အီရန်က IAEA ကို ၎င်း၏ နျူကလီးယားစက်ရုံများသို့ ဝင်ရောက်ခွင့်မပြု
အီရန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အား ၎င်း၏နျူကလီးယားစက်ရုံများသို့ လာရောက်စစ်ဆေးခွင့်ကို တားမြစ် လိုက်ပါသည်။ တီဟီရန်အစိုးရက အေဂျင်စီအား မကြာသေးမီက အစီရင်ခံစာတွင် အချက်အလက်များကို လှည့်ဖြားဖော်ပြခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် အစ္စရေးနှင့် အမေရိကန်တို့၏ လတ်တလော တိုက်ခိုက်မှုများအတွက် အကြောင်းပြချက်ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။
အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟာမစ်ဒ် ရီဇာ ဟာဂျီဘာဘာအီက စနေနေ့ (ဇွန် ၂၈) တွင် တီဟီရန်အနေဖြင့် အကြီးအကဲ ရာဖေးလ် ဂရိုစီ အပါအဝင် IAEA တာဝန်ရှိသူများအား ၎င်း၏နျူကလီးယားစက်ရုံများကို စစ်ဆေးခွင့် ဆက်လက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အေဂျင်စီ၏ စောင့်ကြည့်ရေးကင်မရာများကိုလည်း စက်ရုံများတွင် ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အီရန်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ စောင့်ကြည့်ရေးကောင်စီ (Guardian Council) က ၎င်း၏နျူကလီးယား စက်ရုံများအတွက် လုံခြုံရေးအာမခံချက်မရမချင်း IAEA နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းရန် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲခဲ့ပြီး ယခုအခါ ထိုဥပဒေကြမ်းအား အတည်ပြုရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအီးလ် ဘက်ကာအီး က ယခုသီတင်းပတ်အစောပိုင်းက X (Twitter) တွင် IAEA ၏ အစီရင်ခံစာသည် “ဘက်လိုက်သော အစီရင်ခံစာ” ဖြစ်ပြီး အမှန်တရား ကို ဖုံးကွယ်ကာ အစ္စရေးအား အီရန်၏ နျူကလီးယားစက်ရုံများကို တရားမဝင်တိုက်ခိုက်မှုအတွက် အကြောင်းပြချက်ဖန်တီးပေးခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ၎င်းက IAEA သည် အစ္စရေးထံ အထိခိုက်မခံနိုင်သောစက်ရုံ၏ အချက်အလက်များကို လက်ဆင့်ကမ်းပေးခဲ့သည်ဟုလည်း ညွှန်းဆိုခဲ့သည်။
အဆိုပါအခြေအနေသည် အီရန်နှင့် အနောက်နိုင်ငံများအကြား နျူကလီးယားသဘောတူညီချက် (JCPOA) ပြန်လည်အသက်သွင်းရေး ဆွေးနွေးမှုများကို ပိုမိုရှုပ်ထွေးစေနိုင်ပြီး ဒေသတွင်း တင်းမာမှုကို ပိုမို မြင့်တက်စေနိုင်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂