အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်၏ အဆောက်အအုံသစ် ဆောက်လုပ်မှုကို ဂျပန်ကန့်ကွက်
အရှေ့တရုတ်ပင်လယ်တွင်း နှစ်နိုင်ငံအကြား အလယ်မျဉ်းအနီး၌ တည်ဆောက်မှုအသစ်တစ်ခုကို တွေ့ရှိပြီးသည့်နောက် ဂျပန်က တရုတ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါသည်။
တရုတ်သည် အဆိုပါမျဉ်း၏ တရုတ်ဘက်အခြမ်း၌ တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့ခြင်းကို အတည်ပြုခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (မေ ၁၃) တွင် ပြောခဲ့ပါသည်။
ဂျပန်နှင့် တရုတ်အစိုးရတို့သည် အဆိုပါနေရာ၌ သဘာဝဓာတ်ငွေ့သိုက်များကို ပူးတွဲထုတ်လုပ်ရန် ၂၀၀၈ ခုနှစ်တွင် သဘောတူညီခဲ့ကြသော်လည်းသဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်နေချိန်တွင် တရုတ်နိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် အိုးရှင်းနီးယားရေးရာဗျူရို ညွှန်ကြားရေးမှူးချုပ် Kanai Masaaki က တရုတ်၏ တစ်ဖက်သတ်တည်ဆောက်မှုများသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဂျပန် နိုင်ငံရှိ တရုတ်သံရုံး တာဝန်ရှိသူတစ်ဦးကို ပြောဆိုခဲ့ပါသည်။
၂၀၀၈ ခုနှစ် သဘောတူညီချက်ကိုအခြေခံပြီး တရုတ်အစိုးရအနေဖြင့် စေ့စပ်ညှိနှိုင်းရေးစားပွဲကို အမြန်ပြန်လာရန် မစ္စတာ Kanai က တောင်းဆိုခဲ့ပါသည်။
အဆိုပါအဆောက်အအုံသည် တရုတ်က တည်ဆောက်သည့် ၁၉ ခု မြောက် အဆောက်အအုံ ဖြစ်လာမည်ဟု အဆိုပါဝန်ကြီးဌာနက ပြောပါသည်။
ကိုးကား-NHK World