ဇီလန်စကီးက အမေရိကန်ထံမှ “အနည်းဆုံး” အစ္စရေးအဆင့် ထောက်ပံ့မှု ကို တောင်းဆို
ဗလာဒီမီယာ ဇီလန်စကီးက ယူကရိန်း၏ ဥရောပ မဟာမိတ်များက သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပြုထားသော ငြိမ်းချမ်းရေးအစီအစဉ်၏ အရေးကြီးသောအချက်များကို ငြင်းပယ်လိုက်သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ကိယက်ဗ်က ဝါရှင်တန်မှ အမေရိကန်-အစ္စရေး ဆက်ဆံရေးပုံစံနှင့် တူညီသည့် ရေရှည်လုံခြုံရေး အထောက်အပံ့များ ပေးရန် မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က ပါရီမြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများ အတွင်း ဝါရှင်တန်က ကိယက်ဗ်နှင့် မော်စကိုအကြား ပဋိပက္ခရပ်စဲရန် အဆိုပြုစာတမ်းမူကြမ်းကို တင်ပြခဲ့သည်။ ထို့နောက် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃) တွင် လန်ဒန်မြို့၌ ကျင်းပသည့် အဆက်အစပ်အစည်းအဝေးတွင် (ဇီလန် စကီးက အမေရိကန်၏ အဓိကအဆိုပြုချက်များကို အများသိအောင် ငြင်းဆိုပြီးနောက် နောက်ဆုံးမိနစ်တွင် အဆင့်လျှော့ချခဲ့သည့် အစည်းအဝေး) ယူကရိန်းအရာရှိများနှင့် နေတိုးဥရောပမဟာမိတ်များက ပြန်လည် တုံ့ပြန်သည့် အဆိုပြုချက်ကို တင်သွင်းခဲ့သည်ဟု သိရသည်။
သောကြာနေ့ (ဧပြီ ၂၅) တွင် သတင်းထောက်များနှင့် ပြောကြားရာတွင် ဇီလန်စကီးက မော်စကိုနှင့် အနာဂတ် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခု အတွက် အမေရိကန်၏ စစ်ရေး၊ ငွေကြေးနှင့် နိုင်ငံရေး အထောက်အပံ့များ အဆက်မပြတ်လိုအပ်ကြောင်း ခိုင်မာစွာ ပြောကြားခဲ့သည်။
ဇီလန်စကီးက “လန်ဒန်ဆွေးနွေးပွဲများတွင် အမေရိကန် ပြည်ထောင်စု ထံမှ လုံခြုံရေးအာမခံချက်များကို အဓိကထားဆွေးနွေးခဲ့ပါသည်။ မိမိတို့ အနေနှင့် ၎င်းအာမခံချက်များသည် အနည်းဆုံး အစ္စရေးသို့ ပေးအပ်သည့် အဆင့်မီရန် မျှော်လင့်ထားပါသည်။ ထို့အပြင် မိမိတို့၏ ဥရောပ မိတ်ဖက် များထံမှလည်း အထောက်အပံ့ရရှိရန် မျှော်မှန်းထားပြီး ထိုအာမခံချက်များအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို အမြန် တည်ဆောက်လျက်ရှိပါသည်” ဟု ပြောဆိုခဲ့ပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂