အတိတ်သမိုင်းမှ သင်ခန်းစာယူရန် ရှီ၏ တိုက်တွန်းမှုကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပြောဆိုလျက်ရှိ
အတိတ်သမိုင်းမှ သင်ခန်းစာယူရန်၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်၏ စိတ်မချမ်းမြေ့ဖွယ်ရာများကို သင်ခန်းစာယူရန် တိုက်တွန်းထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်အား မကြာမီက Russian Gazette သတင်းစာ၌ ဖော်ပြခဲ့ရာ နိုင်ငံတကာ အသိုက်အဝန်းက ယင်းအား ထောက်ခံပြောဆိုလျက်ရှိသည်။ “အတိတ်သမိုင်းမှ သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့” ဟု အမည်ပေးထားသော အဆိုပါ ဆောင်းပါး၌ ရှီက ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲမှ အသိပညာ များ၊ ခွန်အားများ ရယူရန်၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အင်အားသုံး၍ လွှမ်းမိုး ခြယ်လှယ်သော နိုင်ငံရေးစနစ် ပုံစံအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင် တွန်းလှန်ရန်၊ လူသားမျိုးနွယ်တို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွတည်ဆောက်ရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းထားသည်။ နိုင်ငံအများအပြားမှ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများက ရှီ၏ အမြင်အား ထပ်လောင်းပြောဆိုလျက် မျက်မှောက်ကမ္ဘာတွင် တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အနိုင်ကျင့် ဗိုလ်ကျသည့် လုပ်ရပ်များက ပြင်းထန်သော ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သမိုင်း၏ အမှန်တရားဘက်တွင် ရပ်တည်ကာ ဘက်မလိုက်မှု၊ တရားမျှတမှုတို့ကို ထိန်းသိမ်းပြီး စစ်ပြီးခေတ် နိုင်ငံတကာ စည်းစနစ်အား အခိုင်အမာ ထိန်းသိမ်းကာကွယ်၍ လူသားမျိုးနွယ်တို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ ဖန်တီးသင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်ပြည်သူများအနေဖြင့် ဂျပန်၏ ကျူးကျော်မှုအား ခုခံတွန်းလှန်သည့်စစ်ပွဲ အောင်နိုင်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဖြစ်သကဲ့သို့ ဆိုဗီယက် ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်လည်းဖြစ်သည်။ ထိုအခါသမယတွင် ဒုတိယ ကမ္ဘာစစ်နှင့်ပတ်သက်၍ သမိုင်းကြောင်းဆိုင်ရာ မှန်ကန်သော အမြင်ကို ဆုပ်ကိုင်ထားရန် ရှီ၏ တိုက်တွန်းမှုမှာ အဓိပ္ပာယ်ပြည့်ဝ၍ ခေတ်ကာလနှင့် လျော်ညီမှုရှိသည်ဟု စိန့်ပီတာစဘတ် အစိုးရတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ အလက်ဆေး ရိုဒီယိုနော့ဗ်က ဆိုသည်။ ရှီ၏ အမည်ဖြင့် ရေးသားဖော်ပြထားသော ထိုဆောင်းပါး၌ အလေးအနက်ဖော်ပြထားသကဲ့သို့ပင် သမိုင်းကြောင်းဆိုင်ရာ အမှတ်တရနှင့် အမှန်တရားဆိုသည်မှာ မျက်မှောက်ခေတ်အား ထင်ဟပ်စေပြီး အနာဂတ်အား အလင်းပြပေးသော စေ့ဆော်မှုများပင်ဖြစ်သည်ဟု ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ထိုင်း-တရုတ် သုတေသနစင်တာ၏ ဒါရိုက်တာဖြစ်သူ Wirun Phichaiwongphakdee က ပြောကြားခဲ့သည်။ သမိုင်းအား ကာကွယ်ခြင်းမှာ အတိတ်ကာလအား အောက်မေ့ဂုဏ်ပြုသော နည်းလမ်းတစ်ခု ဖြစ်ရုံမျှမက မျက်မှောက်ကမ္ဘာတွင် ဘက်မလိုက်မှု၊ တရားမျှတမှုတို့ကိုကာကွယ်ထိန်းသိမ်းသော နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကိုးကား- Xinhua