ယူကရိန်းသတ္တုအရင်းအမြစ်များအား အမေရိကန် ဝင်ရောက်လုပ်ကိုင်ခွင့်ရမည့်သဘောတူညီချက် အမေရိကန်နှင့် ယူကရိန်း လက်မှတ်ရေးထိုးပြီး

News Image

  • ယူကရိန်းသတ္တုအရင်းအမြစ်များအား အမေရိကန် ဝင်ရောက်လုပ်ကိုင်ခွင့်ရမည့်သဘောတူညီချက် အမေရိကန်နှင့် ယူကရိန်း လက်မှတ်ရေးထိုးပြီး

ယူကရိန်း၏ သတ္တုအရင်းအမြစ်များကို အမေရိကန်က ဝင်ရောက်အသုံးပြုနိုင်မည့် သဘောတူညီချက်ကို အမေရိကန်နှင့် ယူကရိန်းတို့ လက်မှတ်ရေးထိုးလိုက်ကြကြောင်း Bloomberg သတင်းစာက ဖော်ပြထားပါသည်။

အဆိုပါသဘောတူညီချက်အရ အမေရိကန်သည် အလူမီနီယမ်၊ ဂရက်ဖိုက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အသစ်များတွင် ဦးစားပေးဝင်ရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

ထိုသဘောတူညီချက်သည် ယူကရိန်းအရေးနှင့်ပတ်သက်၍ ဝါရှင်တန်၏ ငြိမ်းချမ်းရေးဖြေရှင်းနိုင်မည့်ဆန္ဒကို ပြသခြင်းဖြစ်ကြောင်း၊ အမေရိကန် အစိုးရသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး စည်ပင်သာယာသော ယူကရိန်းကို ရေရှည်တည်တံ့စေရန် ကတိပြုထားကြောင်းကို ရုရှားအား ရှင်းလင်းစွာ အသိပေးပြသခြင်းဖြစ်သည် ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ထုတ်ပြန်ပြောကြားထားပါသည်။

သဘောတူညီချက်အရ နှစ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ခုကို ဖန်တီးကြရမည်ဖြစ်ပြီး ယူကရိန်းဘက်မှ သတ္တုတူးဖော်ရေး လိုင်စင်အသစ်များမှ ရရှိသော အမြတ်၏ ၅၀% ကို အဆိုပါရန်ပုံငွေသို့ ထည့်ဝင်မည်ဖြစ်ပါသည်။ ရန်ပုံငွေစီမံခန့်ခွဲမှုတွင် အမေရိကန်နှင့် ယူကရိန်းတို့သည် တူညီသည့် မဲပေးပိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။

ယူကရိန်းဘက်မှ အမေရိကန်သို့ တိုက်ရိုက်ကြွေးမြီဆိုင်ရာ တာဝန်များပါဝင်ခြင်းမရှိ ဟု သဘောတူညီချက်တွင် ဖော်ပြထားသည်။ ရုရှား၏ ကာကွယ်ရေးလုပ်ငန်းနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့ခဲ့သည့် နိုင်ငံများ သို့မဟုတ် ပုဂ္ဂိုလ်များကို ယူကရိန်းပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခွင့်မပြု ဟု Bessent က ထပ်လောင်း အလေးပေးပြောကြားခဲ့သည်။

ယူကရိန်း၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး Yulia Svyrydenko က Facebook တွင် ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းကို အတည်ပြုဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃