ဗြိတိန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို အမေရိကန် ကြေညာ

News Image

  • ဗြိတိန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို အမေရိကန် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗြိတိန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ကြေညာလိုက်ပါသည်။ ဤသည်မှာ အမေရိကန်၏ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများအပေါ် ထရမ့် က စည်းကြပ်ခွန်ကောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့်ချမှတ်ခဲ့ပြီးနောက် ပထမဆုံးသဘောတူညီချက်ဖြစ်ပါသည်။ ဤသဘောတူညီချက်ကြောင့် အမေရိကန်၏ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များသည် ဗြတိန်၏ ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး ဗြိတိန်တွင် ထုတ်လုပ်သည့် မော်တော်ယာဉ်များအပေါ် စည်းကြပ်ခွန်ကိုလည်း ဖြတ်တောက်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

ဒေါ်နယ်ထရမ့်သည် ကြာသပတေးနေ့ (မေ ၈) က အိမ်ဖြူတော်၌ အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။

“ထိုသဘောတူညီချက်အရ အမေရိကန်ပို့ကုန်များ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဒေါ်လာဘီလီယံပေါင်းများစွာဖြင့် ဈေးကွက်ထဲ ပိုမိုဝင်ရောက်ခွင့်ပေးမည်ဖြစ်ပြီး၊ အမေရိကန်အမဲသား၊ အီသနောနှင့် လယ်သမားကြီးများထုတ်လုပ်သည့် ထုတ်ကုန်အားလုံးနီးပါး ဈေးကွက်ထဲဝင်ရောက်မှုကို သိသိသာသာ တိုးမြင့်လာစေမည် ဖြစ်ပါသည်” ဟု ဆိုပြီး ၎င်းက အဆိုပါသဘောတူညီချက်ကို “အောင်မြင်မှု" တစ်ခုအနေဖြင့် ချီးကျူးပြောဆိုခဲ့ပါသည်။

ဗြိတိန်နိုင်ငံထုတ်မော်တော်ယာဉ်များအတွက် စည်းကြပ်ခွန်သည် နှစ်စဉ် ခွဲတမ်းအစီးရေ ၁၀၀,၀၀၀ အတွက် ၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပါသည်။ သံမဏိနှင့်အလူမီနီယံ ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုများ ဖယ်ရှားရန်လည်း နှစ်နိုင်ငံသဘောတူခဲ့ကြပါသည်။

သို့သော် ကုန်သွယ်ရေး မိတ်ဖက်များအားလုံးအပေါ် အမေရိကန်က ချမှတ်ထားသည့် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကိုမူ ဆက်လက်ထားရှိမည်ဟု ဒေါ်နယ်ထရမ့် က ပြောသည်။

ကိုးကား- MNP