တစ်ရက်လျှင် ဖုန်း၊ ကွန်ပျူတာကို မိနစ် ၉၀ မျှ ကြည့်ရုံဖြင့် ကလေးများ၏ စာဖတ်စာရေးစွမ်းရည်အပေါ် ဆိုးကျိုးသက်ရောက်နိုင်
ဝယ်လင်တန် ဇန်နဝါရီ ၃၀
တစ်ရက်လျှင် ဖုန်း၊ ကွန်ပျူတာကို မိနစ် ၉၀ မျှကြည့်ရုံဖြင့် ကလေးများ၏ စာဖတ်၊ စာရေးစွမ်းရည်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ကြောင်း သုတေသနပညာရှင်များက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။
ထို့ပြင် ဖုန်း၊ ကွန်ပျူတာများကို မိနစ် ၉၀ ကြာထိ ကြည့်ရှုမှုကြောင့် ကလေးများတွင် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများပေါ်လာနိုင်ခြေမှာလည်း မြင့်တက်လာနိုင်ကြောင်း နယူးဇီလန်နိုင်ငံ ကင်တာဂျူရီတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။
မိနစ် ၉၀ ဖုန်းကြည့်ရှုမှုကို ကလေးများ နေ့စဉ်ကြည့်ရှုနိုင်သည့် အများဆုံး အချိန်ပမာဏအဖြစ် ဆေးပညာရှင်များက အကြံပြုထားသည့်တိုင် ၎င်းအချိန်ပမာဏခန့် ကြည့်ခဲ့ပင်လျှင် ကလေးများ၏ စာဖတ်စာရေးစွမ်းရည်အပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။
နယူးဇီလန် သုတေသနပညာရှင်များသည် အသက်နှစ်နှစ်နှင့် ရှစ်နှစ်ကြား ကလေးဦးရေ ၆၀၀၀ ကျော်တို့ကို စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်သည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ တစ်ရက်ဖုန်းသုံးချိန် ၁ ဒသမ ၅ နာရီရှိသော အသက် လေးနှစ်နှင့် ရှစ်နှစ်ခွဲကြား ကလေးများတွင် ပညာရေးအရ ပြဿနာများရှိလာတတ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ