နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ
နေပြည်တော်၊ ဇန်နဝါရီ - ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center ၊Neighboring Countries Coordination Center(NCCC) ဌာနတာဝန်ခံ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ခေါင်ဆောင်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ အချင်းချင်းဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်အစည်းအဝေးများ နှစ်စဉ် အောင်မြင်စွာကျင်းပနိုင်မှုအခြေအနေများ၊ နယ်စပ်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တရားမဝင် လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda (တန်ဝစ်ယုံချင်ဒါ) တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ Cincds.gov.mm