ကရင်မလင်က ယူကရိန်းနှင့် ဆွေးနွေးရန် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ကြေညာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့ (မေ ၁၄) ညပိုင်းတွင် ယူကရိန်းနှင့်ဆွေးနွေးရန် ရုရှားကိုယ်စားလှယ်အဖွဲ့ကို သတ်မှတ်ကြေညာခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို မေ ၁၅ တွင် အစ္စတန်ဘူလ်မြို့၌ ကျင်းပရန် စီစဉ်ထားသည်။
အဖွဲ့ကို သမ္မတ၏ အကြံပေးအရာရှိ Vladimir Medinsky ဦးဆောင် မည်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်က ကိယက်ဗ်နှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် မော်စကိုဘက်မှ ဦးဆောင်ခဲ့သူဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin၊ ဒုတိယကာကွယ်ရေး ဝန်ကြီး Aleksandr Fomin နှင့် ရုရှားစစ်ရေး ထောက်လှမ်းရေး အကြီးအကဲ Igor Kostyukov တို့လည်း ပါဝင်သည်။
ဆွေးနွေးပွဲတွင် တိုက်ရိုက်ပါဝင်မည့် ကိုယ်စားလှယ်များအပြင် ပါဝင် ကူညီမည့် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုကိုလည်း ပူတင်က ဖော်ပြခဲ့သည်။ ၎င်းတွင် အကြီးတန်းစစ်ဘက်နှင့် အရပ်ဘက်အရာရှိများ၊ သံတမန်များ ပါဝင်သည်။
ထိုနေ့အစောပိုင်းက ယူကရိန်းမီဒီယာများက သမ္မတ ဗလာဒီမာ ဇီလန်စကီး သည် ၎င်း၏ ရုံးအဖွဲ့အကြီးအကဲ Andrey Yermak၊ ကာကွယ်ရေးဝန်ကြီး Rustem Umerov နှင့် နိုင်ငံခြားရေးဝန်ကြီး Andrey Sibiga တို့နှင့်အတူ အစ္စတန်ဘူလ်သို့ သွားရောက်မည်ဟု ဖော်ပြခဲ့သည်။ သို့သော် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်မည့် အဖွဲ့ဝင်များကို ဇီလန်စကီးက အမြန်ဆုံး ဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂