Kursk ဒေသ စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံးကြောင်း ကာချုပ်က ပူတင်ထံ အစီရင်ခံတင်ပြ
ယူကရိန်းတပ်များ လက်ထဲမှ Kursk ဒေသလွတ်မြောက်ရေး စစ်ဆင်ရေးကြီးမှာ လုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်း ရုရှားတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဂျီရာဆီမော့ဗ်၏ သတင်းပေးပို့မှုကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် လက်ခံရရှိပြီးဖြစ်ကြောင်း ကရင်မလင်ပြောခွင့်ရ Dmitry Peskov က ပြောကြားလိုက်ပါသည်။
“ယနေ့(ဧပြီ ၂၈ ရက်)တွင် Kursk ဒေသရှိ နောက်ဆုံးကျေးရွာ ဂေါ်နယ်ကျေးရွာကို ယူကရိန်းတပ်များလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါကြောင်း၊ ယခုတိုက်ပွဲတွင် အထူးချီးကျူးထိုက်သော တပ်ဖွဲ့များမှာ ၇၂ ကြည်း တပ်မဌာနချုပ်၏ ၂၂ ကြည်းတပ်ရင်း၊ ၈၁၀ နှင့် ၄၀ ရေတပ် ခြေလျင် သီးခြားဗျူဟာများ၊ ၁၇၇ ရေတပ်ခြေလျင်သီးခြားတပ်ရင်းနှင့် ၁၄၂၇ ကြည်းတပ်ရင်းတို့ ဖြစ်ပါကြောင်း၊ ယခု Kursk ဒေသကို ထိုးစစ်ဆင်နွှဲပြီး အပြီးသတ်ချေမှုန်းပြီးဖြစ်ပါကြောင်း” ကာကွယ်ရေးဦးစီးချုပ်က ပြောကြား ခဲ့ပါသည်။
Kursk ဒေသတွင် ယူကရိန်းစစ်တပ်မှ ဆုံးရှုံးခဲ့ရသည့် စစ်သည်အင်အား ၇၆,၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ယူကရိန်း၏ စစ်လက်နက်ပစ္စည်းပေါင်း ၇,၇၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုထားပါသည်။ Kursk ဒေသအား ပြန်လည်သိမ်းပိုက်ရာတွင် မြောက်ကိုရီးယား စစ်သည်များ၏ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကိုလည်း ကာကွယ်ရေးဦးစီးချုပ်က အထူးချီးကျူးဖော်ပြခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃