တရားရုံးက စီရင်ချက်ချပြီးနောက် တောင်ကိုရီးယား ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ပြန်လည်တာဝန်ပေးအပ်

News Image

  • တရားရုံးက စီရင်ချက်ချပြီးနောက် တောင်ကိုရီးယား ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ပြန်လည်တာဝန်ပေးအပ်

ဝန်ကြီးချုပ် Han Duck-soo အပေါ် စွဲချက်တင်ရေး အဆိုတင်သွင်းမှုတစ်ခုကို တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပယ်ချပြီးနောက် ၎င်းအား ယာယီသမ္မတအဖြစ် ပြန်လည်ခန့်အပ်လိုက်ပါသည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာလအတွင်း သမ္မတ Yoon Suk-yeol အပေါ် ၎င်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ အတိုက်အခံများ ဦးဆောင်နေသည့် လွှတ်တော်တွင် စွဲချက်တင်ရေး အဆိုတင်သွင်းခဲ့ပြီးနောက် Han သည် ယာယီသမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် လွှတ်တော်က ၎င်းအပေါ်တွင်လည်း စွဲချက်တင်ရေးအဆိုကို အတည်ပြုခဲ့ပြီးနောက် Han သည် ယာယီသမ္မတတာဝန်မှ ရပ်ဆိုင်းခံခဲ့ရသည်။

၎င်းအပေါ် စွဲချက်တင်ရေး အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်သည့် တရားရုံးတွင် လစ်လပ်နေသော တရားသူကြီးများ ခန့်အပ်ရေးအတွက် Han ၏ ငြင်းဆိုမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်ဥပဒေများကို ဖောက်ဖျက်နေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး က ထောက်ပြခဲ့သည်။

သို့သော် Han သည် သမ္မတ Yoon ၏ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းမရှိကြောင်းတရားရုံးကတွေ့ရှိခဲ့ပြီး ၎င်းကို စွဲချက်တင်ရန် လုံလောက်သည့် အကြောင်းပြချက်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စီရင်ချက်ချပြီးတဲ့နောက် သတင်းထောက်များနှင့်တွေ့ဆုံရာတွင် Han က ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး၏ မှန်ကန်သည့်ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံအတွက် အမှန်တကယ် အရေးကြီးသည့် စိန်ခေါ်မှုသည် နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို အာမခံနိုင်ရန်ဖြစ်သည်ဟုလည်း ၎င်းက ဆိုပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂