ပါကစ္စတန်၏ အကြမ်းဖက်စွပ်စွဲချက်များကို အိန္ဒိယက ပြတ်ပြတ်သားသား ငြင်းဆို
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြောက်ပိုင်း Waziristan ခရိုင်တွင် ဇွန် ၂၉ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ကိုင်အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတွင် အိန္ဒိယက ပါဝင် ပတ်သက် နေကြောင်း ပါကစ္စတန်၏စွပ်စွဲချက်ကို “မဟုတ်မမှန်သော လုပ်ကြံ စွပ်စွဲချက်ဖြစ်သည်” ဟု အိန္ဒိယက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။ အဆိုပါဖြစ်စဉ်သည် ကားဗုံးခွဲ တိုက်ခိုက်မှုအပြီး ပါကစ္စတန်မှ အိန္ဒိယ အပေါ် အကြမ်းဖက်မှုအားအားပေးသည်ဟု စွပ်စွဲချက်နှင့် တိုက်ရိုက် ဆက်စပ်နေသည်။
အဆိုပါတိုက်ခိုက်မှုတွင် သေနတ်သမားတစ်ဦးသည် ပါကစ္စတန် စစ်ဘက် ဆိုင်ရာယာဉ်တန်းအား ကားဗုံးခွဲတိုက်ခိုက်မှုမပြုမီ သေနတ်ဖြင့် ပစ်ခတ် ခဲ့မှုကြောင့် စစ်သား ၁၃ ဦးသေဆုံးခဲ့ပြီး ကလေး ၂ ဦးအပါအဝင် အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန် ခဲ့သည်။ အစောပိုင်းတွင် အရပ်သား ၂၉ ဦးဒဏ်ရာရခဲ့ကြောင်း AFP သတင်း ဌာနက အာဏာပိုင်များ၏ထုတ်ပြန်ချက်ကိုကိုးကား၍ ဖော်ပြခဲ့သည်။
ဖြစ်စဉ်အပြီး နာရီပိုင်းအတွင်း ပါကစ္စတန်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေး ဌာန (ISPR) မှ ထုတ်ပြန်ချက်တွင် အိန္ဒိယသည် အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုနေကြောင်း စွပ်စွဲခဲ့သည်။ “အိန္ဒိယ အကြမ်းဖက် နိုင်ငံတော်မှ စီစဉ်ပြီး ၎င်း၏ လက်ဝေခံအင်အားစု ‘Fitna al Khwarij' မှ အကောင်အထည်ဖော်ခဲ့သည့် ကြောက်ရွံ့ဖွယ်ရာတိုက်ခိုက်မှုတွင် မြောက်ပိုင်း Waziristan ခရိုင် Mir Ali ဒေသတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ယာဉ်တန်း ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်” ဟု စွပ်စွဲခဲ့သည်။
ထို့အပြင် ထုတ်ပြန်ချက်တွင် “ပါကစ္စတန်၏လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံတော်နှင့်အတူ အိန္ဒိယမှအားပေးသော အကြမ်းဖက်ဝါဒကို အပြီးသတ် ရှင်းလင်းရန် ခိုင်မာစွာရပ်တည်နေပြီး မိမိတို့၏ရဲမက်စစ်သည်များနှင့် အပြစ်မဲ့အရပ်သားများ၏ အသက်စွန့်ပေးဆပ်မှုများကို နိုင်ငံတော်မှ အလေးထားတန်ဖိုးထားကာ ကာကွယ်စောင့်ရှောက်ရန် မိမိတို့၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ပိုမိုအားဖြည့်ပေးလျက်ရှိသည်” ဟု ဖော်ပြ ထားသည်။
စစ်ဦးစီးအရာရှိချုပ် Field Marshal Syed Asim Munir သည် Khyber Pakhtunkhwa ပြည်နယ်၏မြို့တော် Peshawar ရှိ စစ်ဌာနချုပ်သို့ သွားရောက်ကာ လက်ရှိလုံခြုံရေးအခြေအနေနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြမှုများအား ပြန်လည် သုံးသပ် လမ်းညွှန်မှုပြုခဲ့ကြောင်း ဖော်ပြထားသည်။
သတင်းမီဒီယာများ၏ ဖော်ပြမှုများအရ ပါကစ္စတန်အခြေစိုက် တာလီဘန် အုပ်စုခွဲ “Hafiz Gul Bahadur” က အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သိရှိရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂