အီရန်နိုင်ငံရှိ တရားရုံးတစ်ရုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားအနည်းဆုံး လူ ကိုးဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိ
အီရန်နိုင်ငံ ဆစ်စတန်-ဘာလူချက်စတန်ပြည်နယ်ရှိ တရားရုံးတစ်ရုံးတွင် ဇူလိုင်လ ၂၆ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ကိုးဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခုက ထုတ်ပြန်သည်။
အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းမှာ ဆွန်နီမွတ်စလင်အဖွဲ့ဖြစ်သည့် ဂျာအစ်အယ် အာဒီဘာလွတ်ချ်အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်အဖွဲ့နှင့် တရားရုံးတွင် စောင့်ကြပ်နေသည့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်အဖွဲ့မှ စစ်သွေးကြွနှစ်ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်အဖွဲ့သည် တရားရုံးကိုတိုက်ခိုက်ရန်အတွက် အသေခံဗုံးခွဲတိုက်ခိုက်နိုင်သည့် အင်္ကျီများနှင့် လက်ပစ်ဗုံးများကို သယ်ဆောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် တရားရေးဆိုင်ရာ အဖွဲ့မှ အကြီးအကဲက IRNA သတင်းအေဂျင်စီသို့ပြောသည်။
တရားရုံးတိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဂျာအစ်အယ်အာဒီဘာလွတ်ချ်အဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါတိုက်ခိုက်မှုအတွင်း တရားရုံးမှတရားသူကြီးများ၊ တရားရုံးအမှုထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အဓိကပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က လူသိရှင်ကြား ထုတ်ပြန်ထားသည်။
ထို့ပြင် ယခုတိုက်ခိုက်ခံရသည့် တရားရုံးသည် ပြည်နယ်အတွင်းရှိ ပြည်သူများအား သေဒဏ်ချမှတ်မှုများနှင့် နေအိမ်များကိုဖြိုချပစ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းကြောင့် အကြမ်းဖက်အဖွဲ့က လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
Ref: St