ထူးခြားသတင်းများ - ပြည်တွင်း

သံလွင်မြစ်ရေ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

နေပြည်တော် ဇူလိုင် ၂၄

ယနေ့နံနက် ၁၁ နာရီခွဲအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း နှစ်ပေခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။ 
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

မိုး/ဇလ

အားကောင်းသောလေဖိအားနည်းရပ်ဝန်း နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

နေပြည်တော် ဇူလိုင် ၂၄

ယနေ့ည ၉နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်။ ထိုမှ တစ်ဆင့် နောက်နှစ်ရက်အတွင်း

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် ယင်း နှင့်ဆက်စပ်လျက်ရှိသော ချက်တစ်ဂတ် ပြည်နယ်မြောက်ပိုင်းတို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း ယနေ့ ညမှ ဇူလိုင် ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ တွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဖြစ်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်ထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေ ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများ အနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

(မိုး/ဇလ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နောင်ချိုမြို့ရှိ အောင်ပွဲရအရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံဂုဏ်ပြု၊ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများ ကြည့်ရှုစစ်ဆေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့သို့ သွားရောက်၍ နောင်ချိုမြို့ရှိ အောင်ပွဲရအရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံဂုဏ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့သို့ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်ပွဲရအရာရှိ၊ စစ်သည်များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထိုသို့ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တောင်ခမ်းဒေသတစ်ဝိုက်၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ၊ ကွပ်ကဲအုပ်ချုပ်မှုများ ဖြည့်ဆည်းဆောင်ရွက်ကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ အကြမ်းဖက်သောင်းကျန်းသူများကို လှေခွက်ချည်းကျန်အလံမလှဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲ ချေမှုန်းခဲ့မှုကြောင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ တပ်မတော်၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့် တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များအား တပ်မတော်ကိုယ်စား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကို ပြောကြားလိုကြောင်း၊ ထိုသို့ ရရှိထားသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း။

အကြမ်းဖက်သောင်းကျန်းသူများကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်ကို မည်မျှယုံကြည်အားကိုးသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ စစ်မြေပြင်တွင် အကျိုးရှိစွာ အသုံးချသွားရန်လိုကြောင်း၊ ဆက်လက်၍လည်း ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို စစ်သည်တော်ကောင်းတစ်ဦးပီသစွာ လိုက်နာနေထိုင်သွားရန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေထိုင်သွားရန်၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် မိမိ မိသားစု၏ဂုဏ်၊ တပ်မတော်ဂုဏ်ကို ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

စားသောက်ဖွယ်ရာများပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့က စစ်မြေပြင်တွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုကြောင့် စစ်မြေပြင်တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့် စစ်သည်များကို အဆင့်တံဆိပ်များ တပ်ဆင်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်က အရာရှိ၊ စစ်သည်များအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများ လက်ခံရယူကြသည်။

ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ရှိ မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်းဖွင့်လှစ်ထားသည့် ယာယီဆေးရုံသို့ ရောက်ရှိကြပြီး ယာယီဆေးရုံအတွင်း လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဒေသခံပြည်သူများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်သည်။

အဆိုပါယာယီဆေးရုံကို ဇူလိုင် ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် ဆေးလာရောက်ကုသသူဦးရေ ၁၆၀ ရှိကြောင်း၊ ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း၊ အရေးပေါ်ကုသရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် Mobile ဆေးကုသရေးယာဉ်များ မကြာမီရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်သည် ယာယီဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားစဉ် ငှက်ဖျားရောဂါကြောင့် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နောင်ချိုမြို့မှ အသက် ၁၅ နှစ်အရွယ် လူနာတစ်ဦးကို ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနိုင်ရန်အတွက် မိသားစုဝင်များနှင့်အတူ ရဟတ်ယာဉ် ဖြင့် တစ်ပါတည်းခေါ်ဆောင်လာခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ ဟော်တော်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအင်္ဂုသအမှူးပြုသော ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး နောင်ချိုမြို့အား ယခင်အေးချမ်းစဉ်ကာလ ဖွံ့ဖြိုးတိုးတက်စည်ပင်မှုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်စည်ပင်သောမြို့အဖြစ် တစ်ဖန်ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးဆောင်ရွက်သွားမည့် အခြေအနေများနှင့် သာသနာဆိုင်ရာကိစ္စရပ်များအပါအဝင် ဆရာတော်သံဃာတော်များ၏ ကျန်းမာရေးအခြေအနေများကို လျှောက်ထားရာဆရာတော်က ယခုကဲ့သို့ နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအတွက် များစွာဝမ်းမြောက်ကြောင်း ပြန်လည်မိန့်ကြားပြီးနောက် တပ်မတော်သားများ အားလုံးအတွက် ဆက်လက်အောင်မြင်မှုများ ရရှိပါစေကြောင်း ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးသည်။

ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ရှိ မြို့နယ်ခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နောင်ချိုမြို့ကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် ၂၄ နာရီတာဝန်ရှိပြီး ပြည်သူများအပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်များရန်မှ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်လည်းရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ အဆင့်မြင့်နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြှောက်မှုများနှင့် ထောက်ပံ့ပေးမှုများကြောင့် နောင်ချိုဒေသတစ်ဝိုက်မှအဆင့်ဆင့် တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ်နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရပါကြောင်း၊ နောင်ချိုမြို့နယ်ရှိ ဒေသခံပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် မိမိတို့ တပ်မတော်သားများတွင် တာဝန်ရှိသည့်အားလျော်စွာ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စများအား တောင်ခမ်းတပ်နယ်၌ ပြင်ဆင်စုဖွဲ့မှုများပြုလုပ်ပြီး အောင်ဇေယျစစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ရင်ကိုမြေကတုတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဟု မနက်/ညနေတိုင်း သစ္စာလေးချက်ရွတ်ဆိုကြသူများ ပီပီမဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခဲ့၍လည်း ယခုကဲ့သို့ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ကာ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင် ပြီးချင်းပထမဆုံးမှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက်မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ပညာတတ်များ ပေါများစေရေး တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကိုအမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စွာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးလမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းများအမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် ဇူလိုင် ၂၂ ရက်မှစ၍ ကျောင်းအပ်နှံနိုင်မှုစတင်လက်ခံရန် စီစဉ်ထားပြီး ဖြစ်သကဲ့သို့ မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိတို့၏ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ်ရင်သွေးငယ်များကို စာသင်ကျောင်းများသို့ မဖြစ်မနေပညာသင်ကြားနိုင်ရန် စေလွှတ်ပေးရန်ဖြစ်ကြောင်း၊ ပညာသင်ကြားပေးကြရမည့် ဆရာ ဆရာမများကလည်း ကျောင်းဖွင့်ချိန် နောက်ကျခဲ့သည့်အတွက် ကျောင်းသင်ခန်းစာများကို ကျောင်းပိတ်ရက်အချို့မှ ရယူ၍ သင်ခန်းစာအကုန် သင်ကြားပေးစေလိုပါကြောင်းနှင့် တတ်မြောက်အောင်လည်း သင်ကြားပေးရန် တိုက်တွန်းလိုပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စဖြစ်ပြီး (၂၅) ခုတင်ဆံ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့်အတွက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နောင်ချိုမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် နောင်ချိုမြို့နှင့် ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများ အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ပြင် ယခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသည့် မည်သူမဆို ပါဝင်မဲပေးခွင့်ရရှိရေးလိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့လျှင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူလူထုကို အလုပ်အကျွေးပြုနေကြသူများ ဖြစ်သည့်အတွက် ပြည်သူများအပေါ် စိတ်ရင်းစေတနာထားကာ ဝန်ဆောင်မှုများ ပေးအပ်သွားကြရမည်ဖြစ်ကြောင်း၊ မိမိမြို့/ရွာကို မိမိတို့က ပြန်လည်တည်ဆောက်ရမည်ဖြစ်သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ်ဖျက်ဆီးခဲ့သည့် နေအိမ်များ၊ ရုံးဌာနအဆောက်အအုံများနှင့် လမ်းတံတားများ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းအပြင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် နောင်ချိုဒေသအား မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိပြီး မူလအခြေအနေထက်သာလွန်ကောင်းမွန်သည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ မြို့ရွာများ အမြန်ဆုံးစည်ပင်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှပေးအပ်သည့် ပစ္စည်း ၁၆ မျိုးပါ Family Kit များကိုထောက်ပံ့ပေးအပ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား ရပ်မိရပ်ဖနှစ်ဦးက လက်ခံရယူသည်။ နောင်ချိုမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်ကြ သည့် ဒေသခံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ပေးသည့် အမယ်စုံပစ္စည်းများနှင့် ရိက္ခာများကို ဇူလိုင် ၁၈ ရက် တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တပ်မတော်အရာရှိကြီးများက အပြည့်အစုံပေးအပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

အားပေးစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အားပေးစကားပြောကြား သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် အရေးပေါ်ခွဲစိတ်ခန်းအပါအဝင် ဆေးရုံအတွင်း ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုပြီး ဆေးရုံအတွင်းနှင့်အပြင် ပျက်စီးမှုများကို အမြန်ဆုံးဖယ်ရှားရှင်းလင်းရေး၊ ဖယ်ရှားရှင်းလင်းစဉ် ဆယ်တင်အသုံးပြု၍ရသည့် ပစ္စည်းများကို ပြန်လည်စမ်းစစ်မှုများ ပြုလုပ်ကာ အသုံးပြုနိုင်ရေး၊ ဆေးရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊ ရေ၊ မီး၊ မိလ္လာစနစ်ကောင်းမွန်စေရေးတို့ကို အမြန်ဆုံးပြန်လည်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ချီးမြှင့်ငွေများပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိကြပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအတွင်းရှိ ပတ္တမြားခန်းမ၊ စာသင်ဆောင်များ၊ ကျောင်းအုပ်ကြီးရုံးခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများက ဇူလိုင်လ ၂၂ ရက်မှစတင်၍ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုကို လက်ခံပေးသွားပြီး အတန်းအလိုက် သင်ခန်းစာများ ပြန်လည်သင်ကြားပေးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး သန့်ရှင်းရေးဆောင်ရွက်သွားရန်နှင့် ပြန်လည်ပြုပြင်ရမည့် စာသင်ဆောင်များကို အမြန်ဆုံးဆောင်ရွက်သွားရန်မှာကြားပြီး ဆရာ ဆရာမများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

လိုက်လံကြည့်ရှုစစ်ဆေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့မရဲစခန်းသို့ ရောက်ရှိကြပြီး ရဲစခန်းဝင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများက အဆောက်အအုံများကို ဖျက်ဆီးခဲ့မှုနှင့် အခိုင်အမာခံစစ်စခန်းတည်ဆောက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတော်နှင့် မိမိအဖွဲ့အစည်းအပေါ် သစ္စာရှိစွာ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် နောင်ချိုစည်ပင်သာယာရေးရုံးသို့ ရောက်ရှိကြပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နောင်ချိုမြို့ရှိ ပြည်သူများ၏ ယုံကြည်မှုပြန်လည်ရရှိရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားအား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းဆောင်ရွက်သွားရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ဆုံးရှုံးမှုမရရှိရေး လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိကင်းရှင်းစွာ ဝန်ဆောင်မှုပေးရန်၊ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ ပျက်စီးသွားသည့် အဆောက်အအုံများကို Level I/II စစ်ဆေး၍ လိမ္မော်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်ကာ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည့် လုပ်ငန်းအစီအမံအတိုင်း အဆင့်လိုက် အမြန်ဆုံးဆောင်ရွက်ကြရန်နှင့် ဦးစားပေးအဖြစ် စာသင်ကျောင်းနှင့် ဆေးရုံအား ချက်ချင်းစတင်ဆောင်ရွက်ရန်၊ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအာဏာစက်၊ ဘာသာသာသနာ၏ ဓမ္မစက်နှင့် တရားဥပဒေစိုးမိုးမှုအောက်သို့ အေးချမ်းစွာ နေထိုင်လိုပြီး မိမိတို့၏ လူမှုစီးပွားဘဝအတွက် ရိုးသားစွာလုပ်ကိုင်စားသောက်လိုသည့် မည်သည့်ဒေသခံတိုင်းရင်းသားမဆို မိမိတို့၏ ရပ်ကွက်အိုးအိမ်များတွင် အမြန်ဆုံးနေထိုင်မည်ဆိုပါက စနစ်တကျစိစစ်၍ ပြန်လည်နေထိုင်နိုင်ရေးလိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစီမံချက်များရေးဆွဲခြင်း အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၍ လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

MOI

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

နေပြည်တော် ဇူလိုင် ၁၉

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။

ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေကြသည်။

ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သအမျှပေးဝေကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း၊ ခရစ်ယာန်ကလျာဏယုဝအသင်း (YMCA)၊ ရှင်သန်ရေးကူညီမှုအသင်း၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံဟိန္ဒူဗဟိုအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံး၊ အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ မြန်မာမွတ်စလင်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ပြည်ထောင်စုဖူလ်းဂေါ်စပယ်အသင်းတော်အဖွဲ့ချုပ်၊ သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာ့ရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင်လူငယ်များအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာအမျိုးသမီးစွမ်း ဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အရှိုချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံနယ် စပ်ဒေသဖွံ့ဖြိုးရေးအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မြန်မာစားသုံးသူ သမဂ္ဂတို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ယင်းနောက် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများက စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲအချက်ပေးခဲ့သည်။

ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

ထိုင်းနိုင်ငံ၏ ‘Gold card’ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကင်ဆာ ဝေဒနာရှင်များ၏ ခရီးစရိတ်ကိုပါ ထည့်သွင်းစီစဉ်ပေးထား

ထိုင်းနိုင်ငံ၏ အထွေထွေကျန်းမာရေးအာမခံစနစ်ဖြင့် အဆင့်မြင့် ကင်ဆာ ကုသမှုခံယူမည့် လူနာများအတွက် အခမဲ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများရရှိမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အမျိုးသား ကျန်းမာရေး လုံခြုံမှုဘုတ်အဖွဲ့က "Gold card" အထွေထွေ ကျန်းမာရေး အာမခံစနစ် အတွက် ရန်ပုံငွေအား အတည်ပြုပေးခဲ့ပြီး ယခုအခါ အဆင့်မြင့် ဆေးရုံကြီးများတွင်သာရရှိနိုင်သော အဆင့်မြင့်ကင်ဆာကုသမှု (၃) မျိုးဖြစ်သည့်ပရိုတွန်ကုထုံး (proton therapy)၊ မျက်လုံးအတွင်းကင်ဆာအတွက်ရေဒီယိုသတ္တိကြွ ပလိပ်ကုထုံး (eye plaque brachytherapy) နှင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်း (robotic surgery) တို့ကို ခံယူရန် လိုအပ်သော လူနာများ၏ ခရီးစရိတ်ကို ထောက်ပံ့ပေးမည်ဖြစ်သည်။

"ယခင်က လူနာများစွာသည် ခရိုင်နယ်နိမိတ်ဖြတ်ကျော် သွားလာရခြင်း ၏ စရိတ်စကကြောင့် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်" ဟု အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Sasikarn Wattanachan က ကြာသပတေးနေ့ (ဇူလိုင် ၁၆) တွင် ပြောကြားခဲ့သည်။ "အဆိုပါ အသစ် ဖြည့်စွက်ထားသော အကျိုးခံစားခွင့်သည် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရုံသာမက လူနာများနှင့် မိသားစုများအတွက် အသက်ကယ် ကုသမှုများကို ပိုမိုလွယ်ကူစွာ ရရှိစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများ၏ ဘဝအရည်အသွေးကို မြှင့်တင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်"ဟု ဆိုသည်။

အဆိုပါစီမံကိန်းအရ အမျိုးသားကျန်းမာရေးလုံခြုံမှုရုံး (NHSO) သည် လူနာပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် ကုသမှုခံယူမည့်ဆေးရုံများကို ချိတ်ဆက်ပေးသည့် ညှိနှိုင်းဆောင်ရွက်ရေးစနစ်တစ်ခုကို ထူထောင် ထားသည်။ ၎င်းတွင် ကင်ဆာလူနာများနှင့် မိသားစုဝင်များအား ၎င်းတို့ ၏နေအိမ်မှ အခမဲ့အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများသို့ ချိတ်ဆက်ပို့ဆောင်ပေးခြင်းလည်း ပါဝင်သည်။ ခရီးဆုံး ရောက်ရှိ ပါက ကုသမှုခံယူမည့်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုသည် ကုသမှုတစ်လျှောက် သွားလာရန် လိုအပ်သော ခရီးစရိတ်အား ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုအခါတွင် စတင်လည်ပတ် နေပြီဖြစ်ကြောင်း Sasikarn Wattanachan က ပြောကြားခဲ့သည်။

"အစိုးရအနေဖြင့် နိုင်ငံသားအားလုံး တန်းတူညီမျှစွာ အသုံးပြုနိုင်ရန်အမျိုးသားကျန်းမာရေးလုံခြုံမှုစနစ်ကို မြှင့်တင်ရန် ဆုံးဖြတ်ထားပါသည်" ဟု သူမ က ဆိုသည်။ "အဆိုပါအစီအမံသည် ကင်ဆာလူနာများ၏ ဝန်ထုပ် ဝန်ပိုးများကို လျှော့ချပေးပြီး ယုံကြည်မှုတည်ဆောက်ကာ ၎င်းတို့၏ ဘဝ အရည်အသွေးကို အမှန်တကယ် မြှင့်တင်ပေးလိမ့်မည်ဟု မိမိတို့ ယုံကြည်ပါသည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

(၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန်

နေပြည်တော် ဇူလိုင် ၁၆

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (စနေနေ့) (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။    

MOI

Photo: SarPhat

ပါကင်ဆန်လူနာများအတွက် ထိုးဆေးသစ် ဩစတြေးလျသုတေသနပညာရှင်များ ဖန်တီး

ကင်ဘာရာ ဇူလိုင် ၁၅

ပါကင်ဆန်လူနာများအတွက် ထိုးဆေးသစ်တစ်မျိုးကို ဩစတြေးလျနိုင်ငံ တောင်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များက ဖန်တီးနိုင်ခဲ့ကြောင်းဇူလိုင် ၁၄ရက်သတင်းများအရ သိရသည်။

ဩစတြေးလျသုတေသနပညာရှင်များသည် ပါကင်ဆန်ရောဂါ လူနာများအနေဖြင့် နေ့စဉ် သောက်ဆေးအမျိုးမျိုး သောက်သုံးနေရသည့်ဒုက္ခကိုလျှော့ချနိုင် ရေးအတွက် ၎င်းထိုးဆေးသစ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျသုတေသနပညာ ရှင်များသည် ပါကင်ဆန်ရောဂါကို ထိန်းချုပ်ကုသရာတွင် လက်ရှိအသုံးပြုနေသော Levodopa နှင့် Carbidopa အမည်ရှိ ဆေးနှစ်မျိုး ကိုပေါင်းစပ်၍ တစ်ခုတည်းသောထိုးဆေးဖြစ်ကြောင်း သိရသည်။ ဩစတြေးလျသုတေသနပညာရှင်များ၏အဆိုအရ အထက်ပါ ထိုးဆေးကိုပါကင်ဆန်လူနာများအနေဖြင့် သီတင်းတစ်ပတ်လျှင် တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်ကြောင်း သိရသည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုရလဒ်များ အရ ၎င်းထိုးဆေးသည် ပါကင်ဆန်ရောဂါကို ကုသရာတွင် ထိရောက်မှုရှိသည်ကို တွေ့ရကြောင်း သုတသနပညာရှင်များက ပြောကြားသည်။

လက်ရှိတွင် ၎င်းထိုးဆေးကို ပါကင်ဆန်လူနာနှင့် လက်တွေ့စမ်းသပ်နိုင်ရေးအတွက် ဩစတြေးလျသုတေပညာရှင်များက ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ref: Russia Today

Trs: KKO

YDNB Newspaper