တောင်သူဝင်ငွေတိုးပွားဖို့ ပျားမွေးမြူရေးအားပေးစို့
Posted_Date
Image

Body
စိုက်ပျိုးရေးသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်တို့ကို လိုက်နာ ဆောင်ရွက်လျက် ခေတ်နှင့်လျော်ညီသော စိုက်ပျိုးသီးနှံနှင့်ထွက်ကုန်များကို ဦးစားပေးစိုက်ပျိုး လာကြသည်။
ထိုနည်းတူ ခေတ်မီနည်းစနစ်များကို အမီလိုက်လာသော ခေတ်မီအပင်ရောဂါများကို ကုစားရန်အတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကိုလည်း ဆန်းသစ်တီထွင်သုံးစွဲလာကြသည်။ထိုသို့သုံးစွဲလာခြင်း၏ နောက်ဆက်တွဲအနေဖြင့် အကျိုးပြုပျားမျိုးစိတ်များကိုပါ ထိခိုက်လာသည်ကို ကြုံတွေ့လာရသည်။သွင်းအားစုများသည် ထွက်ကုန်ကောင်းစေရန်လိုအပ်သကဲ့သို့ တောင်သူအကျိုးပြုဝတ်မှုန်ကူး လုပ်ငန်းကို ဆောင်ရွက်နေကြသည့်ပျားအပါအဝင် အခြားဝတ်မှုန်ကူးသတ္တဝါများ၏ အခန်းကဏ္ဍကိုလည်းမေ့လျော့ချန်လှပ်ထားရန်မဖြစ်နိုင်ပေ။ပျားမျိုးစိတ်များသည်ဝတ်မှုန်ကူးဝန်ဆောင်မှုကို လုပ်ဆောင် ကြပြီး သီးနှံအထွက်တိုးရေးအတွက် တစ်ဖက်တစ်လမ်းမှအကူအညီပေးနေကြသူများပင်ဖြစ်သည်။
တောင်သူအကျိုးပြုပျားမျိုးစုများမြန်မာနိုင်ငံတွင် ပျားမျိုးစိတ်များကိုမွေးမြူရေးပျားနှင့်တောပျားဟူ၍အလွယ်တကူခေါ်ဝေါ်ကြသည်။ ကမ္ဘာပေါ်တွင် ပျားမျိုးစိတ်ပေါင်း ၂၂၀၀၀ ကျော်ရှိသည့်အနက် ဝတ်ရည်စုပျား တစ်နည်းအားဖြင့် ပျားရည်ထုတ်လုပ်သောပျားအမျိုးအစားမှာ ကိုးမျိုးသာရှိသည်။ ထိုပျားအမျိုးအစားများကိုအမူအကျင့်နှင့်အရွယ်အစားကိုလိုက်၍ အုပ်စုသုံးခုခွဲ၍ လေ့လာနိုင်သည်။ (၁)ပျားကြီးမျိုးများ (Giant Honey Bees)၊ (၂)သစ်ခေါင်းပျားမျိုးများ (Cavity Nesting Bees) နှင့် (၃)ပျားငယ်မျိုး (Dwarf Bees)ဟူ၍ ခွဲခြားလေ့လာနိုင်သည်။
(၁) ပျားကြီးမျိုး (Giant Honey Bees)
အာရှပျားကြီးမျိုးဖြစ်ပြီး အာရှတိုက်တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းတို့တွင် တွေ့ရသည်။ မြေပြင်မှ အမြင့်ပေ ၃၀ နှင့်အထက် အပင်အမြင့်များတွင် ပျားသလက်ချပ်တစ်ခုလျှင် ပျားအုံတစ်အုံအဖြစ် အုံဖွဲ့ နေတတ်သည်။ လုပ်သားပျားတစ်ကောင်သည် အရွယ်အစားအားဖြင့် (ဝ.၇-ဝ.၈)လက်မခန့်ရှိသည်။
အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင်တွေ့ရသည်။ အုံတစ်ခုနှင့်တစ်ခုကို နီးကပ်စွာတည်ဆောက်တတ်ကြသည်။ ရာသီ အလိုက်အုံပြောင်းရွှေ့တတ်သောအကျင့်ရှိသည်။ ၃ လ - ၄ လလျှင်တစ်ကြိမ်ခန့်နေရာပြောင်းရွှေ့ လေ့ရှိသည်။ သုတေသနမှတ်တမ်းများအရ ရွှေ့ပြောင်းလျှင်လည်း မူလအုံဖွဲ့သည့် နေရာသို့သာ ပြန်လည်အုံဖွဲ့တတ်ကြသည်။ အထူးသဖြင့် အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် အုံအသစ်ဖွဲ့လေ့ရှိ သည်။
အုံအသစ်သည်လည်း မူလနေရာမှ မီတာ ၅၀ဝ အကွာတွင်တည်ဆောက်လေ့ရှိကြောင်း သုတေသန မှတ်တမ်းများအရသိရှိရသည်။ မြန်မာနိုင်ငံတွင်ပျားကြီးပျားမျိုးများသည် သစ်ပင်ကြီးများ ပေါ်နှင့် တောင်ကမ်းပါးယံဘုရားပုထိုးစေတီများ၊ ဆင်းတုတော်များတွင်လည်း အုံဖွဲ့တတ်ကြသည်။ နေရာမတူ သကဲ့သို့ အရွယ်အစားလည်းမတူညီကြပေ။
အညာဒေသတွင် ပျားကြီးအုံများ၏အရွယ်အစားကြီးမားမှုသည်လှည်းဘီး၏ပမာဏခန့်ရှိသည့်အတွက် ထိုပျားကြီးမျိုးကိုလှည်းဘီးပျားဟုလည်း ခေါ်တတ်ကြသည်။ တောင်ပေါ်ဒေသများတွင်တွေ့ ရတတ် သော ပျားကြီးများသည် သစ်ပင်ကြီးငယ်များတွင်သာမက ကျောက်တောင်ကမ်းပါးယံများတွင်လည်း တွေ့ရတတ်သည်။ ထိုကဲ့သို့သော ပျားကြီးမျိုးကို ကျောက်ပျားဟုလည်းခေါ်ကြသည်။လှည်းဘီးပျား ဟုခေါ်ဝေါ်သောပျားကြီးမျိုးများ၏အရောင်အသွေးမှာအဝါနှင့်အနက်ကျားသောပုံစံဖြစ်ပြီး ကျောက်ပျားဟုခေါ်ဝေါ်သောပျားမျိုးမှာ အဖြူနှင့်အနက်ကျားသောအရောင်ရှိသည်။ ထိုကဲ့သို့ ပျားမျိုးကို ဟိမဝန္တာပျားကြီးမျိုး သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ပျားကြီးမျိုးဟုလည်း ခေါ်ဝေါ်ကြသည်။
မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တွေ့ရှိရသည်။ ပျားကြီးများမှာ အရွယ်အစားကြီးမားသကဲ့သို့ပျံသန်းနိုင်သော အကွာအဝေးမှာလည်းကျန်ပျားများထက်ပိုမိုသွားရောက်နိုင်သည်။ ထိုပျားကြီးများသည် နံနက်အရုဏ်မတက်ခင်အချိန်မှစ၍ ညမိုးချုပ်သည့်အချိန်အထိ လွတ်လပ်စွာပျံသန်းသွားလာတတ်ကြသည်။ ထို့ကြောင့် တောင်သူတို့ စိုက်ပျိုးထားသောသီးနှံများဖူးပွင့်ချိန်တွင်စိုက်ခင်းများအနီးရှိ သစ်ပင်ကြီးများပေါ်တွင် အုံဖွဲ့နေထိုင်ကာ ဝတ်မှုန်ကူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးသဘာဝအလျောက် အသက်မွေးရှင်သန်နေထိုင်ကြသည်။ ပျားရည်စုဆောင်းအသက်မွေးကြသူများက ပျားကြီးအုံများမှပျားရည်ရယူကာ လက်လီရောင်းချလေ့ရှိကြသည်။
(၂) သစ်ခေါင်းပျားမျိုးများ (Cavity Nesting Bees)
အများအားဖြင့် သစ်ပင်၊ ပင်စည်အခေါင်းအတွင်းဝင်၍ အုံဖွဲ့နေတတ်သောကြောင့် သစ်ခေါင်းပျားဟုခေါ်ဝေါ်ကြပြီး သစ်ခေါင်းအတွင်းအုံဖွဲ့နေတတ်သော သဘာဝရှိသည့်ပျားအမျိုးအစားငါးမျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင်တောပျားဟုခေါ်သည့် Apis Cerana သစ်ခေါင်းပျားမျိုးနှင့်မွေးမြူရေးပျားဟုခေါ်ဝေါ်ကြသည့် Apis Mellifera ဥရောပပျားမျိုးကိုသာတွေ့ရှိရသည်။ ဥရောပပျားမွေးမြူရေးလုပ်ငန်းမှ ပျားရည်အမြောက်အမြားစုဆောင်းရရှိသည်။
(က) တောပျား
Apis Cerana ကိုအိန္ဒိယမှလာသောပျားမျိုးများဟု ခေါ်ဝေါ်ခဲ့ကြသည်။ အာရှဒေသနိုင်ငံတော်တော်များများတွင်တွေ့ရှိရသောကြောင့် အာရှပျားအဖြစ်လည်းသတ်မှတ်ထားကြသည်။ တောပျား သဘာဝကို ပိုင်ဆိုင်ထားကြသည့်ပျားများဖြစ်သည့်အတွက် အုံသွင်းမွေးမြူနိုင်သော်လည်း မကြာခဏအုံမှစွန့်ခွာထွက်ပြေးကာ တောသဘာဝတွင် ပြောင်းရွှေ့နေထိုင်ကြလေ့ရှိသည်။ အရောင်မှာအဝါနှင့်အနက်ကျားသောအရောင်ရှိပြီး မူရင်းပျားမျိုးမှာ အနက်ရောင်ပိုများသည်။အာရှပျားမျိုးဖြစ်သည့်အတိုင်း အာရှဒေသတွင်းနိုင်ငံများတွင် အများဆုံးတွေ့ရသည်။ လက်ရှိအချိန်တွင်တွေ့ရှိထားသောမှတ်တမ်းများအရ Apis Cerana ပျားမျိုးကွဲပေါင်းရှစ်မျိုးရှိနေသည်။
မြန်မာနိုင်ငံတွင်အင်္ဂလိပ်တို့ကျူးကျော်စစ်စသည့်အချိန်တွင် ပျားမွေးမြူသည့်အလေ့အထပါလာခဲ့သည်ဟု မှတ်သားခဲ့ဖူးသော်လည်း အထောက်အထားခိုင်ခိုင်မာမာမတွေ့ရသေးပေ။ ပျားမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနေသော လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝအတိုင်းပေါက်ရောက်နေသော သစ်တောသစ်ပင်သဘာဝသယံဇာတများစွာပေါများသည့်အတွက် ပျားစာလွန်စွာပေါများသည်။ ထို့ကြောင့် သစ်ခေါင်းပျားများကဲ့သို့သော အာရှပျားမျိုးစိတ်များသည် သစ်တောများတွင် သဘာဝအလျောက် ပွားများနေထိုင်နိုင်ကြသည်။ ထိုကဲ့သို့သောပျားမျိုးများကို သစ်ခေါင်းတွင်းသို့ အုံသွင်းမွေးမြူတတ်သည့် မိရိုးဖလာပျားရည်ထုတ်လုပ်ရောင်းချသူများလည်း ရှိနေသေးပေသည်။
ကွင်းဆင်းလေ့လာမေးမြန်းချက်များအရ ကရင်ပြည်နယ် လိပ်သိုမြို့နယ်ခွဲ မြရာကုန်းကျေးရွာနှင့် သံတောင်မြောက်ပိုင်းတွင် မြောက်ပယ်ဘိုးကျေးရွာ၊ သင်္ဘာတောကျေးရွာ၊ ကျောက်ဖြာကျေးရွာ၊ နန်းချိုကျေးရွာ၊ သက်နုကုန်းကျေးရွာတို့တွင် မိရိုးဖလာသစ်ခေါင်းပျားမွေးမြူခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြပြီး တစ်နှစ်လျှင် သစ်ခေါင်းပျား ပျားရည်တန်ချိန် ၃၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်းသိရှိရသည်။
ထိုကဲ့သို့သော မိရိုးဖလာမွေးမြူနည်းစနစ်များကိုနိုင်ငံတော်မှပံ့ပိုးကူညီပေးနိုင်လျှင် ခေတ်မီသစ်ခေါင်းပျားမွေးမြူရေးနည်းစနစ်များအဖြစ် မွေးမြူလာနိုင်ပြီးသဘာဝအတိုင်းရရှိသော သစ်ခေါင်းပျား ပျားရည်စစ်စစ်ကို အမြောက်အမြားထုတ်လုပ်ရရှိနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း တစ်ပါတည်းဆောင်ရွက်နိုင်ပေလိမ့်မည်။ ထူးခြားချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် တစ်ခုတည်းသောပျားရည်ဆွမ်းလောင်းပွဲတော်ကိုတနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ဒေသခံသစ်ခေါင်းပျားမွေးမြူရေးမှရရှိသော သဘာဝပျားရည်များကို ဆွမ်းလောင်းလှူပွဲကျင်းပကြသည်။ ၂၀၂၃ ခုနှစ်တွင် အီတလီနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏အထောက်အပံ့ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သစ်ခေါင်းပျားများမွေးမြူခြင်းသင်တန်းများ ဖွင့်လှစ်ပို့ချကာဒေသပျားမျိုးများကို မွေးမြူသည့်အလေ့အထကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ဒေသပျားမျိုးများသည် ဒီရေတောအပင်များတွင် ဝတ်မှုန်ကူးလုပ်ငန်းများဆောင်ရွက်ကြပြီး ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကိုပါ ဆောင်ရွက်နိုင်မည့်အစီအစဉ်ဖြစ်လာသည်။ ထိုကဲ့သို့ တောပျားများသည် သဘာဝသစ်တောများ၊ဒီရေတောများနှင့်တောင်ပေါ်ဒေသများရှိအပင်များပွားများရှင်သန်နိုင်ရေးကို အထူးလုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရသည်။ သုတေသနမှတ်တမ်းအရ မြန်မာနိုင်ငံမြောက်ဘက်ဖျားမှ မြန်မာနိုင်ငံတောင်ဘက်ဖျားအထိ သစ်ခေါင်းပျားမျိုးများ ပျံ့နှံ့နေထိုင်ကြကြောင်းသိရှိရသည်။ ဒေသခံတောင်သူများသည် သဘာဝတောပျားများကိုမိရိုးဖလာနည်းလမ်းများဖြင့် မွေးမြူလုပ်ကိုင်လျက်ရှိကြပြီး ထိုတောင်သူများကို နိုင်ငံတော်မှ ခေတ်မီနည်းပညာများ၊ အထောက်အပံ့များပံ့ပိုးပေးနိုင်ပါက အရည်အသွေးမီ သဘာဝပျားရည်များကို အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် ထူထောင်နိုင်မည်ဖြစ်ကာဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်လည်းအောင်မြင်ပြီးမြန်မာ့သဘာဝပျားရည်အဖြစ် နိုင်ငံတကာသို့တင်ပို့ရောင်းချကာ နိုင်ငံခြားဝင်ငွေပိုမိုရှာဖွေနိုင်ပေလိမ့်မည်။
(ခ) မွေးမြူရေးပျား (သို့) ဥရောပပျား
မြန်မာနိုင်ငံတွင် ခေတ်မီပျားမွေးမြူရေးကို ၁၉၇၉ ခုနှစ်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန သည် ကမ္ဘာ့ကုလသမဂ္ဂအစီအစဉ်(UNDP)ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့၏ပူးပေါင်းကူညီမှုဖြင့်တိရစ္ဆာန်မွေးမြူရေးကော်ပိုရေးရှင်း၌ ဥရောပပျားမျိုး (Apis Mellifera Lingustica)ပျားအုံ၃၅ အုံကို သြစတြေးလျနိုင်ငံမှမှာယူပြီး ပျားမွေးမြူရေးလုပ်ငန်းကျွမ်းကျင်သူ ပိုလန်နိုင်ငံသား Dr.C.B Zmarlicsks နှင့် ခေတ်မီပျားမွေးမြူရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကာလအတွင်း ပြည်ပမှပျားဘုရင်မများတင်သွင်း၍ ပျားအုံများခွဲထုတ်ခြင်း၊ ပျားစခန်းအသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပျားရည်ထုတ်လုပ်ပြီး ပြုပြင်ရောင်းချခြင်း၊ စက်ပစ္စည်းများဝယ်ယူတပ်ဆင်ပြီး ပျားအိမ်နှင့် ပျားသလက်အခြေခံပျားများထုတ်လုပ်ခြင်း၊ ပျားဘုရင်မစမ်းသပ်မွေးမြူခြင်း၊ ပျားစာပင်များလေ့လာဖော်ထုတ်မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ပျားရည်ထုတ်လုပ်နိုင်သည်နှင့်အမျှ ပြည်ပကုန်သွယ်မှုအနေဖြင့် မြန်မာ့ပျားရည်ကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချခဲ့ရာ ၁၉၈၉-၁၉၉ဝ ဘဏ္ဍာနှစ်တွင် ပျားလုပ်ငန်းဌာနမှ ဂျပန်နိုင်ငံသို့ပျားရည်မက်ထရစ်တန် ၄ဝ တင်ပို့ရာမှ ပြည်ပတင်ပို့မှုစတင်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂလိကပိုင်ပျားရည်များကို ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာနှစ်မှစ၍ ပြည်ပသို့ ပျားရည် ၉၄ မက်ထရစ်တန် စတင်တင်ပို့ရောင်းချနိုင်ခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူရေးဖွံ့ဖြိုးမှုဌာနခွဲ၏မှတ်တမ်းများအရ ၂၀၂၃ - ၂၀၂၄ ကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၂၅၀၀ ခန့် တင်ပို့ရောင်းချခဲ့ကြောင်းသိရှိရသည်။ မွေးမြူရေးပျားဖြစ်သည့် ဥရောပပျားမျိုးများသည် တောင်သူများစိုက်ပျိုးသီးနှံပွင့်သည့်ရာသီကိုလိုက်၍ ရွှေ့ပြောင်းမွေးမြူကြရသည်။ ထိုကဲ့သို့ ရွှေ့ပြောင်းမွေးမြူခြင်းမှရရှိသော ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပသို့တင်ပို့ကာ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခဲ့သည်။
(၃) ပျားငယ်မျိုး(Dwarf Bees)
ပျားငယ်အမျိုးအစားအနေဖြင့် (ယင်ပျား) Apis Florea နှင့်(ယင်ပျားငယ်) Apis Andreniformis ဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင် နှစ်မျိုးလုံးတွေ့ရသည်။ မြေပြန့်လွင်ပြင်ဒေသအားလုံးနီးပါးတွင် တွေ့နိုင်သည်။ အရောင်အသွေးမှာ ယင်ကောင်နှင့်ပုံသဏ္ဌာန်တူသောကြောင့် ယင်ပျားဟုလည်း ခေါ်ဝေါ်သည်။
အာရှပျားမျိုးနွယ်ဝင် ပျားငယ်အမျိုးအစားဖြစ်သည်။ အုံဖွဲ့ခြင်းကို လဟာပြင်တွင် ဖွဲ့တတ်ကြပြီး အကောင်အရွယ်အစားသေးငယ်သလို အုံအရွယ်အစားလည်း သေးငယ်သည်။ လုပ်သားပျား၏အရွယ်အစားသည် အလွန်သေးငယ်သည်။ အရွယ်အစားအားဖြင့် ၇ မီလီမီတာမှ ၁၀ မီလီမီတာအရွယ်ခန့်သာရှိသည်။
အရောင်မှာနီညိုရောင်ဖြစ်သည်။ အာရှနှင့်အာဖရိကဒေသတို့တွင် အများဆုံးတွေ့ရသည်။ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိုမန်၊ အီရန်၊ အိန္ဒိယ၊ တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသရှိ သစ်တောများတွင် အတွေ့ရများသည်။ အုံဖွဲ့ရာတွင် အုံအသစ်နှင့်အုံအဟောင်းကိုအတူတွဲ၍ အုံဖွဲ့သောအလေ့အကျင့်မရှိပေ။ ထို့အတူ အခြားသောပျားမျိုးများကဲ့သို့ နေရာအဟောင်း၊ အုံအဟောင်းတွင် ပြန်လည်နေထိုင်ခြင်းမျိုးကိုမတွေ့ရပေ။ ယင်ပျားမှပျားရည်ထုတ်ယူသုံးစွဲခြင်းကို ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ကျောက်ဆည်၊ မန္တလေး၊ မိတ္ထီလာ၊ ပုဂံ၊ ညောင်ဦး၊ မကွေးမြို့နယ်တို့တွင် ပေါများစွာတွေ့ရသည်။ ပျားအုံအရွယ်အစားသေးငယ်သကဲ့သို့ ပျားများသည် ဝတ်ရည်စုဆောင်းမှုနှင့်အလုပ်လုပ်ရာတွင် အခြားပျားမျိုးများနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပျင်းရိလေးလံသောပျားငယ်မျိုးဖြစ်သည့်အတွက် တောင်သူတို့အတွက် များစွာအထောက်အကူပြုသည်မဟုတ်သော်လည်း တတ်နိုင်သလောက်ဝတ်မှုန်ကူးဆောင်ရွက်ကြသူများပင်ဖြစ်သည်။
ပျားဖြင့်ဝတ်မှုန်ကူးသုတေသနဆောင်ရွက်ချက်များ
ပျားသည် သဘာဝအရ ဝတ်မှုန်ကူးဝန်ဆောင်မှုကိုဆောင်ရွက်ကြသူများဖြစ်ကြပြီး ထိုပျားများကို မိမိတို့စိုက်ပျိုးသောသီးနှံအလိုက် ချထားမွေးမြူခြင်းများဆောင်ရွက်နိုင်ရန် မကွေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ အတူပူးပေါင်း၍ စမ်းသပ်ကွက်များဖြင့် သုတေသနပြုဆောင်ရွက်ခဲ့သည်။ သုတေသနရလဒ်များအရ နှမ်းသီးနှံတွင် ပျားဖြင့်ဝတ်မှုန်ကူးဆောင်ရွက်ပါက မူလအထွက်နှုန်းထက် ၁ ဆပိုမိုတိုးတက်ကြောင်း တွေ့ရှိခဲ့ရသည်။
ပဲစင်းငုံသီးနှံတွင်မူလအထွက်နှုန်းထက် ၁ ဆပိုမိုတိုးတက်ပြီး နေကြာသီးနှံတွင် မူလအထွက်နှုန်းထက် ၄ ဆခန့်ပိုမိုကြောင်း တွေ့ရှိရသည်။ သုတေသနစမ်းသပ်ခြင်းသည် ပတ်ဝန်းကျင်၏ကျရောက်လာနိုင်သောအခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ကြိုတင်ပြင်ဆင်သုတေသနပြုခြင်းဖြစ်သည့်အတွက် ပြင်ပမှပကတိအခြေအနေများဖြင့် တိုက်ရိုက်ကိုက်ညီမည်တော့မဟုတ်ပေ။ သို့သော် သုသေသနအပေါ် သုံးသပ်ကြည့်ပါက ပျားဖြင့်အတူထားစိုက်ပျိုးခြင်းသည် ပျားမရှိခြင်းထက် ပို၍တိုးတက်သည်ကိုတော့ ငြင်း၍မရပေ။ အနည်းဆုံး အသီးအနှံများ အောင်မြင်ဖြစ်ထွန်းခြင်းကို ခံစားရမည်ဖြစ်သည်။
ပျားကြီး၊ သစ်ခေါင်းပျားနှင့် ပျားငယ်အုပ်စုများသည် အမျိုးသဘာဝအရ ကွဲပြားခြားနားနေကြသော်လည်း အဓိကတာဝန်မှာဝတ်မှုန်ကူးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။
တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများဖွံ့ဖြိုးအောင် အခြားသွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ရသကဲ့သို့ ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည့်ပျားမျိုးများအနက် လူတို့မွေးမြူ၍ရသော ပျားမျိုးများကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းများဆောင်ရွက်မည်ဆိုပါက မိမိတို့၏မူလသီးနှံစိုက်ခင်းကို ပုံမှန်ထက် အထွက်တိုးစေခြင်းအပြင် မိမိတို့မွေးမြူထားသော ပျားအုံများမှရရှိမည့် ပျားရည်နှင့် ပျားထွက်ပစ္စည်းများရောင်းချခြင်းမှလည်း အပိုဝင်ငွေကို ထပ်မံရရှိစေမည်ဖြစ်သည့်အတွက် “တောင်သူဝင်ငွေတိုးပွားဖို့ ပျားမွေးမြူရေးအားပေးစို့”ဟုတိုက်တွန်းရေးသားလိုက်ပါသည်။ ။
MWD Web Portal