ်ပါဝင်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းရှိပြီး နေကြာဖတ်သည် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင်သည်။

    ( ဃ ) ပဲအမျိုးမျိုး။ အမျှင်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းရှိပြီး ပဲများသည် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များပါဝင်သည်။

(၃) ကစီဓာတ်

ငုံးစာအတွက် ကစီဓာတ် (စွမ်းအင်) ရရှိနိုင်သော အစာအရင်းအမြစ်များသည် ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် နေ့စဉ်လှုပ်ရှားမှုအတွက် အရေးကြီးသောစွမ်းအင်ကို ထောက်ပံ့ပေးသည်။ ကစီဓာတ်သည် ငုံးစာ၏ အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်ပြီး အောက်ပါအစာအရင်းအမြစ်များမှ ရရှိနိုင်သည်။

    (က) ပြောင်းဖူး။  ပြောင်းဖူးသည်  ကစီဓာတ်ကြွယ်ဝသော အဓိကအစာအရင်းအမြစ်ဖြစ်သည်။ ငုံးစာတွင် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်သည်။ စွမ်းအင်ကို အဓိကထောက်ပံ့ပေးပြီး ဈေးနှုန်းချိုသာသည်။

    ( ခ ) စပါး။ စပါးနှင့်စပါးဖွဲသည် ကစီဓာတ်ကြွယ်ဝသော အစာအရင်းအမြစ်များဖြစ်သည်။ စပါးဖွဲကို ငုံးစာတွင် ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ ထည့်သွင်းနိုင်သည်။ စပါးဖွဲတွင် အမျှင်ဓာတ်လည်း ပါဝင်သောကြောင့် အစာချေစနစ်ကို ထောက်ပံ့ပေးသည်။

    ( ဂ ) ဂျုံ။ ဂျုံနှင့် ဂျုံဖွဲသည် ကစီဓာတ်ကြွယ်ဝပြီး ပရိုတင်းဓာတ်လည်း အနည်းငယ်ပါဝင်သည်။ ငုံးစာတွင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

    ( ဃ ) ပဲအမျိုးမျိုး။ ပဲအမျိုးမျိုး (ဥပမာ - ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကတ္တီပါ) တွင် ကစီဓာတ်နှင့် ပရိုတင်းဓာတ်များ  ပါဝင်သည်။  ငုံးစာတွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

    (  င  ) သကြား/ထန်းလျက်ဓာတ်။  သကြားဓာတ်သည် စွမ်းအင်ကို အမြန်ရရှိစေသော အရင်းအမြစ်ဖြစ်သည်။ ငုံးစာတွင် ၂ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း အထိ ထည့်သွင်းနိုင်သည်။

(၄) အဆီဓာတ်

ငုံးများအတွက် အစာတွင် အဆီဓာတ် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ပါဝင်သင့်သည်။ အဆီဓာတ်သည် စွမ်းအင်ထုတ်လုပ်ရန်အတွက် အဓိကလိုအပ်သည်။ ထို့ပြင် အဆီဓာတ်သည် ဗီတာမင် A, D, E, K ကဲ့သို့သော ဗီတာမင်များကို  စုပ်ယူရာတွင်လည်း အထောက်အကူပြုသည်။ အဆီဓာတ်ရရှိနိုင်သော  အရင်းအမြစ်များမှာ   ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ-ပြောင်းဖူးဆီ၊ နေကြာဆီ၊ ငါးဆီ)စသည့် တိရစ္ဆာန်အဆီများဖြစ်သည်။

ဒေသထွက်အစာကုန်ကြမ်းများဖြင့် စပ်စာပြုလုပ်ခြင်း (နမူနာ)

ငုံးစာကို ဖွဲ၊ ငါးခြောက်မှုန့်၊ ပြောင်းဖူးမှုန့်၊ နှမ်းဖတ် စသည့် ဒေသထွက်အစာကုန်ကြမ်း လေးမျိုးတို့ဖြင့် အာဟာရပြည့်ဝစွာဖော်စပ်ရန် အောက်ပါအချိုးကို အသုံးပြုနိုင်သည်။ ငုံးများ၏ ကြီးထွားမှု၊ ဥထုတ်လုပ်မှုနှင့် ကျန်းမာရေးအတွက် လိုအပ်သောအာဟာရဓာတ်များကို မျှတစွာပံ့ပိုးပေးနိုင်သည့် ဖော်ပြပါအချိုးဖြင့် စပ်စာပိဿာ ၁၀၀ နမူနာစပ်ကျွေးနိုင်သည်။

ငုံးစာပိဿာ ၁၀၀ အတွက် အချိုး အစာကုန်ကြမ်း တစ်မျိုးချင်းအလိုက်ထည့်ဝင်ရမည့် အချိုးမှာ-

-           ဖွဲ (Rice Bran)                       - ၄၀ ပိဿာ (၄၀ ရာခိုင်နှုန်း)

-           ငါးခြောက်မှုန့် (Fish Meal)            - ၂၀ ပိဿာ (၂၀ ရာခိုင်နှုန်း)

-           ပြောင်းဖူးမှုန့် (Corn Meal)            - ၃၀ ပိဿာ (၃၀ ရာခိုင်နှုန်း)

-           နှမ်းဖတ် (Sesame Meal)   - ၁၀ ပိဿာ (၁၀ ရာခိုင်နှုန်း) ဖော်စပ်ပြီး  အစာတွင် အာဟာရဓာတ်ပါဝင်မှု ရာခိုင်နှုန်းမှာ-

-           ပရိုတင်း -    ၂၀ ရာခိုင်နှုန်း မှ      ၂၅  ရာခိုင်နှုန်း

-           ကစီဓာတ် - ၅၀ ရာခိုင်နှုန်းမှ      ၆၀  ရာခိုင်နှုန်း

-           အဆီဓာတ် -          ၅ ရာခိုင်နှုန်းမှ         ၈    ရာခိုင်နှုန်း

-           အမျှင်ဓာတ် -         ၈ ရာခိုင်နှုန်းမှ         ၁၀  ရာခိုင်နှုန်း

သတိပြုရန်မှာ ဤအချိုးသည် ငုံးများ၏ အသက်အရွယ်၊ ရည်ရွယ်ချက် (ဥထုတ်လုပ်ရန် သို့မဟုတ် အသားထုတ်လုပ်ရန်) အလိုက် အနည်းငယ်ပြောင်းလဲနိုင်သည်။  မိမိဒေသထွက် ဈေးနှုန်းသင့်တင့်ပြီး အာဟာရပြည့်ကုန်ကြမ်းများနှင့်လည်း ဖော်စပ်ကျွေးမွေးနိုင်သည်။ နားလည်ကျွမ်းကျင်သည့် မွေးမြူရေးပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ရန် အကြံပြုလိုသည်။

 ငုံးတစ်ကောင်၏ တစ်ရက်ပျမ်းမျှအစာစားနှုန်း

ငုံးတစ်ကောင်၏ တစ်ရက်ပျမ်းမျှအစာစားနှုန်းမှာ ဖော်ပြပါအတိုင်းဖြစ်၍ အထက်တွင် ရှင်းလင်း ပြခဲ့သည့် အစာစပ်နည်းဖြင့် မိမိလိုအပ်သည့် အစာပမာဏကို မိမိမွေးမြူသည့် ကောင်ရေနှင့် အသက် အရွယ်အလိုက် တွက်ချက်ကျွေးမွေးနိုင်သည်။

-           ၄ ပတ်သားငုံး - ၁၅ ဂရမ်(သုည ဒသမ ၉ ကျပ်သား)

-           ၅ ပတ်သားငုံး - ၁၅ ဂရမ်(သုည ဒသမ ၉ ကျပ်သား)

-           ၆ ပတ်သားငုံး - ၁၈ ဂရမ်(၁ ဒသမ ၁ ကျပ်သား)

-           ၇ ပတ်သားငုံး - ၂၁ ဂရမ်(၁ ဒသမ ၂ ကျပ်သား)

-           ၈ ပတ်သားငုံး -၂၄ ဂရမ်(၁ ဒသမ ၄ ကျပ်သား)

ကျန်းမာရေးစောင့်ရှောက်မှု

 ငုံးများကိုမွေးမြူရာတွင်   ပုံမှန်သန်ချဆေးပေးရန် လိုအပ်သည်။ ငုံးများတွင် ချေးဖြူရောဂါ၊ လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါ၊ မားရက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် ကြိုတင်ကာကွယ် ထားရန် လိုအပ်သည်။  ဝမ်းရောဂါဖြစ်ပွားပါက ရုတ်တရက်သေဆုံးနိုင်သဖြင့် အစာနှင့်ရေတွင် ဆေးထည့်ကျွေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်။

ငုံးဥနှင့် ငုံးသားတို့၏ အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ

ငုံးဥတွင် အသားဓာတ်၊ သံဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်းနှင့် ဘီတူး၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နှင့် အခြားသတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပေသည်။ ငုံးသား ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ် ၂၅ ဂရမ်၊ အဆီဓာတ် ၁၄ ဂရမ်၊ ကယ်လိုရီဓာတ် ၂၂၇ ဂရမ်တို့ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့် သကြားဓာတ်များမပါဝင်ပါ။  ထို့ပြင် ငုံးသားတွင် သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် B-3 နှင့် B-6 များ ကြွယ်ဝစွာပါဝင်ပေသည်။ ငုံးဥစားခြင်းဖြင့် ခုခံစွမ်းအားကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝပြောင်းလဲမှုဖြစ်စဉ်ကို တိုးတက်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း၊ ဓာတ်မတည့်မှုကို သက်သာစေခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိစေသည်။

 စားသောက်ဆိုင်မှ ငုံးဥနှင့် ငုံးသားအကင်

 တရုတ်ရိုးရာအစားအစာနှင့် နာမည်ကြီးဟင်းလျာ အများစုတွင် ငုံးဥသည် မပါမဖြစ်ပါဝင်လျက်ရှိသည်။ ကမ္ဘာ့နာမည်ကြီးဟင်းလျာများတွင်လည်း ငုံးဥသည် မပါမဖြစ် ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ငုံးသားမှာလည်း အလွန်နူးညံ့သောကြောင့် လူကြိုက်များသည်။ မြန်မာနိုင်ငံတွင် ငုံးမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသများတွင် စီးပွားဖြစ်လုပ်ကိုင်လာကြသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပညာနှင့် စီမံခန့်ခွဲမှုစနစ်များ အားနည်းနေသေးသည်။ မွေးမြူသူများအနေဖြင့် နည်းပညာမြှင့်တင်ခြင်း၊ အာဟာရပြည့်ဝသော အစာများကို ပိုမိုအသုံးပြုခြင်းနှင့် ရောဂါကာကွယ်ရေးစနစ်များ ပိုမိုတိုးတက်လာပါက မြန်မာနိုင်ငံ၏ ငုံးမွေးမြူရေး လုပ်ငန်းသည်လည်း  ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်၍ ငုံးမွေးမြူရေးအတွက် သိပ္ပံနည်းကျနည်းစနစ်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ် ရယူနိုင်ပါကြောင်း တင်ပြအပ်ပါသည်။   ။

MWD Web Portal