တောင်အာဖရိကမှ လူဖြူနိုင်ငံရေးခိုလှုံခွင့်တောင်းသူများ အမေရိက ကို ပထမအသုတ် ရောက်ရှိ

News Image

  • တောင်အာဖရိကမှ လူဖြူနိုင်ငံရေးခိုလှုံခွင့်တောင်းသူများ အမေရိက ကို ပထမအသုတ် ရောက်ရှိ

တောင်အာဖရိကနိုင်ငံရှိ လူနည်းစုဖြစ်သည့် လူဖြူများသည် ပြည်တွင်း၌ လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် လူဖြူလယ်သမားများကို ခွဲခြားဆက်ဆံခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်များ ပေါ်လာပြီးနောက် ဝါရှင်တန်အစိုးရက နိုင်ငံရေးခိုလှုံခွင့်တောင်းသည့် လူဖြူများကို လက်ခံလိုက်ပြီး မေ ၁၂ ရက်နေ့တွင် ပထမဆုံး အသုတ် အမေရိကသို့ ရောက်ရှိလာသည်ဟု သိရပါသည်။ ထရမ့်စွပ်စွဲထားသကဲ့သို့ လူနည်းစု လူဖြူများကို ခွဲခြားဆက်ဆံသည်ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း တောင်အာဖရိကအစိုးရက ငြင်းဆိုထားပါသည်။ 

အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိများသည် ကလေးငယ်များ အပါအဝင် လူ ၅၉ ဦးအား ဝါရှင်တန်ဒီစီမြို့ အပြင်ဘက်လေဆိပ်ရှိ ခန်းမတစ်ခုတွင် ကြိုဆိုခဲ့ကြပြီး “သင်တို့အားလုံးကို ဒီနေရာကနေ ကြိုဆိုပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သင်တို့ကြုံတွေ့ခဲ့ရသည်များကို ကိုယ်ချင်းစာပါသည်” ဟု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါသည်။ “အဆိုပါလူအများစုသည် ၎င်းတို့၏အိမ်များ၊ လယ်ယာများကို ကျူးကျော်ခံရခြင်းနှင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ခဲရသည့်သူများပါ။ ထိုအကြောင်းအရာများကို တောင်အာဖရိက အစိုးရက လုံးဝစိတ်မဝင်စားခဲ့ဘဲ လစ်လျူရှုခံနေရသည့် သူများပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

ဒတ်ခ်ျကိုလိုနီနယ်ချဲ့များ၏ သားမြေးများဖြစ်သည့် လူဖြူဦးရေ ၇ %  ခန့် သည် တောင်အာဖရိကတွင် နေထိုင်လျက်ရှိသည်။ အမေရိကန်အစိုးရသည် ယခင်ကလည်း လူဖြူ မိသားစု ၅၄ ဦးကို နိုင်ငံရေး ခိုလှုံခွင့်ပေးခဲ့ဖူးသည်။ ထရမ့်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် တောင်အာဖရိက လူဖြူများအတွက် လျင်မြန်သောလမ်းကြောင်းပေါ်မှ နိုင်ငံသားဖြစ်ရေး ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါသည်။ “ဘာကြောင့်လဲဆို ၎င်းတို့ အသတ်ခံနေရသည်။ လူတွေ အသတ်ခံရသည်ကို မိမိတို့အနေဖြင့် မမြင်လိုပါ” ဟု ဆိုပါသည်။ “ထိုကိစ္စကို လူမျိုးတုံးသတ်ဖြတ်မှုတစ်ခုဟု မသတ်မှတ်ချင်သော်လည်း ဖြစ်ပျက်နေသည့်ကိစ္စက ကြောက်စရာကြီးပါ”ဟုလည်း ဆိုပါသည်။ တောင်အာဖရိကတွင် “လူဖြူလူမျိုးတုံး သတ်ဖြတ်မှု” နှင့်ပတ်သက်၍ ထရမ့်၏ ပြောဆိုချက်သည် ပရီတိုးရီးယားမြို့တွင် မွေးဖွားခဲ့သော ၎င်း၏မဟာမိတ် ဘီလီယံနာ အီလွန်မက်၏ စကားကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ 

တောင်အာဖရိကသမ္မတက ထရမ့်၏ စွပ်စွဲချက်များကို “လုံးဝမှားယွင်းသော စွပ်စွဲချက်များဖြစ်သည်” ဟု ဆိုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးက “တောင်အာဖရိကလူဖြူများ အထူးသဖြင့် လယ်သမားများဖြစ်သည့် လူဖြူများကို နှိပ်စက်ညှဉ်းပန်းမှု ရှိသည်ဆိုသည်မှာ လုံးဝမရှိပါ” ဟု ဆိုထားပါသည်။

ကိုးကား- MNP