ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းပသွားမည်
လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။
ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်( ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနား၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ကျင်းပမည် ဖြစ်သည်။
ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)၌ ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။
ထိုနည်းတူ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ ၆ ရက်(သီတင်းကျွတ်လပြည့်)၌ အဘိဓမ္မာ အခါတော်နေ့အခမ်းအနားစသည့် အခမ်းအနားများကို ကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများစီစဉ်ထားပြီး ရဟန်းရှင်လူ ပြည်သူအများအနေဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သိရသည်။
Source: Popular Myanmar