မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်
၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။
ယခုခြေစစ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အုပ်စု(ဂ)၌ အိမ်ရှင်မြန်မာအသင်းနှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ ဗဟိုအာရှအသင်းတစ်သင်းဖြစ်သည့် တက်ခ်မင်နစ္စတန်၊ အရှေ့အလယ်ပိုင်းနိုင်ငံ ဘာရိန်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ယခုခြေစစ်ပွဲသည် အုပ်စုအတွင်း တစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည့်အတွက် ပြိုင်ဘက်အသင်း အားလုံးကို အနိုင်ကစားပြီး အိမ်ကွင်း ပရိသတ်အားပေးမှုနှင့် အခွင့်အရေး ယူသွားနိုင်ရန်လိုအပ်ကြောင်း MFFက မြန်မာပရိတ်သတ်အား နှိုးဆော်ထားသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် AFC Women’s Asian Cup သမိုင်းတလျှောက် ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၊ ၂၀၂၂ တို့တွင် အာရှဖလား ခြေစစ်ပွဲများကို အောင်မြင်ခဲ့ပြီး နောက်ဆုံးအဆင့်အထိ တက်ရောက်ကစားခွင့် ရရှိခဲ့သည့် သမိုင်းအစဉ်အလာ ရှိခဲ့ဖူးသည်။
အသင်းအနေဖြင့် ဖီဖာအဆင့်သတ်မှတ်ချက်အဆင့် ၅၅ နေရာတွင်ရပ်တည်နေကာ ပြည်တွင်းလိဂ်ကလပ်များရှိ ကစားသမားများဖြင့်အဓိကဖွဲ့စည်းထားသည်။
လက်ရှိမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် တွေ့ဆုံရမည့် ဘင်္ဂလားဒေရှ့် အသင်းသည် ဖီဖာအဆင့် (၁၂၈)ရှိကာ အင်္ဂလန်သား ပရီမီးယားလိဂ် ကစားသမားဟောင်း နည်းပြ ပီတာဘတ္တလာဖြစ်ပြီး၊ ကစားသမား အားလုံးမှာ ဘင်္ဂလားဒေရှ့် အမျိုးသမီးလိဂ် ပြည်တွင်းကစားသမားများဖြင့်သာ ဖွဲ့စည်းထားသော အသင်းတစ်သင်းဖြစ်သည်။
ဘာရိန်းအမျိုးသမီး လက်ရွေးစင် အသင်းသည် ဖီဖာအဆင့် (၉၂)ဖြင့် အုပ်စုတွင်း မြန်မာအသင်းပြီးပါက ဖီဖာအဆင့် ဒုတိယအမြင့်ဆုံးအသင်းဖြစ်ကာအသင်းကို ပြည်တွင်းနည်းပြ ခါလစ်အလ်ဟာဘင်က တာဝန်ယူကိုင်တွယ်ထားပြီး ကစားသမားများမှာ ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ အမေရိကန်အသင်းများရှိ ကစားသမားများကို အခြေခံဖွဲ့စည်းထားသည်။
တာ့ခ်မင်နစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းသည် ဖီဖာအဆင့် ၁၄၁ ဖြစ်ပြီး ပြည်တွင်းနည်းပြ ခါမီလ်မင်ဂါဇို ကတာဝန်ယူထားကာ အသင်းအား ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်ကိုယခုနှစ်မှသာ စတင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ပုံစာ- ခြေစစ်ပွဲစဉ်အတွက် မိုးထဲရေထဲ အပြင်းအထန် လေ့ကျင့်ပြင် ဆင်နေသည့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း
Source: Popular Myanmar