IAEA အကြီးအကဲအား သေဒဏ်ပေးရန် အီရန်မှ တောင်းဆိုမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ရှုတ်ချ

News Image

  • IAEA အကြီးအကဲအား သေဒဏ်ပေးရန် အီရန်မှ တောင်းဆိုမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ရှုတ်ချ

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ ရာဖေးလ် ဂရိုစီအား သေဒဏ်ပေးရန် အီရန်နိုင်ငံတွင်း တောင်းဆိုမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြင်းပြင်း ထန်ထန် ရှုတ်ချလိုက်သည်။

အီရန်သတင်းစာ Kayhan က ဂရိုစီအား အစ္စရေးအတွက် သူလျှို လုပ်သည်ဟု စွပ်စွဲကာ အကယ်၍ ၎င်းသည် အီရန်နိုင်ငံအတွင်းသို့ ဝင်ရောက် လာပါက အပြစ်ပေးခံရမည်ဖြစ်ပြီး သေဒဏ်ပေးသင့်ကြောင်း အဆိုပြု ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

“IAEA ၏ အကြီးအကဲ ဂရိုစီအား ဖမ်းဆီးပြီး သေဒဏ်ပေးရန် အီရန်မှ တောင်းဆိုမှုများသည် လက်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် ရှုတ်ချသင့်သည်” ဟု ရူဘီယိုက စနေနေ့ (ဇွန် ၂၈) တွင် X (တွစ်တာ) တွင် ရေးသားခဲ့သည်။

“မိမိတို့သည် အီရန်ရှိ IAEA ၏ အရေးကြီးသော စိစစ်စောင့်ကြည့်ရေး လုပ်ငန်းများကို ထောက်ခံပြီး အကြီးအကဲနှင့် IAEA တို့၏ အနစ်နာခံမှုနှင့် ကျွမ်းကျင်ပညာရှင်ဆန်မှုတို့ကို အသိအမှတ်ပြုသည်။ အီရန်အနေဖြင့်IAEA ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန် မိမိတို့ အနေဖြင့် တိုက်တွန်းပါသည်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အီရန်လွှတ်တော်က IAEA နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းရန် ဆန္ဒမဲပေးခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေး ဝန်ကြီး Abbas Araghchi က IAEA အကြီးအကဲ ရာဖေးလ် ဂရိုစီအား အီရန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ် ဟု ကြေညာခဲ့သည်။

RT သတင်းဌာနနှင့် စနေနေ့ (ဇွန် ၂၈) တွင် ပြုလုပ်သော တွေ့ဆုံ မေးမြန်းမှုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က အီရန်ပြည်သူများသည် အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်၏ နျူကလီးယားစက်ရုံများကို မကြာသေးမီက ဗုံးကြဲတိုက်ခိုက်မှုများကိုIAEA ၏ ထုတ်ပြန်ရပ်တည်မှုများအတွက် အမျက်ထွက်နေကြောင်း ပြောကြား ခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂