အမေရိကန်က ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အကြီးအကဲဟောင်းအပေါ် ဒဏ်ခတ် အရေးယူမှုကို ရုပ်သိမ်း

News Image

  • အမေရိကန်က ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အကြီးအကဲဟောင်းအပေါ် ဒဏ်ခတ် အရေးယူမှုကို ရုပ်သိမ်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဇွန် ၃၀) တွင် လက်မှတ်ရေးထိုးခဲ့သည့် အမိန့်အရ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) ၏ ယခင် ဥက္ကဋ္ဌ Kirsan Ilyumzhinov အား အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက်လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ထရမ့်၏ ဆီးရီးယားအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရပ်စဲရန် လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်တွင် Ilyumzhinov အပါအဝင် ရုရှား ဘဏ်များနှင့် ပုဂ္ဂိုလ်များအပေါ် ကန့်သတ်ချက်များ ရုပ်သိမ်းခြင်းလည်း ပါဝင်သည်။ ရုရှား၏ Kalmykia သမ္မတဟောင်းလည်းဖြစ်သူ ထိုစီးပွားရေး လုပ်ငန်းရှင်အား ၂၀၁၅ ခုနှစ်မှစ၍ အမေရိကန်ဘဏ္ဍာရေးဌာန၏ ဒဏ်ခတ် ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားခဲ့သည်။

မူလပိတ်ဆို့အရေးယူမှုတွင် Ilyumzhinov အား ဆီးရီးယားအစိုးရနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခဲ့ သော်လည်း ၎င်းကမူ ထိုအချက်ကို အမြဲငြင်းဆိုခဲ့သည်။ ဒဏ်ခတ် ပိတ်ဆို့ စာရင်းသွင်းခံရပြီးနောက် “၁၉၉၅ ခုနှစ် ကတည်းက စတင်ကာ ၎င်းဦးဆောင် တာဝန်ယူခဲ့သည့် FIDE ၏ တာဝန်များ” မှ နုတ်ထွက်ခဲ့သည်။

Ilyumzhinov က ၎င်းအား ပိတ်ဆို့စာရင်းမှ ပယ်ဖျက်ခြင်းသည် ထရမ့်၏ "မှန်ကန်ပြီး သတ္တိရှိသော" လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ကမ္ဘာကြီးတွင် သံတမန်ရေးရာကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန် ဆန္ဒရှိသည့် အမေရိကန်ခေါင်းဆောင်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

Telegram ထုတ်ပြန်ချက်တစ်ခုတွင် Ilyumzhinov က အမေရိကန် သမ္မတထံ ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြား လိုကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် ၎င်း၏အမြင်များကို မျှဝေရန်နှင့် ထရမ့်နှင့် စစ်တုရင်ကစားရန် အပြု သဘောဆောင်သည့် တွေ့ဆုံမှုတစ်ခုကို အဆိုပြုခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂