ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ထရမ့်အစိုးရ နောက်ထပ် ၁၀၀ ရက် ကြိုးပမ်းမည်
အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်(စ်) က ဗုဒ္ဓဟူးနေ့ (ဧပြီ ၃၀) တွင် ထုတ်လွှင့်ခဲ့သည့် Fox News အင်တာဗျူးတစ်ခုတွင် ထရမ့်အစိုးရအနေဖြင့် ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် နောက်ထပ် ရက် ၁၀၀ အချိန်ပေးကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းက ပဋိပက္ခကိုဖြေရှင်းရန် နှစ်ဖက်စလုံးမှ အယူအဆများကို တင်ပြနိုင်ခဲ့သည့်အတွက် အမေရိကန်အနေဖြင့် တိုးတက်မှုရရှိထားကြောင်း ဖော်ပြခဲ့သည်။
“ပထမအဆင့်အနေဖြင့် ငြိမ်းချမ်းရေးအဆိုပြုချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီ” ဟု ဒုတိယသမ္မတက ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်း ပထမ ရက် ၁၀၀ အတွေ့အကြုံများကို ရှုမြင်သုံးသပ်ချက်ပေးစဉ် ပြောကြားခဲ့သည်။ “နောက်ထပ် ၁၀၀ ရက်အတွင်းတွင် နှစ်ဖက်ကို စေ့စပ်ညှိနှိုင်းရန် အပြင်းအထန် ကြိုးစားသွားမည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဗန့်စ်က ထရမ့်အစိုးရ မပါဝင်မီက မော်စကိုနှင့် ကိယက်ဗ် တို့သည် “တစ်ဖက်နှင့်တစ်ဖက် စကားပြောဆိုမှု မရှိခဲ့ဘဲ စစ်တိုက်နေကြသည်” ဟု ထောက်ပြ ခဲ့သည်။ “ယခုအချိန်တွင် ရုရှားနှင့်ယူကရိန်းအား ညှိနှိုင်းနိုင်ရန် သံတမန်ရေးရာလုပ်ငန်းများ လုပ်ဆောင်နေပါပြီ” ဟု ၎င်းက ရှင်းပြခဲ့ပြီး “ရုရှားနှင့် ယူကရိန်းအကြား လိုလားချက်များတွင် ကြီးမားသည့် ကွာဟချက်များ ရှိနေသေးသည်” ဟု ဖော်ပြခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂