ဝါရှင်တန်သည် နယူးဒေလီနှင့် အစ္စလာမာဘတ်ကြား ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ် ဟု J.D. Vance ဆို
အမေရိကန်ဒုသမ္မတ J.D. Vance က ဝါရှင်တန်သည် နယူးဒေလီနှင့် အစ္စလာမာဘတ်အကြား ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုကာ တောင်အာရှနိုင်ငံများအား တင်းမာမှုလျှော့ချရန် တိုက်တွန်းခဲ့သည်။
“မိမိတို့သည် မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိသည့် စစ်ပွဲတစ်ခုကို ဝင်ရောက် စွက်ဖက်မည်မဟုတ်ပါ” ဟု Vance က Fox News သို့ ပြောကြားခဲ့သည်။ “နျူကလီးယားစွမ်းအားရှိ နိုင်ငံများ တိုက်ခိုက်မှုများဖြစ်သည့်အခါ မိမိတို့အနေဖြင့် စိတ်ပူပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Vance က အမေရိကန်သည် အခြေအနေများတင်းမာကာ ပိုမို ကျယ်ပြန့်သော ဒေသတွင်းစစ်ပွဲ သို့မဟုတ် နျူကလီးယားပဋိပက္ခအဖြစ် မပြန့်ပွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“အခြေခံအားဖြင့် အိန္ဒိယသည် ပါကစ္စတန်အပေါ် မကျေနပ်ချက်များရှိပါသည်။ ပါကစ္စတန်ကလည်း အိန္ဒိယကို တုံ့ပြန်ခဲ့ပါသည်” ဟု ၎င်းက ဆိုသည်။
“မိမိတို့ လုပ်နိုင်သည်က အဆိုပါနိုင်ငံတွေကို တင်းမာမှုလျှော့ချရန် အားပေး တိုက်တွန်းဖို့ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်က အပစ်ရပ်ရေးအတွက် ၂ နိုင်ငံ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှုရခဲ့သော်လည်း မြေပြင်တွင် အပစ်ရပ်ရေး မဖြစ်နိုင်ဘဲ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါသည် ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အိန္ဒိယနှင့် ပါကစ္စတန်ကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုအတွက် အမေရိကန်၏ ထောက်ခံမှုကို ထပ်မံ အတည်ပြုခဲ့ပြီး ဆက်သွယ်ရေးတိုးမြှင့်ရန် ဆက်လက်ကြိုးပမ်းမှုများကို အားပေးခဲ့ပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂