ဖိလစ်ပိုင်၌ သက်တမ်းဝက်ကာလ ရွေးကောက်ပွဲများအတွက် ပြည်သူများ မဲပေးနေကြပြီး အထက်လွှတ်တော် ရွေးကောက်ပွဲအပေါ်အာရုံစိုက်နေကြ
ဖိလစ်ပိုင်နိုင်ငံမှ မဲဆန္ဒရှင်များသည် တနင်္လာနေ့ (မေ ၁၂) တွင် သက်တမ်း ဝက်ကာလရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပါသည်။ ဒုသမ္မတ Sara Duterte အပေါ် စွဲချက်တင်ရေးအဆိုကို စစ်ဆေးရန်ရှိနေသည့် အထက် လွှတ်တော်အတွက် ယှဉ်ပြိုင်မှုများအပေါ် ပိုမို အာရုံစိုက်နေကြသည်။
သမ္မတ၏ ၆ နှစ်သက်တမ်း ထက်ဝက်ကာလတွင် နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့် နှစ်ခုလုံး၌ သက်တမ်းဝက်ကာလရွေးကောက်ပွဲများကို ကျင်းပခြင်းဖြစ်သည်။ မဲဆန္ဒရှင်များသည် အထက်လွှတ်တော် အမတ်နေရာ ၂၄ ခု၏ ထက်ဝက်နှင့် အောက်လွှတ်တော် အမတ်နေရာအားလုံးအပြင် ဒေသန္တရအုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များနှင့် အခြားဒေသဆိုင်ရာ ရာထူးများအတွက် မဲပေးရွေးချယ်ကြသည်။
Sara Duterte နှင့် သမ္မတ Ferdinand Marcos Jr. တို့အကြား သဘောထားကွဲလွဲမှုသည် ပိုပြီးနက်ရှိုင်းလာခဲ့ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ထုတ်ပြန်သည့် ဖမ်းဝရမ်းနှင့် Sara Duterte ၏ ဖခင်ဖြစ်သူ သမ္မတ ဟောင်း Rodrigo Duterte ကို ဖမ်းဆီးခဲ့ခြင်းမျိုး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၎င်းတို့အကြား သဘောထားကွဲလွဲနေသည်။
ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်းအပါအဝင် Sara Duterte အပေါ် ဖေဖော်ဝါရီလတွင် အောက်လွှတ်တော်က စွဲချက်တင်ရေး အဆိုတင်သွင်းခဲ့သည်။
၎င်းအပေါ် စွဲချက်တင်ရေး အဆိုကို အထက်လွှတ်တော်က ဇူလိုင်လ အစောပိုင်းတွင် စတင်စစ်ဆေးရန် စီစဉ်ထားပြီး အထက်လွှတ်တော် အမတ် ၂၄ ဦးထဲမှ အနည်းဆုံး သုံးပုံနှစ်ပုံက ၎င်းတွင်အပြစ်ရှိသည်ဟု ဆုံးဖြတ်မည်ဆိုပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂